ချင်းလူငယ် (၆) ဦးကို ထောင်ဒဏ် (၄) နှစ်ခွဲစီ အမိန့်ချမှတ်မှု မတူပီတွင် ဆန္ဒဖော်ထုတ်မည်

ချင်းလူငယ် (၆) ဦးကို ထောင်ဒဏ် (၄) နှစ်ခွဲစီ အမိန့်ချမှတ်မှု မတူပီတွင် ဆန္ဒဖော်ထုတ်မည်

ချင်းပြည်နယ် မတူပီမြို့ ဗိုလ်တိုက်ချွန်းအားကစားကွင်းတွင် ယခုနှစ် ဖေဖော်ဝါရီလ (၂၀) ရက်နေ့က ကျင်းပပြုလုပ်သော (၇၁) နှစ်မြောက် ချင်းအမျိူးသားနေ့ပွဲတော်၌ ပြည်သူတစ်ချိူ့နှင့် ရဲတပ်ဖွဲ့အကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ချင်းလူငယ် (၆) ဦးကို ထောင်ဒဏ် (၄) နှစ်ခွဲစီချမှတ်လိုက်သည့်အပေါ် မတူပီမြို့ ပြည်သူလူထုက အောက်တို ဘာလ (၂၉) ရက်နေ့တွင် ဆန္ဒဖော်ထုတ်ကြမည်ဟု သိရသည်။

အဆိုပါရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုကြောင့် မတူပီမြို့မှ ကိုအာဘောင်း (၂၃နှစ်)၊ ကိုဆောမ့်ထန် (၁၉နှစ်)၊ ကိုထန်ထဲန် (၂၅နှစ်) တတိယနှစ် (သမိုင်း) ၊ ကိုဗျက်ထန် (၂၃)၊ ကိုထက်နိုင်ဦး (၁၉နှစ်) ပထမနှစ် (သမိုင်း) နှင့် ကိုရိန်ဆန်းလျန် (၂၁နှစ်)တို့ (၆) ဦးကို ပြီးခဲ့သည့် အောက်တိုဘာလ (၁၀) ရက်နေ့က မတူပီမြို့နယ်တရားရုံးမှ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေပုဒ်မ ၆(၁)၊ ဝတ္တရားဆောင်ရွက်နေသည့် ပြည်သူ့ဝန်ထမ်းများကို ထိခိုက်နာကျင်စေမှု (ပုဒ်မ၃၃၂)၊ သူတစ်ပါးအားနာကျင်စေမှု (ပုဒ်မ ၃၂၃)၊ သူတစ်ပါးအကျိူးဖျက်ဆီးမှု (ပုဒ်မ၄၂၇) စသည့်ပုဒ်မတို့ဖြင့် ထောင်ဒဏ် (၄ နှစ်ခွဲ) စီကျခံစေရန် အသီးသီးအမိန့် ချမှတ်ခဲ့ခြင်းဖြစ်သည်။

မတူပီမြို့နယ်တရားရုံးအနေဖြင့် ယခုကဲ့သို့ ချင်းလူငယ်များအပေါ် ကြီးလေးသော အပြစ်ဒဏ်ချမှတ်မှုကို ပြန်လည်စဉ်းစားပေးရန် သက်သက်ညှာညှာလုပ်ဆောင်ပေးရန် တောင်းဆိုသည့်အနေဖြင့် ဆန္ဒဖော်ထုတ်ကြမည်ဟု ချင်းလူငယ်အဖွဲ့အစည်း (မတူပီ) အတွင်းရေးမှူးဆလိုင်းထန်အုပ်ကပြောသည်။

