မြန်မာစစ်တပ် နှင့် KIO အပစ်ရပ်ရန် ကချင်စစ်ရှောင်များ လိုလားသော်လည်း စိုးရိမ်

မြန်မာစစ်တပ် နှင့် KIO အပစ်ရပ်ရန် ကချင်စစ်ရှောင်များ လိုလားသော်လည်း စိုးရိမ်

ဗိုလ်ချုပ်ကြီးအင်ဘန်လ၊ ဥက္ကဌ၊ ကချင်လွတ်လပ်ရေးအဖွဲ့ ‘ကချင်စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်နိုင်ရေး’ ခေါင်းစဉ်သတ်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့ KIO က မြန်မာစစ်တပ်နှင့် နှစ်ဖက်အပစ်ရပ် လက်မှတ်ထိုးရန် ကြိုးပမ်းနေသည်ဟု ဆိုသည့်သတင်းကို အကောင်းဘက်ကမြင်သော်လည်း စိုးရိမ်းမှုများရှိနေကြောင်း စစ်ရှောင်များကြား ပြောဆိုနေကြပါသည်။

အောက်တိုဘာလ (၂၅)ရက်၊ သောကြာနေ့ ကျရောက်သည့် (၅၉) နှစ်ပြည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO အထိမ်းအမှတ်နေ့ ထုတ်ပြန်သည့် KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ (Gen Nban La) မိန့်ခွန်းတွင် “ရန်သူနဲ့ အပစ်ရပ်လက်မှတ်ထိုးပြီး စစ်ရှောင်တွေ နေရပ်ပြန်နိုင်ဖို့ နဲ့ တခြားအကြောင်းအရာတွေကို စားပွဲပေါ်မျက်နှာချင်းဆိုင် ဆွေးနွေးနိုင်ဖို့ ကြိုးစားနေကြောင်း” ဖော်ပြထားပါသည်။

“အခုလို ဆုံးဖြတ်ချက်ပေါ်မှာ KIO ကို တခြားဝေဖန်တာ မပြုချင်ပေမယ့် ကိုယ့်အမျိုးသားပေါ်မှာ ရိုးသားဖြောင့်မတ်စေချင်တယ်။ စစ်ရေးကိုဖြေရှင်းရာမှာ ပြည်သူကို အသုံးမချဖို့လည်း တောင်းဆိုလိုပါတယ်” ဟု မြစ်ကြီးနား၊ ဂျန်မိုင်ကောင်း (Jan Mai Kawng) ရိုမန်ကတ်သလစ် စစ်ရှောင်စခန်းမှ ဆရာမ ရွယ်ဂျာ (Saranum Roi Ja) ဆိုပါသည်။

ဖေ့စ်ဘုတ်လူမှုကွန်ယှက်စာမျက်နှာမှာ အခုအပတ်အတွင်း ဒီအကြောင်းအရာနှင့်ပတ်သက်လို့ ထောက်ခံသူများရှိသလို ကန့်ကွက်သူ အများအပြားကို တွေ့နေရပါသည်။

ယခုချိန်ထိ bilateral အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်ပြီး KIO က ကချင်အမျိုးသားများကို သီးခြား ရှင်းလင်းတင်ပြခြင်း မရှိသေးပါ။

“အပစ်ရပ်လက်မှတ်ထိုးမယ့်အကြောင်းကို ကျနော်တို့ လိုလားတယ်။ ဒါပေမယ့် အပစ်ရပ်မယ်ဆိုတာ ကာလဘယ်လောက်ကြာမလဲ စိုးရိမ်တယ်။ ၁၉၉၄ ခုနှစ်က အပစ်ရပ်လက်မှတ်ဆိုတော့ ထပ်ပြီးထွက်ပြေးရမှာလားလို့လည်း မေးချင်တယ်။ စစ်ရှောင်တွေ နေရပ်ပြန်ဖို့တစ်ခုတည်းအတွက် လက်မှတ်ထိုးမယ်ဆိုတာက သိပ်မသင့်တော်ဘူးလို့မြင်တယ်” ဟု မြစ်ကြီးနား၊ မလိယန် (Mali Yang) စစ်ရှောင်စန်းက ဆရာဆိုင်းခေါင် (Sara Seng Hkawng)က ပြောပါတယ်။

KIO သည် မည်သည့်အခြေအနေမှာဖြစ်ပါစေ မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင် တအာင်း TNLA၊ ရခိုင် AA၊ ကိုးကန့် MNDAA တို့နှင့်အတူ တပ်မတော်နှင့်အပစ်ရပ်လက်မှတ်ထိုးရန် ပြီးခဲ့သည့် ဧပြီ (၃၀) မူဆယ်မြို့  အစိုးရနှင့်တွေ့ဆုံဆွေးနွေးမှုအပြီး လူထုတွေ့ဆုံရှင်းလင်းပွဲတစ်ခုတွင် KIO အထွေထွေအတွင်းရေးမှူး ဦး ထိန်နန် (Kumhtat Thing Nan) က ရှင်းပြခဲ့သည်။

