ဟားခါးမြို့တွင်း ယာဉ်ရပ်နားခနှင့် ညအိပ်ခွန်ကောက်ခံသည့်အပေါ် ဝေဖန်မှုရှိနေ

ဟားခါးမြို့တွင်း ယာဉ်ရပ်နားခနှင့် ညအိပ်ခွန်ကောက်ခံသည့်အပေါ် ဝေဖန်မှုရှိနေ

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် ပြီးခဲ့သည့်အောက်တိုဘာလ (၁) ရက်နေ့ကစ၍ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ယာဉ်ရပ်နားခနှင့် ညအိပ်ခွန်ကောက်ခံနေသည့်အပေါ် ပြည်သူလူထုအကြား ကန့်ကွက်ဝေဖန်မှုတစ်ချိူ့ရှိ နေသည်ဟု သိရသည်။

ဟားခါးမြို့တွင်း ယာဉ်ရပ်နားခကောက်ခံသည့် မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ စီမံချက်သည် ယခုလောလော ဆယ်တွင် အသင့်တော်သေးကြောင်း ဟားခါးလူငယ်ခေါင်းဆောင်တစ်ဦး ဆလိုင်းဗန်ကျင်းထန်ကပြောသည်။

“လောလောဆယ်အခြေအနေအရတော့မဖြစ်သင့်ဘူး ဘာဖြစ်လို့လဲဆိုတော့ ဟားခါးမြို့မှာ ပြောရမယ်ဆိုလို့ရှိရင် စည်ပင်ကလည်း ကားပါကင်ကို သီးသန့်ထားထားပေးတာမရှိဘူး နောက်တစ်ချက်က ကားကြီးတွေကို ယူထားတာကတစ်မျိုးပေါ့လေ ဒါပေမဲ့ အိမ်စီးကားတွေက သူတို့အိမ်ဘေးနားမှာ လမ်းမကြီးဘေးမှာရှိ တဲ့သူတွေအတွက်တော့ ဘယ်မှာကားထားရမလဲပေါ့ တကယ်တန်း ကတ္တရာလမ်းမှာ မထားဘူးဆို့ရှိရင်တော့ မကောက်သင့်ဘူးပေါ့ ကတ္တရာလမ်းပေါ်မှာ မရှိတဲ့သူတွေလည်း ကောက်တယ်ဆိုတော့ မကောက်သင့်ဘူး လို့တော့ယူဆမိတယ် ကျနော့်အမြင်နဲ့ပေါ့” ဟု ဆလိုင်းဗန်ကျင်းထန်ကပြောသည်။

ချင်းပြည်နယ် ဟားခါးမြို့တွင်း ယာဉ်သွားလာမှု ချောမွေ့စေရန်နှင့် ယာဉ်မတော်တဆမှုလျော့ချစေရန်အတွက် သတ်မှတ်ထားသည့် လမ်းမပေါ်တွင် ယာဉ်ရပ်နားခြင်းများကို အောက်တိုဘာလ (၁) ရက်နေ့က ယာဉ်ရပ်နားခ စတင်ကောက်ခံခဲ့ခြင်းဖြစ်သည်။

စည်ပင်သာယာရေးဌာန၏ အမိန့်ကြော်ငြာစာအရ ဟားခါးမြို့ ပြည်တော်သာရပ်ကွက်၊ ဂန့်ဂေါ်လမ်းရှုခင်းသာမှ၊ ပြည်နယ်လမ်းဦးစီးဌာန ရုံးထိ၊ ပြည်နယ်လမ်း ဦးစီးဌာနရုံးမှ လမ်းဆုံထိ၊ လမ်းဆုံမှ အစိုးရအဖွဲ့ရုံးထိ၊ အစိုးရအဖွဲ့ရုံးမှ ထန်တလန်လမ်းခွဲထိနှင့် ထန်တလန်လမ်းခွဲမှ ဟားခါထာရ် (၆) လမ်းဆုံးထိကို လမ်းဘေးရပ်ထားသော ယာဉ်များကို တစ်ညလျှင် ကားကြီး၊ ကားလတ် တစ်စီး ညအိပ်ခွန် ငွေကျပ် – ၁၅၀၀ နှုန်း၊ ကားလေးတစ်စီး ညအိပ်ခွန် ငွေကျပ်- ၁၀၀၀ နှုန်း၊ နေ့ခင်းကောက်ခံရန် သတ်မှတ်သည့် နေရာတိုင်း ကားကြီး ၊ ကားလတ်၊ ကားလေး တစ်စီးလျှင် ငွေကျပ် – ၂၀၀ နှုန်းနှင့် မော်တော်ဆိုင်ကယ် တစ်စီးလျှင် ငွေကျပ်- ၅၀ နှုန်းဖြင့်ကောက်ခံသွားမည်ဖြစ်ကြောင်းသိရသည်။

ဟားခါးမြို့တွင် နေ့စဉ်နှင့်အမျှ မော်တော်ယာဉ်များ တိုးများလာပြီး လမ်းတာထပ်ချဲ့နိုင်ရန်မဖြစ်နိုင်ခြင်းကြောင့်

ပြည်သူတွေဘက်မှ ယာဉ်စစ်နစ်တကျ ရပ်နားတတ်ရန်အတွက် ယာဉ်ရပ်နားခများ ကောက်ခံနေရခြင်းဖြစ်ကြောင်း စည်ပင်အမှုဆောင်အရာရှိ ဦးတမ်အောင်ရှိန်းကပြောသည်။

