ပလက်ဝမြို့နယ်အတွင်း ပဟေဠိဆန်ဆန် ရွာသားများပျောက်ဆုံးမှု တရာခံရှာဖွေနေဆဲ

ပလက်ဝမြို့နယ်အတွင်း ပဟေဠိဆန်ဆန် ရွာသားများပျောက်ဆုံးမှု တရာခံရှာဖွေနေဆဲ

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်အတွင်း ဒေသခံပြည်သူများ ပဟေဠိဆန်ဆန်ပျောက်ဆုံးနေမှုနှင့်ပတ်သက်ပြီး သတင်းအစအနဘာတစ်ခုမှမသိရကြောင်း အောက်တိုဘာလ ၉ ရက်နေ့က ချင်းလူ့အခွင့်ရေးအဖွဲ့ (CHRO) မှ သတင်းထုတ်ပြန်ခဲ့သည်။

ထိုထုတ်ပြန်ချက်အရ ပြီးခဲ့သည့်အောက်တိုဘာလ ၅ ရက်နေ့က ပလက်မြို့နယ်၊ သာယာကုန်းကျေးရွာနေ ဦးကူးဟွေးသည် တောင်ယာသွားနေစဉ် အချိန်မှီအိမ် ပြန်မရောက်သည့်အတွက် ဇနီးဖြစ်သူ ဒေါ်သန္ဒာဦးက တောင်ယာသို့ သွားရောက်ရှာဖွေရာမှ ဇနီးဖြစ်သူပါ ထပ်မံပျောက်ဆုံးခဲ့သည်ဟု သိရသည်။

၎င်းပျောက်ဆုံးမူနှင့်ပတ်သက်ပြီး ချင်းအမျိူးသားတပ်ဦး (CNF) အထွေထွေအတွင်းရေးမှူး (၃) ပူးထက်နီက မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (အေအေ) တို့မှာ အဓိကတာဝန်ရှိသည်ဟု ပြောကြားခဲ့ပါသည်။

“အဲဒီနေရာက စစ်မက်ဖြစ်ပွားတဲ့နေရာပေါ့နော် ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ တပ်မတော်တို့ပေါ့ သူတို့နှစ်ဖွဲ့မှာ အဓိကတော့ တာဝန်ရှိတယ်၊ အဲဒီကိစ္စက အင်မတန်မှအရေးကြီးတယ် အရပ်ဖက်ပြည်သူလူထုတွေ သတင်းအစအနမကြားပျောက်ဆုံး တယ်ဆိုတာက မဖြစ်သင့်ဘူး သူတို့နှစ်ဖွဲ့မှာ အဓိကတာဝန်ရှိတယ် ပြည်သူတွေကိုမထိခိုက်စေဘဲ ချင့်ချင့်ချိန်ချိန်လုပ်ကြဖို့ လိုပါတယ်’’ ဟု ခိုနူမ်းသုန်သတင်းဌာနကိုပြောသည်။

ထို့အပြင် ပလက်ဝမြို့နယ် ဝန်ချောင်းဝကျေးရွာမှ ရွာသား(၃)ဦးတို့သည် ရခိုင်ပြည်နယ် ဆန်အိုးကျေးရွာသို့ ဆန်၊ ဆီ၊ ဆား စသည့်စားနပ်ရိက္ခာများ သွားရောက်ဝယ်ယူပြီး အပြန် စက်တင်ဘာလ ၁၄ ရက်နေ့က စက်လှေတစ်စီးနှင့်အတူ ယနေ့အချိန်အထိ အစအနပျောက်ဆုံးနေသည်ဟု CHRO ကထုတ်ပြန်ထားသည်။

ပလက်ဝမြို့နယ်တွင် ယခုကဲ့သို့ သတင်းအစအနမသိပျောက်ဆုံးသွားသည့် ရွာသား ၁၅ ယောက်ရှိပြီဟု သိရပြီး ဤကိစ္စအတွက် မြန်မာ့ တပ်မတော်နှင့် ရခိုင်လက်နက်ကိုင် AA တို့ နှစ်ဖွဲ့စလုံးက သူတို့၏ လက်ချက် မဟုတ်ကြောင်း ငြင်းဆိုကြ သည်ဟု CHRO ကပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ကူညီဆောင်ရွက်ပေးရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ကို ချင်းပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးဌာနမှ တင်ပြထားသည်ဟု ချင်းပြည်နယ်အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဝန်ကြီးဦးစိုးထက်ကပြောသည်။

“ဖြစ်ပျက်သမျှအားလုံးကို နယ်လုံဘက်နေ ပြည်ထောင်စုတင်ပြထားတယ် ပြည်ထောင်စုကနေဘဲ လုပ်မှအဆင်ပြေမယ့်ဟာဖြစ်တာပေါ့၊ လက်ရှိကနယ်မြေမအေးချမ်းတဲ့အခါကျတော့ ရဲကလည်း ထဲထဲဝင်ဝင်နဲ့လှုပ်ရှားလို့မရဘူး တပ်မတော်ကလည်း သွားတဲ့နေရာတိုင်းမှာ ထိတွေ့မှုတွေက တောက်လျှောက်ဖြစ်နေတော့လေ လက်ရှိမှာတော့ ပြည်ထောင်စုအဆင့်ကို တင်ပြထားပါတယ်’’ ဟု ဝန်ကြီး ဦးစိုးထက်က ပြောသည်။

ထို့အပြင် ချင်းအမျိူးသားတပ်ဦး (CNF) နှင့်လည်း ဆွေးနွေးတိုင်ပင်မှုရှိခဲ့သည်ဟု ၎င်းကဆက်ပြောသည်။

ဝန်ကြီးဦးစိုးထက်က “CNF နဲ့ ချိတ်ပြီးမှ CNF ကလည်း အဲဒီဟာကို KIA တို့ AA တို့နဲ့ညှိနှိုင်းတာတွေရှိတယ်၊ အရင်တုန်းက သံထောင်က စခန်းမှူးနဲ့ အုပ်ချူပ်ရေးမှူးကိုဖမ်းတဲ့အချိန်မှာလွှတ်ဖို့အတွက် အဲလိုပဲ လိုက်ညှိပေး တာမျိူး ရှိတယ် အဲဒီလမ်းကြောင်းက ပိုမြန်မယ်’’ ဟု ပြောသည်။

ရွာသားများပျောက်ဆုံးသည့်ကိစ္စနှင့်ပတ်သက်၍ မည်သည့်လက်ချက်ဖြစ်သည်ကို ခိုနူမ်းသုန်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။ AA တပ်ဖွဲ့၏ လက်ချက်ဖြစ်သည်ဟု စွပ်စွဲမူရှိသော်လည်း့ ရက္ခိိုင့်တပ်မတော် (အေအေ) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကတော့ သူတို့လက်ချက်မဟုတ်ကြောင်း ငြင်းဆိုထားပြီး တပ်မတော်က အေအေ တပ်ဖွဲ့ အယောင်ဆောင်ပြီး လုပ်ဆောင်နေခြင်း သာဖြစ်သည်ဟု ပြောဆိုထားသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...