“ ဒီကိစ္စမှာတော့ ကလေးတွေက တရားခံအစစ်လည်းမဟုတ်သလို တရားခံပါလို့လည်းပြောလို့မရဘူး စခန်းမှူးက တရားလိုလုပ်တယ် သူ့ရဲငယ်သားရဲတွေကဘဲ သက်သေလုပ်ပေးတယ် တရားရုံးကနေအတည်ပြုပြီးတော့ ထောင်ဒဏ်ချမှတ်လိုက်တယ် မိဘတွေအနေနဲ့က ဒီလောက်ထိကျခံမယ်လို့မမျှော်လင့်ကြဘူး ကိုယ့်အမျိူးသားနေ့လည်း ဖြစ်တဲ့အခါကျတော့ အဲဒီမှာ တက္ကသိုလ်တက်နေတဲ့သူ (၂) ယောက်ရှိတယ် ဆယ်တန်းဖြေထားတဲ့သူ ၂ ယောက်ရှိတယ် ဒါကြောင့် တရားတာမတရားတာကိုပြောတာမဟုတ်ဘဲနဲ့ တရားစီရင်တဲ့အပေါ် သက်ညှာပေးဖို့ ပြစ်ဒဏ်ကိုပြန်ပြီးတော့ ပြင်ဆင်ပေးဖို့ အသနားခံဆန္ဒဖော်ထုတ်မှာပါ’’ ဟု ဆလိုင်းထန်အုပ်ကပြောသည်။

မတူပီမြို့ ချင်းအမျိူးသားနေ့ပွဲတော် ညပိုင်းဖျော်ဖြေရေးအစီစဉ်ပြီးခါနီးတွင် လူငယ်အချင်းချင်းအကြား ခိုက်ရန်ဖြစ်ပွားမှုတစ်ချိူ့ ဖြစ်ပွားမှုအပေါ် လုံခြုံရေးတာဝန်ယူထားသည့် ရဲတပ်ဖွဲ့များကိုင်တွယ်ဖြေရှင်းမှုအပေါ် မကျေမနပ်ဖြစ်ကာ ရဲတပ်ဖွဲ့နှင့် လူငယ်ထုအကြား ရုန်းရင်းဆန်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မတူပီမြို့မှ ရပ်ကွက်လူကြီးတစ်ဦးကပြောသည်။

“ ကိုယ့်အမျိူးသားနေ့ပွဲဆိုတော့ လူငယ်သဘာဝအတိုင်း မူးကြတာပေါ့ဗျာ အဲဒီမှာအချင်းချင်းရန်ပွဲလေးတွေဖြစ်တယ် ဒါပေမယ့် လုံခြုံရေးယူထားတဲ့ရဲတပ်ဖွဲ့တွေရဲ့ ဖြေရှင်းတဲ့ပုံက နည်းနည်းကြမ်းတယ် လက်ကိုင်တုတ်တွေနဲ့ရိုက်တယ်၊ တချိူ့ဆိုသွေးတွေထွက်တယ်လေ နောက်ပိုင်းမှာအခြေအနေတဖြည်းဖြည်းဆိုလာတော့ ရာဘာကျည်ဆံနဲ့ ပစ်ခတ်တဲ့အဆင့်ထိဖြစ်လာတယ် ထိခိုက်ဒဏ်ရာရတဲ့သူလည်းရှိခဲ့တယ်’’ ဟု အဆိုပါရပ်ကွက်လူကြီးကပြောသည်။

အဆိုပါ ရုန်းရင်းဆန်ခတ်မှုတွင် ရဲကားတစ်စီးနှင့် အရပ်ကားတစ်စီးကားမှန်ကွဲမှုဖြစ်ပွားခဲ့သော်လည်း မိသားစုဝင်များမှ အသစ်ပြန်လည်ပြုပြင်ပေးခဲ့သည်ဟုသိရသည်။

ထောင်ဒဏ်အသီးသီးကျမှတ်ခံရသည့် လူငယ် (၆) ဦးတို့သည် အခင်းဖြစ်ပွားသည့်ညတွင် အဖမ်းခံရခြင်းမဟုတ်ဘဲ နောက်တစ်နေ့မှသာ ၎င်းတို့နေအိမ်တွင် ရဲတပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးခြင်းဖြစ်သည်ဟု သိရသည်။

၎င်းတို့ကို အာမခံမပေးဘဲ မတူပီရဲစခန်းတွင် ချူပ်နှောင်ကာ တရားရင်ဆိုင်စေခဲ့သည်ဟု သိရသည်။

တရားစီရင်သည့်နေရာတွင် လည်း အရပ်ဘက်ပြည်သူများဘက်မှ သက်သေအဖြစ်ထွက်ဆိုသူမရှိခဲ့ကြောင်း တရားလိုရဲဝန်ထမ်းများ၏ ထွက်ဆိုချက် အပေါ်မှာအခြေခံပြီး အမိန့်ချမှတ်ခြင်းဖြစ်သည်ဟု သိရသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...