လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မသန်စွမ်းသူများ မိမိဆန္ဒအလျောက် ကိုယ်တိုင်ကိုယ်ကျမဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်အနေဖြင့် လက်လှမ်းမှီအောင် လုပ်ဆောင်ပေးဖို့လိုအပ်ကြောင်း မသန်စွမ်းဖွံ့ဖြိုးရေးရှေ့ဆောင်အဖွဲ့ (Disability Development Initiative – DDI) မှ လက်ထောက်ဒါရိုက်တာ ဆရာယောရှုကပြောသည်။
“မသန်စွမ်းသူတွေ သူတို့စိတ်ဆန္ဒအတိုင်းမဲပေးနိုင်ဖို့ရန်အတွက်အရေးကြီးတယ် တစ်ခါတစ်ရံမှာ သူတို့မိသားစုတွေက ပါတီတစ်ခုခုနဲ့ ရင်းနှီးဆိုရင်တော့ မသန်စွမ်းသူတွေက အသုံးချခံရတတ်တယ်၊
အဲဒီနေရာမှာတော်တော်လေးကိုသတိထားဖို့ရန်လိုပါတယ်၊ အကောင်းဆုံးကတော့ ညဏ်ရည်မသန်စွမ်းမှအပ မသန်စွမ်းသူတွေကိုယ်တိုင်ကိုယ်ကျ မဲရုံမှာမဲပေးတာ လျို့ဝှက်တဲ့မဲပေးစနစ်နဲ့ သူတို့မဲပေးခွင့်ရတာက အကောင်းဆုံးဖြစ်တယ် နောင်လာမယ့်အချိန်မှာဆိုရင်တော့ မသန်စွမ်းသူကိုယ်တိုင်က မဲရုံမှာမဲပေးနိုင်ဖို့ရန်အတွက် အစိုးရဖက်ကနေ ရွေးကောက်ပွဲကော်မရှင်ဖက်ကနေပြီးတော့မှ မသန်စွမ်းသူတွေလက်လှမ်းမှီအောင်လုပ်ဆောင်ပေးဖို့ အရေးကြီးတယ် မသန်စွမ်းသူတွေမဲရုံမှာကိုယ်တိုင်မဲပေးရန်အတွက်ထပ်ပြီးတော့မှ တိုက်တွန်းချင်ပါတယ်” ဟု ယောရှုကပြောသည်။
ယခင်ရွေးကောက်ပွဲများကို ကွင်းဆင်းလေ့လာကြည့်အချိန်တွင် မသန်စွမ်းသူများအနေဖြင့် မိမိဆန္ဒအလျှောက် ကိုယ်တိုင်ကိုယ်ကျမဲပေးပိုင်ခွင့်ရဆုံးရှုံးမှုများရှိခဲ့ကြောင်း မိသားစုအသိုင်းအဝန်းများမှထည့်ခိုင်းသည့်နိုင်ငံရေးပါတီများကိုသာ မဲထည့်ခဲ့ရသည့်သာဓကများရှိခဲ့သည်ဟု ယောရှုကပြောသည်။
“ချင်းပြည်နယ်က မသန်စွမ်းသူတွေအတွက် သွားရေးလာရေးခက်ခဲတဲ့နေရာမှာ အဲလိုမျိုးဝန်ဆောင်မှုအခွင့်အရေးပေးတာက တိုးတက်မှုတစ်ခုဖြစ်ပြီး ကြိုဆိုပါတယ်၊ အားနည်းချက်အဲဒီမှာရှိနိုင်တယ် ဘာကြောင့်လည်းဆိုတော့ ဒီ ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ ကျနော်တို့ ၂၀၁၇ မှာ ကွင်းဆင်းလေ့လာကြည့်တယ် မသန်စွမ်းသူတွေမဲပေးတဲ့နေရာမှာ အဆင်ပြေမှုရှိမရှိ မေးမြန်းတာတွေရှိတယ်ဆိုတော့ အဲလိုမျိုးကြိုတင်ဆန္ဒမဲပေးခြင်းအားဖြင့် သူ့ရဲ့ဘေးနားမှာ ဆွေမျိုးသားခြင်းတွေ မိဘတွေ တခြားလူတွေရှိတဲ့အခါမှာ သူတို့ပေးချင်တာမျိုးမဟုတ်ပဲနဲ့ ဒီမိသားစုဖက်ကနေ ဖိအားပေးပြီး ဒါကိုပေးလိုက်ပါဆိုတာမျိုး အားနာမှုတို့ တစ်ချို့တွေကကြုံတွေ့ရတယ်’’ ဟု သူကပြောသည်။
