ဟားခါးမြို့စည်ပင်ပန်းခြံတည်ဆောက်ပြီးမှ ဗိုလ်ချူပ်ကြေးရုပ်စိုက်ထူမည်

ဟားခါးမြို့စည်ပင်ပန်းခြံတည်ဆောက်ပြီးမှ ဗိုလ်ချူပ်ကြေးရုပ်စိုက်ထူမည်

လားနွန် – ယခုရက်ပိုင်းအတွင်း ချင်းပြည်နယ်တွင် အငြင်းပွားမှုဖြစ်နေသည့် ဗိုလ်ချူပ်အောင်ဆန်းကြေးရုပ်တုကို လောလောဆယ် စိုက်ထူဦးမည်မဟုတ်ဘဲ စည်ပင်ပန်းခြံပြီးမှသာ ပင်လုံစာချူပ်တွင်လက်မှတ်ရေးထိုးသည့် ချင်းခေါင်းဆောင် ၃ ဦး၏ ရုပ်တုများနှင့်အတူ စိုက်ထူသွားမည်ဟု ချင်းပြည်နယ်အစိုးရပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

စည်ပင်ပန်းခြံကို ဟားခါးမြို့အထွက်ဘက်တွင် မြေဧက ၃.၈ အကျယ်အဝန်းဖြင့်ဆောက်လုပ်ရန် ချင်းပြည်နယ်အစိုးရအဖွဲ့က စီစဉ်ဆောင်ရွက်နေဆဲဖြစ်ပြီး တစ်နှစ်ခန့် အချိန်ကြာမြင့်ဦးမည်ဟု ဝန်ကြီးကဆိုသည်။

ယင်းစည်ပင်ပန်းခြံတည်ဆောက်မှု ပြီးဆုံးပြီးမှသာ ထိုနေရာတွင် စိုက်ထူသွားမည်ဟု စည်ပင်ဝန်ကြီးကပြောသည်။

“ပြီးခဲ့တဲ့နှစ်ကတည်းက ကျနော်တို့လျာထားတာရှိတယ် ကျနော်တို့ ချင်းခေါင်းဆောင်သုံးယောက်ဖြစ်တဲ့ ပင်လုံစာချုပ်မှာပါတဲ့ သုံးယောက်ကို သူတို့ရဲ့ အမှတ်တရကျောက်တိုင်စိုက်ပြီးတော့ ချင်းလို ဗာမာလို အင်္ဂလိပ်လို အဲလိုတစ်ယောက်ခြင်းကို သူတို့ရဲ့သမိုင်းကြောင်းရေးဖို့ဆိုပြီးလုပ်ထားတာရှိတယ် အဲဒါပြီးခဲ့တဲ့ ဘတ်ဂျက်အခြေအနေအရမလုပ်ဖြစ်ဘူး အခုတော့ အဲဒီပန်းခြံပြီးရင် ဗိုလ်ချုပ်ကြေးရုပ်တစ်ခုတည်းမဟုတ်ပဲနဲ့ အဲဒီခေါင်းဆောင်သုံးယောက်အပါနှင့် လွတ်လပ်ရေးကျောက်တိုင်အပါနဲ့ ပန်းခြံပြီးရင်တော့ လုပ်မယ်လို့လျာထားတာရှိတယ်” ဟု စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။

ချင်းပြည်နယ် ဟားခါးမြို့တွင် ဗိုလ်ချူပ်အောင်ဆန်းကြေးရုပ်စိုက်ထူမည်ဟု သတင်းများထွက်ပေါ်လာမည့်နောက်ပိုင်းတွင် ချင်းလူမှုအသိုင်းအဝန်းကြားတွင် ဆန့်ကျင်ကန့်ကွက်မှုများ ကျယ်ကျယ်လောင်လောင်ပေါ်ထွက်လာခဲ့သည်။

ဗိုလ်ချူပ်အောင်ဆန်းကြေးရုပ်အစား ပင်လုံစာချူပ်တွင်သဘောတူခဲ့ကြသည့် ပင်လုံကတိကဝတ်များကိုသာ အကောင်အထည်ဖော်ဆောင်ပေးရန် ချင်းလူထုက လိုလားနေကြသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်(CNLD) ပါတီပူးတွဲဥက္ကဌ ပူးနိုးထန်ကပ်က “ ဗိုလ်ချုပ်ရဲ့ကတိပဲ တိုင်းရင်းသားအားလုံးကလိုချင်တယ် ဗိုလ်ချုပ်ကတိကိုအကောင်ထည်ဖော်ပြီးတဲ့နောက်ပိုင်း ဒေသခံတိုင်းရင်းသားပြည်သူတွေက ရုပ်တုလည်းတည်ပါစေလို့ လုပ်ရင်တော့ တစ်ပိုင်းပေါ့ ရုပ်တုကြီးကိုအရင်လာခိုင်းပြီးတော့ ပြောရမယ်ဆိုရင် ဗိုလ်ချုပ်ရဲ့ကတိက တန်းတူရေးတို့ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ ဒီဟာတွေကခုထိပေါ်မလာသေးတဲ့အခါ လူတွေရဲ့အမြင်စောင်းကုန်တာပေါ့ နောက်အစိုးရအာဏာနဲ့ တည်ဆောက်တဲ့ပုံစံမျိုးတော့ မသင့်တော်ဘူး ပြည်သူရဲ့လက်ခံမှုက အခုခေတ်မှာ ဒီမိုကရေစီဆိုတော့ ဒေသခံအများစုရဲ့ ဆန္ဒနဲ့စဉ်းစားသင့်တာပေါ့ တဖက်မှာပြည်ထောင်စုလွှတ်တော်က အများစုနိုင်တဲ့ပါတီရဲ့ အာဏာကိုလူနည်းစုပေါ်မှာ အနိုင်ကျင့်တဲ့ပုံစံမျိုးနဲ့ ကျနော်တို့လိုချင်တာလုပ်လို့ရတယ်ဆိုတဲ့ ပုံစံမျိုးနဲ့လုပ်တာတော့မသင့်တော်ဘူး’’ဟု ပူးနိုထန်ကပ်ကပြောသည်။