“ကျနော်တို့ ဟားခါးသည် လမ်းကကျယ်သည်ယောင်ရှိသော်လည်း ကျဉ်းတယ် ဘာလို့လဲဆိုတော့ နေ့စဉ်နဲ့အမျှ တိုးတက်လာတယ် လစဉ်နဲ့အမျှတိုးတက်လာတယ် မော်တော်ယာဉ်တွေရဲ့အရေအတွက်အရ ကျနော်တို့လမ်းက တဖြည်းဖြည်းပိုပိုကျဉ်းလာတဲ့သဘောဖြစ်တယ် ကျနော်တို့လမ်းတာထပ်ချဲ့ဖို့လည်း ဘယ်လိုမှမဖြစ်နိုင်ဘူး ဘာကြောင့်လဲဆိုရင် ကျနော်တို့ကတောင်ပေါ်မြို့ကိုးဆိုတော့ အဲဒါလမ်းတာထပ်ချဲ့မယ်ဆိုရင် ရှိသမျှအိမ်တွေဖျက်ဖို့ပဲရှိမယ် ဟိုးအရင်အဆက်ဆက်ကနေ ကျနော်တို့လူကြီးတွေကနေ ချဲ့နိုင်သမျှလမ်းတာချဲ့ပြီးပြီ ထပ်ချဲ့စရာမရှိတော့ဘူး ဆိုတော့ကျနော်တို့ဘက်က ယာဉ်စနစ်တကျရပ်နားတတ်ဖို့ ကျနော်တို့မှာတာဝန်ရှိတယ် ဒီအပေါ်မှာဆောင်ရွက်ခြင်းဖြစ်ပါတယ်” ဟု ဦးတမ်အောင်ရှိန်းကပြောသည်။

မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ယာဉ်ရပ်နားခကောက်ခံမှုသည် တဖက်မှကောင်းသော်လည်း စည်ပင်ကော်မတီအနေဖြင့် ပြည်သူလူထုနှင့် ြကိုတင်ဆွေးနွေးမှုမရှိခြင်းကြောင့် အနည်းငယ် ပြသနာဖြစ်လာနိုင်ဖွယ်ရှိသည်ဟု ဟားခါးမြို့အခြေစိုက် The Chinland Post အယ်ဒီတာ Salai Bawi Uk Thang ကပြောသည်။

“ကျနော်ကတော့ သူတို့လုပ်တာကတော့ တဖက်ကနေတော့ကောင်းတာပေါ့ ဒီလုပ်ငန်းမှာကျနော်သိပ်သဘောမကျတာက စည်ပင်ကတော့ လူထုနဲ့အနီးကပ်ဆုံး အလုပ်လုပ်တဲ့သူဖြစ်တယ် ကြိုတင်ရှင်းလင်းတာတွေ အဲလိုမျိုး လူထုနဲ့တွေ့ဆုံပြီး ကြိုတင်တွေ့ဆုံဆွေးနွေးမှုတွေအရင်လုပ်မှပဲ လုပ်ရင်ကောင်းမယ်လို့ထင်တယ် အခုက လူထုနဲ့သက်ဆိုင်တဲ့ ကိစ္စတွေဖြစ်နေတဲ့အတွက် သူတို့စည်ပင်နည်းနဲ့ လုပ်နေတဲ့ဟာကတော့ သိပ်ပြီးတော့ သဘောမကျဘူး အခုက တကယ်တင်းတင်းကြပ်ကြပ်ကောက်လာရင်တော့ နည်းနည်းပြသာနာတက်လာနိုင်တယ် အခုကသွားကောက်ပေမဲ့လည်း ၅၀ – ၁၀၀ ဆိုတော့ ဆိုင်ကယ်ကတော့ သိပ်ပြီးတော့ပြသာနာမဟုတ်ဘူး၊ ညအိပ်ခကောက်ခံတယ်ဆိုတာ ကောင်းတာကလုံခြုံရေးအတွက်လို့ပြောတယ် ကျနော်ကတော့ သူတို့သတ်မှတ်တာကတော့ မဆိုးဘူး ဒါပေမဲ့ ကားတွေကတော့ နည်းနည်းတော့ ဈေးကြီးတယ် တကယ်တန်းကောက်လာရင်တော့ တစ်ည ၁၀၀၀ ဆိုတာ ညတိုင်းဆိုရင် နည်းတဲ့ဥစ္စာမဟုတ်ဘူးလေ တစ်လ သုံးသောင်းလောက်ကျတာပေါ့” Salai Bawi Uk Thang ကပြောသည်။

ချင်းပြည်နယ်နှင့်နယ်နိမိတ်ချင်းထိစပ်နေသော စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ပေါ်တွင်လည်း စည်ပင်သာယာရေးဌာနက လမ်းဘေးယာဉ်ရပ်နားခကို ပြီးခဲ့သည့် အောက်တိုဘာလဆန်းက စတင်ကောက်ခံခဲ့ရာတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံပြည်သူများက ကန့်ကွက်ခဲ့ကြသည့်အတွက် လမ်းဘေးယာဉ်ရပ်နားခ အခွန်ကောက်ခံမှုကို ပြန်လည်ရပ်ဆိုင်းခဲ့ကြသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...