သို့သော်လည်း ပြီးခဲ့သည့်အပတ်တွင် KIO နှင့် တပ်မတော် ကြား သီးခြား အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးလာနိုင်သည့် သတင်းများ ထွက်ပေါ်လာသည်။

“သူတို့လည်း တစ်ခုခ ုအာမခံချက်ရှိလို့ လုပ်တာ ဖြစ်မယ်လို့မြင်တယ်။ ဒါပေမယ့် ကျနော်တို့စစ်ရှောင်တွေကတော့ အပစ်ရပ်လက်မှတ်ရေးထိုးတဲ့အချိန် တပ်နေရာချထားရေးမှာ အထူးသဖြင့် လူနေရပ်ကွက်ကျေးရွာတွေနဲ့ စစ်တပ်ကို ဝေးဝေးထားစေချင်ပါတယ်” ဟု မိုင်းနား စစ်ရှောင်စခန်းမှ ဆရာဂွမ်ဆိုင်း (Sara Gum Seng) ပြောပါသည်။  

ယခု ထွက်ပေါ်နေသည့်သတင်းများနှင့်ပတ်သက်ပြီး လိုင်ဇာမြို့ KIO သတင်းနှင့်ပြန်ကြားရေးဌာန ကို ကြိုးစားဆက်သွယ်သော်လည်း မရရှိခဲ့ပါဘူး။

KIO နှင့် မြန်မာစစ်တပ်တို့ အပစ်ရပ်လက်မှတ်ထိုးမည့်ကိစ္စ လူထုကို အချိန်ပေးပြီးစဉ်းစားစေကာ၊ လူထုအသံကိုလည်း နားထောင်သင့်ကြောင်း မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်နေသည့် Burma News International BNI မှ မထုဆမ် (Shayi Htu Sam) က သူမထင်မြင်ချက် ပြောပါသည်။

တစ်ဖက်တွင်လည်း တရုတ်အစိုးရ၏ ပိုးလမ်းမစီမံကိန်းနှင့်အတူ မြစ်ကြီးနားမြို့အနီး နန်ကျင်း (Nam Jim) စီးပွားရေးဇုန်စီမံကိန်း နှင့် တန်ချိန် (၆၀)ကျော် ကုန်တင်ကားကြီးများ ဖြတ်ကူးနိုင်သည့် ဧရာဝတီမြစ်ကူးတံတား နောက်ထပ် တစ်စင်း တည်ဆောက်ရန် ပြင်ဆင်နေခြင်း စသည့်စီမံကိန်းကြီးတို့နှင့် တိုက်ဆိုင်နေသောကြောင့်လည်း ကချင်လူထုအတွင်း အပစ်ရပ်လက်မှတ်ထိုးပြီး နောက်ဆက်တွဲ ဖြစ်လာနိုင်သောဆိုးကျိုးများကို စိုးရိမ်ပူပန်နေခြင်းဖြစ်သည်။

နှစ်ဖက်ကြား ၁၉၉၄ ခုနှစ်တွင် ချုပ်ဆိုခဲ့သည့် အပစ်အခတ်ရပ်စဲရေးစာချုပ်သည် ၂၀၁၁ တွင် ပျက်စီးခဲ့ပြီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခြင်းဖြစ်သည်။

၂၀၁၅ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA စာချုပ်ကို ကချင်ပြည်သူများ၊ အထူးသဖြင့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC မှ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ခြင်းကြောင့် KIO မှ လက်မှတ်ထိုးနိုင်ခြင်း မရှိခဲ့ပေ။

သို့သော်လည်း ၂၀၁၈ ဇန်ဝါရီလတွင် KIO အတွင်း ခေါင်းဆောင် အပြောင်းအလဲပြုလုပ်ခဲ့ပြီး ဗိုလ်ချုပ်ကြီး အင်ဘန်လ သည် KIO ဥက္ကဌသစ် ဖြစ်လာချင်း ယခုချိန်ထိ မြန်မာစစ်တပ်နှင့် နှစ်ဦးနှစ်ဖက် အပစ်ရပ်လက်မှတ်ထိုးနိုင်ရေး ကြိုးစားနေခြင်း ဖြစ်သည်။

May 12, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန် ဦးဆောင်တဲ့ အဖွဲ့တွေဟာ...
May 11, 2026
နော်ထွယ့်(ဟူးကောင့်) — ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရုတ်တစ်သျှူးငှက်ပျော...
May 11, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ  ဧပြီလတစ်လအတွင်းယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၅ ဦးအနက်...
May 9, 2026
စစ်ကိုင်းတိုင်း ကချင်ပြည်နယ်ဝင်ပေါက်က မော်လူးမြို့ကို...