တီးတိန်မြို့နယ်၊ တုန်းဇန်ကျေးရွာအထက်တန်းကျောင်းခွဲ ကျောင်းဆောင်မီးလောင်သွားသည့်အတွက် ကျောင်းသူကျောင်းသားများသည် ဘုရားကျောင်းတွင် ကျောင်းတက်နေကြရပြီး ကျောင်းသုံးပစ္စည်းနှင့် စာရေးခုံများလိုအပ်နေကြောင်း ကျောင်းအုပ်ဆရာ ဦးဒါလ်ပေါင်ကပြောသည်။
တုန်းဇန်ကျေးရွာ အ.ထ.က (ခွဲ) ကျောင်းဆောင်သည် ပြီးခဲ့သည့် အောက်တိုဘာလ (၁၁) ရက်နေ့ညက မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကျောင်းဆောင်တစ်ဆောင်၊ ဝန်ထမ်းအိမ်ယာ (၅) လုံး၊ လူနေအိမ်တစ်လုံး လောင်ကျွမ်းပျက်စီးသွားခဲ့ခြင်းဖြစ်သည်။
သတင်းကျွတ်ကျောင်းပိတ်ရက်အပြီး ကျောင်းပြန်လည်ဖွင့်လှစ်သည့်အချိန်တွင် ကျောင်းသူကျောင်းသားများသည် ကျောင်းဆောင်မရှိတော့သည့်အတွက် ဘုရားကျောင်းနှင့် အ.မ.က ကျောင်းဆောင်များတွင် ခွဲပြီးကျောင်းတက်နေကြရသည်ဟု ကျောင်းအုပ်ဆရာကပြောသည်။
“ကျောင်းကတော့ ဘုရားကျောင်းတွေကိုအားကိုးပြီးတော့ ကျောင်းဖွင့်နေတယ်၊ ဘုရားကျောင်းသုံးကျောင်း နဲ့ အ.မ.က (၁) မှာလည်းတက်ကြတယ်၊ အဓိကအားဖြင့် ရုံးသုံးကျောင်းသုံးပစ္စည်းတွေလိုအပ်နေတယ် အကုန်လုံးကမီးလောင်သွားတယ်ဆိုတော့လေ အဲဒါတွေချက်ချင်းလိုတယ် ဘောပင်တို့ ခဲတံတို့ကအစ လိုအပ်နေတယ် ထိုင်ခုံတွေလည်းလိုအပ်နေတယ်” ဟုတုန်းဇန် ကျောင်းအုပ်ဆရာ ဦးဒါလ်ပေါင်ကပြောသည်။
ချင်းပြည်နယ်ပညာရေးဌာနမှ မီးလောင်သွားသည့် အစိုးရအထက်တန်းကျောင်း (ခွဲ) အတွက် ရေခွက်၊ ရေဗူး၊ စောင်၊ ခေါင်းအုံး၊ ခြင်ထောင်နှင့် အိပ်ယာခင်းတို့ စီစဉ်ပေးနေကြောင်းလည်း သူကပြောသည်။
ယင်းမီးလောင်သွားသည့် အစိုးရအထက်တန်းကျောင်း (ခွဲ) အတွက် မကြာခင် ဝန်ထမ်းအိမ်ယာ (၃) လုံးဆောက်ပေးမည်ဖြစ်ပြီး မီးလောင်သွားသည့် ထိုင်ခုံများအစားထိုး ခုံ (၁၀၀) လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်ကပြောသည်။
“မကြာခင် ဝန်ထမ်းတွေနေဖို့ တန်ဖိုးနည်းအိမ်ယာ သုံးလုံးဆောက်ပေးလိုက်မယ် ပြီးတော့အခုကျောင်းကတော့ လောလောဆယ် ဘုရားကျောင်းမှာပဲ ယာယီစာသင်ဖို့ပေါ့နော် ဒါလည်းလုပ်လည်းလုပ်ပြီးနေပြီ မီးလောင်သွားတဲ့ ခုံတွေအတွက်လည်း ကျနော် ခုံ (၁၀၀) အခုလုပ်ပေးဖို့ စီစဉ်နေတယ် ပြီးတော့ ကျောင်းဆောင်ကတော့ ပြည်ထောင်စုကိုတင်ပြရမှာဖြစ်တယ် တကယ့်ရေရှည်အတွက်တော့ ဒါပေမဲ့ လက်တလောမှာတော့ အလှူရှင်တွေနဲ့ ပေါင်းပြီးမယ်၊ အစိုးရအနေနဲ့ချက်ခြင်းလုပ်ပေးနိုင်တာက ဘုရားကျောင်းတွေကိုအားကူးလို့ရသေးတယ် ဒါပေမဲ့ဆရာဆရာမတွေနေဖို့က အဆင်မပြေတဲ့အတွက်ကြောင့် အဲဒါကို ပထမဦးစားပေးပြီးတော့ ဆောင်ရွက်ပေးဖို့စီစဉ်နေတယ်” ဟု ဝန်ကြီးဦးပေါင်လွန်မင်းထန်ကပြောသည်။
တီးတိန်မြို့မှ (၁၈) မိုင်ကွာဝေးသော တုန်းဇန်ကျေးရွာ အ.ထ.က (ခွဲ) ကျောင်းတွင် ကျောင်းသား ကျောင်းသူ (၄၂၀) ရှိသည်ဟု သိရသည်။







