ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းနယ်နိမိတ်ကို ၁၉၃၈ ခုနှစ် အင်္ဂလိပ်ခေတ်က ပြည်ထဲရေးမှထုတ်ပြန်သော ပြန်တမ်းကို အခြေခံ၍ ပြန်လည်တိုင်းတာသတ်မှတ် သွားမည်ဟု ချင်းပြည်နယ် စိုက်ပျိုးရေးမွေးမြူရေးနှင့် သစ်တောဝန်ကြီး ဦးမန်ဟင်းဒါလ်းကပြောသည်။
“၁၉၃၈ အင်္ဂလိပ်ခေတ်က ပြည်ထဲရေးက Notification အမိန့်ကြော်ငြာစာ ဝရမ်းပြန်တမ်းရှိတယ် အဲဒီဟာကိုအခြေခံတာ ပြီးတော့ အင်္ဂလိပ်ခေတ်က ခွဲရေးတွဲရေးပြီးတော့ ဒီ ၁၉၃၅ စပြီးတော့ ၁၉၃၈ ခုနှစ်မှာ နယ်နိမိတ်မှတ်တိုင်ပြုရတယ်လေ အဲဒီမှာ ၁၉၄၂ မှာမြေပုံထုတ်ထားတယ် အဲဒီ ၁၉၄၂ က မြေပုံ တစ်လက်မ လေးမိုင် အဲဒီမြေပုံနဲ့ထပ်ပြီးတော့ အခြေခံပြီးတော့ အဲဒါနဲ့လုပ်မှာ၊ မှတ်တိုင်တွေက အဟောင်းနေရာ မူလနေရာမှာပဲစိုက်မယ် အသစ်တွေနဲ့ပြန်စိုက်မှာ” ဟု ဝန်ကြီး ဦးမန်ဟင်းဒါလ် ကပြောသည်။
ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းနယ်နိမိတ်မှတ်တိုင်များ နဂိုမူလနေတွင် ပြန်လည်စိုက်ထူနိုင်ရေးနှင့်ပတ်သက်ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့မှ သစ်တောဝန်ကြီးဦးမန်ဟင်းဒါလ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စိုက်၊မွေးဝန်ကြီး ဦးကမ်ဇမုန်နှင့် နေပြည်တော် မြေတိုင်းဌာနမှ ညွန်ကြားရေးမှူးတို့ဦးဆောင်၍ အောက်တိုဘာလ ၇ ရက်နေ့က နယ်နိမိတ်ကျောက်တိုင်စစ်ဆေးမှုများလုပ်ဆောင်ခဲ့ကြသည့်အပြင် ခမ်းပတ်မြို့တွင် လူထုတွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့ ကြသည်။
တိုင်းပြည်တစ်ပြည်နှင့် တစ်ပြည်၊ ပြည်နယ်နှင့် တိုင်း၊ ခရိုင်နှင့် မြို့နယ်၊ ကျေးရွာများအထိ တိကျသော နယ်နိမိတ်ရှိထားခြင်းသည် အလွန်အရေးကြီးကြောင်း တိတိကျကျသတ်မှတ်ခြင်းမရှိပါက မလိုလားအပ်သော အငြင်းပွားမှုများ၊ မတူညီသည့် သဘောထားများဖြစ်ပေါ်လာနိုင်ပြီး သမာသမတ်ကျကျတိုင်းတာနိုင်ရေးအတွက် ပြည်ထောင်စု၏ ခွင့်ပြုချက်ဖြင့် ပြည်ထောင်စုအဖွဲ့များနှင့်အတူ ယခုကဲ့သို့ ကွင်းဆင်းလုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဝန်ကြီးဦးမန်ဟင်းဒါလ်ကပြောသည်။
