လုံခြုံစိတ်ချပြီဟု ယူဆသောစစ်ရှောင်ကျေးရွာများကို နေရပ်ပြန်ပို့ရန် အစိုးရဘက်မှ ကြိုးစားလုပ်ဆောင်နေသော်လည်း လက်ရှိနိုင်ငံရေးအခြေအနေအရ လုံခြုံရေး အာမခံချက်တစ်စုံတစ်ရာ မရှိသေးသောကြောင့် နေရပ်ပြန်ရန် အချိန်မတန်သေးကြောင်း စစ်ရှောင်ပြည်သူအချို့က ပြောဆိုပါသည်။
လွန်ခဲ့သည့် စက်တင်ဘာလအတွင်း မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံမှ စစ်ရှောင်စန်းများသို့ ညွန်းကြားစာ တစ်ခုပေးပို့ခဲ့ပြီး ထိုအထဲတွင် ကချင်ပြည်သူများသည်၂၀၁၁ ခုနှစ် ဇွန်လမှစတင်၍ စစ်ရှောင်အဖြစ် တိမ်းရှောင်နေသည်မှာ နှစ်ကာလကြာမြင့်ပြီဖြစ်သောကြောင့် ယခုချိန် နယ်မြေ အခြေအနေ တည်ငြိမ်အေးချမ်းလာပြီ ဖြစ်သဖြင့် မိမိတို့မူရင်းဒေသသို့ ပြန်လည် ပြောင်းရွှေ့ လိုခြင်း ရှိ၊ မရှိ ဆန္ဒသဘောထားများကို ကောက်ခံခဲ့ကြောင်း သိရသည်။
သို့သော်လည်း လက်ရှိနိုင်ငံရေးအခြေအနေ စစ်ရှောင်များ၏သဘောထား ဆန္ဒကောက်ခံမှုသည် စစ်ရှောင်ပြည်သူများကို ဖိအားပေးနေသည့် သဘောသာရှိနေသည်ဟု မြစ်ကြီးနား လယ်ကုန်းရပ် ၊ မလိယန်စစ်ရှောင်စခန်းတွင်နေထိုင်သူ Sara Seng Hkawng က ယခုလိုပြောဆိုထားပါသည်။
“စစ်ရှောင်တွေ နေရပ်ပြန်နိုင်ရေးအတွက် အုပ်ချုပ်ရေးဘက်က အကြောင်းကြားစာ ပေးပို့လာတယ်။ ဝိုင်းမော်မြို့နယ် အုပ်ချုပ်ရေးရုံးက အကြောင်းကြားစာနဲ့ မြစ်ကြီးနားမြို့နယ်အုပ်ချုပ်ရေးရုံးက အကြောင်းကြားစာက မတူဘူးဖြစ်နေတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ပြည်ထောင်စုအဆင့်က မိန့်ကြားတယ်လို့က မထင်ဘူး။ အဲ့ကြောင့် တရားဝင်လို့မမြင်ဘူး။ စစ်ရှောင်တွေကို ဖိအားပေးနေတယ်လို့မြင်ပါတယ်” ဟု ပြောဆိုသည်။
ယခုလုပ်ဆောင်မှုသည် လွန်ခဲ့သည့် ဇူလိုင်လ နေပြည်တော်တွင် အမျိုးသားရင်ကြားစေ့ရေးနှင့်ငြိမ်းချမ်းရေးစင်တာ NRPC နှင့် ကချင်လူစားချင်းစာနာထောက်ထားမှုကော်မတီ KHCC တို့ ဆွေးနွေးခဲ့သည့် အကြောင်းအရာတစ်ခုဖြစ်သည်ဟုလည်း သိရပါသည်။