ဟားခါးအရပ်ဖက်လူမှုအဖွဲ့အစည်းများကွန်ယက်ကလည်း ယင်းကိစ္စပတ်သက်၍ အစည်းအဝေး ၂ ကြိမ်ကျင်းပပြုလုပ်ခဲ့ကြပြီး ဟားခါးမြို့တွင် ဗိုလ်ချူပ်ကြေးရုပ်စိုက်ထူမည့်အစီစဉ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။

ဟားခါးအရပ်ဖက်လူမှုအဖွဲ့အစည်းကွန်ယက်မှ ညှိနှိုင်းရေးမှူး ဆလိုင်း ထောင်းကျူံနုံးက “ အတိုချုပ်ပြောရမယ်ဆိုရင်တော့အချိန်မတန်သေးဘူး ကျနော်တို့ ဖက်ဒရယ်မရသေးဘူး ရုပ်တုထက်အရင်လိုချင်တာက တိုင်းရင်းသားတွေလိုချင်တဲ့ ဖက်ဒရယ်ရပြီးမှ အကယ်၍လိုအပ်တယ်ဆိုလို့ရှိရင် သူတို့စိုက်စရာလည်းမလိုပါဘူး လိုအပ်တယ်ဆိုလည်း ဒေသခံတွေကပဲစိုက်မှာပါ အခုတော့ တခြားလုပ်စရာတွေလည်း အများကြီးရှိသေးတယ် ဘာမှမလုပ်နိုင်သေးပဲနဲ့ သိပ်မလိုအပ်သေးတဲ့အရာတွေ ကန့်ကွက်နေတဲ့ကြားမှာအဲလိုမျိုး အစီအစဉ်ကမသင့်တော်သေးဘူး” ဟု ပြောသည်။

အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်(NLD) အစိုးရအဖွဲ့တက်လာသည့်နောက်ပိုင်းကစ၍ တိုင်းရင်းသားဒေသ အပါအဝင် တစ်တိုင်းပြည်လုံးတွင် ဗိုလ်ချူပ်အောင်ဆန်းကြေးရုပ်တုစိုက်ထူရေးလုပ်ငန်းများကို လုပ်ဆောင်လာခဲ့ကြသည်။

ပြည်မဘက်တွင် ဗိုလ်ချူပ်ကြေးရုပ်စိုက်ထူမှုကို ဆန့်ကျင်ကန့်ကွက်မှုမရှိသော်လည်း တိုင်းရင်းသားဒေသများတွင် ဆန့်ကျင်ကန့်ကွက်မှုများအကြီးအကျယ်ရှိခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုတည်ဆောက်နေခြင်းထက် ပင်လုံကတိကဝတ်နှင့် ပင်လုံစာချုပ်တွင် ပါဝင်သောအမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံသော ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်လာရေးကိုသာဦးတည်ကာ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရန်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းကိုသာ NLD အစိုးရအနေဖြင့် အဓိကလုပ်ဆောင်သင့်ပြီး၊ ဗိုလ်ချူပ်ကြေးရုပ် အကောင်အထည်ဖော်နေခြင်းသည် ဒေသခံတိုင်းရင်းသားများကြားတွင် လူမျိုးကြီးဝါဒလွမ်းမိုးရန်ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေခြင်းဟု ချင်းလူငယ်များအနေဖြင့် ရှုမြင်သည်ဟု ချင်းလူငယ်များကွန်ယက်အဖွဲ့က ပြီးခဲ့သည်လက သဘောထားကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ချင်းပြည်နယ် ထန်တလန်မြို့တွင်လည်း ဗိုလ်ချူပ်အောင်ဆန်းကြေးရုပ်တုကို ပြည်နယ်အစိုးရ၏ အစီစဉ်ဖြင့် စိုက်ထူရန်စီစဉ်ခဲ့ကြသော်လည်း ဒေသခံပြည်သူများက ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည့်အတွက် ပြန်လည်ရုပ်သိမ်းခဲ့ပြီးဖြစ်သည်။

ယခုအသစ်တဖန် ဟားခါးမြို့တွင် စိုက်ထူဖို့ပြန်လည်လုပ်ဆောင်လာခြင်းဖြစ်သည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...