နယ်နိမိတ်ကိစ္စနှင့်ပတ်သက်၍ လူထုတွေ့ဆုံဆွေးနွေးပွဲကို ယနေ့တွင် ရာဇာဂြိုလ်ရွာတွင် ဆက်လက်ပြုလုပ်ခဲ့ကြပြီး အောက်တိုဘာ (၉) ရက်နေ့တွင် တွန်းဇံမြို့နယ် ဇိုနွမ်ဇန်ကျေးရွာတွင်လည်းကောင်း၊ အောက်တိုဘာ (၁၀) ရက်နေ့တွင် ကလေးမြို့တွင် ဆက်လက်ပြုလုပ်ကြမည်ဟု သိရသည်။
နယ်နိမိတ်မှတ်တိုင် ကွင်းဆင်းစစ်ဆေးမှုတွင် လိုက်ပါခဲ့သည့် ချင်းတောင်သဘာဝစောင့်ကြည့်ရေးအဖွဲ့မှ ဦးဆောင်သူ ကိုလျန်တွောင်က “ အခုအစီအစဉ်အရ အငြင်းပွားမှုမရှိအောင် ကြိုတင်ပြီးတော့ အားလုံးရဲ့နားလည်မှုရှိရှိ လုပ်လိုက်ရအောင်ဆိုပြီးတော့ အရင်ချပြတဲ့ပုံစံဖြစ်တယ်၊ ဘာလို့လဲဆိုတော့ တိုင်းတဲ့အခါကျတော့ အဲလိုမျိုးနားလည်းမှုလွှဲတာ ဒီကိစ္စကိုပိုင်ဆိုင်မှုတစ်ခုကြီးယူဆတယ်ဆိုရင် ဥပမာ ချင်းကိုစစ်ကိုင်းဘက်က ပိုင်ဆိုင်ထားတယ် ချင်းပြည်နယ်ဘက်ကနယ်ကို စစ်ကိုင်းမှာပါတယ်ဆိုပြီးတော့ လက်လွှတ်ရမလား ဘာတွေစိုးရိမ်စိတ်တွေဖြစ်မှာစိုးလို့ အခုဟာက ပိုင်ဆိုင်မှုသည် ပြည်သူတွေရဲ့ပိုင်ဆိုင်မှုတွေအပြောင်းအလဲမရှိစေရဘူး
နယ်နိမိတ်တိုင်းတယ်ဆိုတာ ဒီလုပ်ငန်းအရ အုပ်ချုပ်ရေးပိုင်းဖြစ်ဖြစ် ဘာဖြစ်ဖြစ် ရှိလာတဲ့ခါကျတော့ ဘယ်သူ့အရေးပိုင်လဲဆိုတာသဲသဲကွဲကွဲဖြစ်အောင်ပေါ့ အဲဒါကို သူတို့အဓိက
လုပ်ငန်းအုပ်ချုပ်ရေးပိုင်းမှာ ပိုပြီးတော့အဆင်ပြေအောင် ပြီးကျတော့ ဥပမာ ရွေးကောက်ပွဲရှိလာတယ်ဆိုရင်ဘယ်ကဏ္ဍ ဘယ်ပိုင်းမှာချရမယ်ဆိုတာ လက်ရှိမှာ အဲလိုမျိုးမသဲကွဲတဲ့နေရာအများကြီး နယ်နိမိတ်မရှင်းလင်းတော့အဲလိုမျိုးသဲသဲကွဲကွဲဖြစ်အောင်လုပ်တဲ့သဘောပါ” ဟု ခိုနူမ်းသုန်ကိုပြောသည်။
ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း နယ်နိမိတ်မှတ်တိုင်ကို ၁၉၃၈ ခုနှစ်က စိုက်ထူခဲ့ကြပြီး နယ်နိမိတ်ကျောက်တိုင် ၂၁ တိုင်ရှိပြီး ထိုနေရာကို အခြေခံကာ အသစ်ပြန်လည်စိုက်ထူကြရန်စတင်လုပ်ဆောင်လာကြခြင်းဖြစ်သည်။