၂၀၁၄ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် ချင်းပြည်နယ်သည် မသန်စွမ်းဦးရေ ဒုတိယအများဆုံးပြည်နယ်ဖြစ်ပြီး လူဦးရေ ၃ သောင်းခန့်ရှိသည်ဟု သိရသည်။
ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့အနေဖြင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများအား မဲပေးပိုင်ခွင့် မဆုံးရှုံးရလေအောင် စီစဉ်ထားသည်ဟု ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးလင်းကျော်ကပြောသည်။
“အခု ကျနော်တို့ လူဦးရေစာရင်ကောက်တဲ့အချိန်မှာ မသန်စွမ်းသူတွေအတွက် ဇယားတိုင်တစ်တိုင်ပါတယ် မသန်စွမ်းလို့မရေးပဲနဲ့ မသန်စွမ်းလေးမျိုးထဲမှာရှိတဲ့ ခန္ဓာကိုယ်၊ အမြင်၊ အကြား၊ ညဏ်ရည်မမှီ အဲဒီလေးမျိုးထဲမှာ ဘယ်အမျိုးစားဖြစ်လဲဆိုတဲ့ဟာကို ကျနော်တို့မှတ်ချက်ယူတယ်၊ တစ်ချို့ကြိုတင်မဲပေးဖို့ကိုလိုအပ်မယ့် မဲဆန္ဒရှင်တွေပါကောင်းပါလိုက်မယ် အသက်ရွယ်ကြီးပြီး မဲစာရင်းမမြင်လိုက်ရတဲ့သူ လမ်းမလျှောက်နိုင်တဲ့လူ လေဖြန်းတဲ့သူ အဲဒီမသန်စွမ်းထဲမှာလည်း ကျနော်တို့အဲဒါတွေကိုထည့်တာ အဲဒါဆိုရင်ကြိုတင်မဲပေးခွင့်ရအောင် ဘယ်သူတွေကရှိနေလဲ ကိုယ့်မဲရုံမှာ အဲဒီအတွက်ကြောင့် ရပ်ကျေးကော်မရှင်ကတော့ ကြိုတင်မဲပေးတဲ့အခါမှာ ဒီစာရင်းကိုကိုင်ပြီး သူ့အိမ်မှာ ကြိုတင်မဲပေးမလား မဲရုံကိုလာပေးမလားပေါ့ အဲလိုမျိုးမဲပေးခွင့် မဆုံးရှုံးအောင်လုပ်ပေးသွားဖို့ရှိတယ်” ဟု ဦးလင်းကျော်ကပြောသည်။
မသန်စွမ်းသူများအတွက် မဲစာရင်းပေးရာတွင် ပိုမိုလွယ်ကူအောင် ကွန်ပြူတာစနစ်ဖြင့် လုပ်ဆောင်ထားပြီး (*1,*2,*3,*4) ဆိုပြီးပေးထားကာ (*1) ဆိုပါက ခန္ဓာကိုယ်၊ (*2) အမြင်၊ (*၃) အကြား၊ (*4) ညဏ်ရည်စသည်ဖြင့် စာရင်းများပြုလုပ်ပေးထားမည်ဖြစ်ကြောင်းဆက်ပြောသည်။
လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မသန်စွမ်းသူများအပါအဝင် သက်ကြီးရွယ်အိုများ မဲပေးနိုင်ရေးအဆင်ပြေစေရန်အတွက် မဲရုံများလည်း ထပ်မံတိုးမြှင့်ထားမည်ဟု သိရသည်။