တိုက်ပွဲသံ ရပ်စဲပြီဟုဆိုသော်လည်း နေရပ်ပြန်မည့်ကျေးရွာများတွင် စစ်တပ်များ ဆက်လက်တည်ရှိနေမှုများနှင့် တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့၏ လုံခြုံရေးအာမခံပေးမှု မရှိသေးသောကြောင့် နေရပ်ပြန်မည့်အစီစဉ်ပေါ် မေးခွန်းထုတ်မှု ရှိနေကြပါသည်။
“နိုင်ငံရေးကို ကြည့်မယ်ဆိုရင် ကျမ တို့စစ်ရှောင်တွေအနေနဲ့ ပြန်လို့မရသေးဘူးလို့မြင်တယ်။ ဘာကြောင့်လဲဆိုတော့ လက်နက်ကိုင်အဖွဲ့အစည်း ၂ခုအနေနဲ့ စစ်ရှောင်တွေ နေရပ်ပြန်ဖို့ လုံခြုံတဲ့ အာမခံချက် ဘာမှ မတွေ့ရသေးဘူး။ တကယ်လို့ စစ်ရှောင်တွေပြန်သွားလို့ တစ်စုံတစ်ခု ဖြစ်ပေါ်လာမယ်ဆိုရင် ဘယ်သူပြန်ပြီး တာဝန်ယူပေးမလဲ။ ဘာအာမခံချက်မှ မရှိဘူး”ဟု ဂျန်မိုင်ကောင့် စစ်ရှောင်စခန်းမှ Jan Lahpai Roi Ja (ဒေါ်လဖိုင်ရွယ်ဂျာ) ယခုလို ပြောဆိုသည်။
စစ်ပြေးဒုက္ခသည်များတွင်လည်း နေရပ်ပြန်ရေး ဆန္ဒသဘောထားများ ကောက်ခံနေမှုနှင့်ပတ်သက်ပြီး အဖွဲ့ ၃ ဖွဲ့ခန့် ကွဲပြားနေသည့်အတွက် လူဦးရေစာရင်းသိရှိရန်အတွက် ကောက်ခံနေကြောင်း အုပ်ချုပ်ရေးအဖွဲ့များထံမှ သိရသည်။
“အဓိကတော့ သူတို့ရဲ့ ဆန္ဒသဘောထားတွေကို သိချင်လို့ကောက်ခံနေတာပါ။ တစ်ချို့ကျတော့ သူတို့ရဲ့ ဆန္ဒအရ နေရပ်ဒေသသို့ ပြန်ချင်ကြတယ်။ နောက်တစ်ချို့က နေရပ်မပြန်ဘဲ ဒီမှာဘဲကိုယ်ပိုင် စီးပွားရေး လုပ်ငန်းတွေနဲ့ ရပ်တည်ချင်ကြတယ်။ တစ်ချို့ကတော့ အစိုးရပြန်လည် ထူထောင်ရေးနဲ့ ရွှေ့ပြောင်းပေးတာ လိုချင်တယ်။ ဒါကြောင့် မြို့နယ်ကနေ ရွှေ့ပြောင်းရေးကော်မတီဖွဲ့ထားတယ်။ ကျနော်တို့က သူတို့ရဲ့ အိမ်ထောင်စုတွေ၊ မြေယာပိုင်ဆိုင်မှုတွေစီစစ်ပြီး မှန်ကန်တယ်ဆိုရင် ကချင်ပြည်နယ်အစိုးရကို တင်ပြရတယ်” ဟု ဝိုင်းမော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းက ယခုလိုပြောဆိုပါသည်။
ကြာရှည်စွာ နေရပ်စွန့်ခွာထွက်ပြေးနေခြင်းသည် ရေရှည် လူမှုရေးပြဿနာ ၊ မြေယာပြဿနာများ ကိုသာ ပိုမို ဖြစ်ပေါ်စေမည် မှန်သော်လည်း လုံခြုံစိတ်ချသည့် အခြေအနေ ဖြစ်အောင် ပဠိပက္ခတွင် ပါဝင်နေသော အဖွဲ့အစည်းများအားလုံး ဝိုင်းဝန်း အဖြေရှာကူညီပေးဖို့ စစ်ရှောင်များ တောင်းဆိုနေကြပါသည်။







