ချင်းပြည်နယ် ဟားခါးမြို့မှာ အခြေစိုက်နေသည့် ရုန်းကုမ္ပဏီမှ အလုပ်အကိုင် ကျွမ်းကျင်သည့် ချင်းလူငယ်များ အား ၎င်းကုမ္ပဏီက လုပ်ငန်းဆောင်ရွက်နေသည့် ဆောက်လုပ်ရေး လုပ်ငန်းများတွင် အလုပ် ခေါ်ယူနေကြောင်း သိရသည်။
“ကျတော့ ကုမ္ပဏီမှာ ဒေသခံ ချင်းလူငယ်များက အလုပ်လျှောက်နိုင်တယ်။ အဆောက်အဦး ဆောက်လုပ်တဲ့ လုပ်ငန်းနဲ့ လျှပ်စစ် သွယ်တန်းရေးလုပ်ငန်းတတ်မြောက်တဲ့ သူတွေကို ခန့်မှာဖြစ်တယ်။ ပြီးတော့ ချင်းလူငယ် တွေဟာ လုပ်ငန်းကျွမ်းကျင်မှု အားနည်းနေတဲ့အတွက် အလုပ်ကြိုးစားတဲ့ သူ၊ လုပ်ငန်း တတ်ကျွမ်းလိုတဲ့ လူငယ် တွေကိုလည်း ခန့်မှာပါ” လို့ ရုန်းကုမ္ပဏီပိုင်ရှင် ဦးချွမ်လိန်းက ခိုနုမ်းသုန်သတင်းဌာနကို ပြောဆိုခဲ့သည်။
ပြည်ထောင်စု အစိုးရက ချင်းပြည်နယ်အတွက် ချမှတ်ပေးထားသည့် လုပ်ငန်းများကို ချင်းလူမျိုးများက အတတ်နိုင်ဆုံး လုပ်ဆောင်နိုင်ဖို့ အခွင့်အလမ်းဖန်တီးပေးသည့်အနေဖြင့်သော်လည်းကောင်း ချင်းပြည်နယ် အတွင်းရှိ မည်သည့်လုပ်ငန်းတွင်မဆို ချင်းလူမျိုးများ ကိုယ်တိုင် လုပ်ဆောင်နိုင်ရန် လိုအပ်ကြောင်း၊ ထို့ကြောင့် ရုန်းကုမ္ပဏီအနေဖြင့် ဒေသခံ လူငယ်များကို ဦးစားပေး အလုပ်ခန့်အပ်ခြင်းဖြစ်ကြောင်း ရုန်းကုမ္ပဏီ ပိုင်ရှင်က ဆိုပါသည်။
ရုန်းကုမ္ပဏီသည် ဟားခါးမြို့တွင် ဆောက်လုပ်နေသည့် ချင်းပြည်နယ် အမျိုးသားအားကစားရုံကို အလုပ်သမား ၂၀၀ နီးပါးရှိသည့်အနက် ချင်းလူငယ် အယောက် ၁၀၀ ကျော်ဖြင့် ဆောက်လုပ်နေပါသည်။
ချင်းလူငယ်များသည် အလုပ်အကိုင်ကျွမ်းကျင်မှုပိုင်း အားနည်းနေသေးသည့်အတွက် ပြည်မမှ ရောက်ရှိလာသည့် အလုပ်သမားနှင့်အတူ လုပ်ငန်းများတွဲပြီး လုပ်ကိုင်စေခြင်းဖြင့် အလုပ်ကျွမ်းကျင်မှု ပိုမိုရရှိလာကြောင်း သိရသည်။
“ပြည်ထောင်စု အစိုးရကနေ ချင်းလူမျိုးတွေ အစစအရာရာမှာ တိုးတက်လာဖို့ လုပ်ငန်းဖန်တီး ပေးတာဖြစ်တယ်။ ဒါတွေကို ချင်းလူမျိုးတွေ ကိုယ်တိုင်က အကောင်းဆုံးဖြစ်အောင် လုပ်နိုင်ဖို့ လိုတယ်၊ ပြည်မ ကနေတက်လာတဲ့ အလုပ်သမားတွေတော့ အလုပ်ကျွမ်းကျင်တယ်ဆိုတော့ ဒေသခံလူငယ်တွေနဲ့ ရောပြီး လုပ်ခိုင်းတယ်။ အဲလိုလုပ်ခိုင်းမှ ပန်းရံလုပ်ငန်း၊ လျှပ်စစ်သွယ်တန်းတဲ့လုပ်ငန်းတွေ ကျွမ်းကျင်လာမှာဖြစ်တယ်” ဟု ဦးချွမ်လိန်းက ပြောသည်။
အလုပ်ရှင်နှင့် အဆက်အသွယ်လုပ်ပြီး ပညာတတ်လူငယ်တွေကို အလုပ်အကိုင် အခွင့်အလမ်းရရှိဖို့ လုပ်ဆောင်ဖို့လိုကြောင်း၊ အစိုးရ စက်မှုလက်မှု သိပ္ပံကျောင်းအနေနဲ့ အလုပ်ရှင်တွေ ကိုဖိတ်ခေါ်နေကြောင်း ယခုအချန်အထိ ချင်းပြည်နယ် ဟားခါးမြို့မှာ ကုမ္ပဏီတွေနဲ့ ဆက်သွယ်မှု မရရှိ သေးကြောင်း ဟားခါးမြို့ရှိ အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းက ကျောင်းအုပ်ကြီး ဦးတလွန်ဇထန်းက ဆိုသည်။
၂၀၁၉ ခုနှစ် မေလမှ စတင်ဆောက်လုပ်သည့် အမျိုးသား အားကစားရုံကို လာမည့် နိုဝင်ဘာလတွင် အပြီး ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရုန်းကုမ္ပဏီသည် အဆောက်အဦးလုပ်ငန်းများကို အဓိက လုပ်ကိုင်နေသည့် ကုမ္ပဏီဖြစ်သည်။
ယင်းကုမ္ပဏီတွင် အလုပ်အကိုင်ရရှိလိုသူ ချင်းလူငယ်များကို ဖိတ်ခေါ် နေကြောင်း ကုမ္ပဏီပိုင်ရှင်က ဆိုပါသည်။







