ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ လေမြိုမြစ်ဒေသ၊ မောင်ကျေးရွာမှ ရွာသား (၃) ဦးတို့သည် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့သို့ စက်တင်ဘာလ (၁၄) ရက်နေ့က စားနှပ်ရိက္ခာများဝယ်ယူပြီး အပြန်လမ်း လမ်းခုလတ်တနေရာတွင် ပျောက်ဆုံးသွားသည်ဟု လေမြို့မြစ်ဒေသကိုဖေချေကျေးရွာသား ဦးလွင်ထန်ထံမှသိရသည်။
“ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ စိန်အောက်ကျေးရွာကနေ ထွက်လာတာက ၁ နာရီလောက်က ထွက်လာတယ်လို့သိတယ် လှေနဲ့ထွက်လာတော့ သူတို့ပျောက်တဲ့နေရာကတော့ ငိုရွာနားမှာ ပျောက်သွားတယ်လို့သိရတယ် သူတို့ကစားနှိပ်ရိက္ခာဝယ်ဖို့သွားတာ စက်တင်ဘာ (၁၈) ရက်နေ့ကလည်း မိသားစုတွေကသွားရှာကြသေးတယ် ဘာမှအဖြေမပေါ်တော့ဘူး အဲဒီနေရာမှာပျောက်တဲ့သူက အစအနကိုပျောက်တာ” ဟု ဦးလွင်ထန်ကပြောသည်။
ပျောက်ဆုံးသွားသည့် မောင်ကျေးရွာသား (၃) ဦးမှာ ဦးလှခိုင် အသက် (၂၃) နှစ်၊ ဦးမောင်မောင်ဖေ အသက် (၃၂) နှစ်၊ ဦးမောင်ပူးဆယ်(ခ) မောင်စော အသက် (၄၀) နှစ်ဖြစ်ပြီး ၎င်းတို့မှာအိမ်ထောင်သည်များဖြစ်ကြကာ တောင်ယာလုပ်ကိုင်သူများဖြစ်ကြသည်ဟု သိရသည်။
လေမြိုမြစ်ဒေသတွင်နေထိုင်ကြသော ဒေသခံရွာသားများသည် ရခိုင်ပြည်နယ်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်တို့မှ ဆန်၊ ဆီ၊ ဆားနှင့် စားနှိပ်ရိက္ခာများကို အဓိကဝယ်ယူပြီး စက်လှေဖြင့် သယ်ယူလေ့ရှိကြသည်။
မောင်ကျေးရွာသား (၃) ဦး ပျောက်ဆုံးမှုနှင့်ပတ်သက်ပြီး မိသားစုဝင်များက ပျောက်ဆုံးသွားသည့်နေရာဟု ယူဆသောနေရာများတွင် လိုက်လံရှာဖွေခဲ့ကြသော်လည်း အစအန တစုံတရာမျှ တွေ့ရှိခြင်းမရှိဘဲ သံထောင်ကျေးရွာရဲစခန်းသို့ တိုင်ကြားထားသည်ဟု သိရသည်။
ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC) ၏ သြဂုတ်လ (၃၀) ရက်နေ့စွဲဖြင့် ထုတ်ပြန်သော ကြေညာချက်တွင် ပလက်ဝမြို့နယ်အတွင်း ယခုကဲ့သို့ ဒေသခံရွာသားများ ပဟေဠိဆန်ဆန်ပျောက်ဆုံးမှုသည် (၁၀) ဦး အထိရှိနေပြီဟု ဖော်ပြထားသည်။
ပလက်ဝမြို့နယ်အတွင်းရှိ ဒေသခံရွာသားများ တစ်ယောက်ပြီးတစ်ယောက် ပျောက်ဆုံးနေမှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းများ၏ လက်ချက်ဖြစ်သည်ကို တိတိကျကျမသိရှိကြသော်လည်း ရက္ခိုင့်တပ်မတော်(AA) တပ်ဖွဲ့နှင့် ပတ်သက်ဆက်နွယ်နိုင်သည်ဟု (KACC) နှင့် ဒေသခံများက ယူဆနေကြသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ခိုနူမ်းသုန်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
ရက္ခိုင့်တပ်မတော် (AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကတော့ ရွာသားများပျောက်ဆုံးမှုသည် ၎င်းတို့နှင့်ပတ်သက်ဆက်နွယ်မှုမရှိကြောင်း၊ မြန်မာ့တပ်မတော်က အေအေတပ်ဖွဲ့အယောင်ဆောင်ပြီး လုပ်ဆောင်နေခြင်းဖြစ်နိုင်သည်ဟု ပြောဆိုပါသည်။
“ကျနော်တို့ဘက်ကတော့ အဲလိုမျိုးဖမ်းဆီးတာမရှိဘူး၊ ဗမာစစ်တပ်ကနေပြီးတော့ လေမြိုချောင်းအထက်ကနေလာတဲ့ စက်လှေတွေကို လမ်းကြောင်းမှာ စစ်ဆေးတဲ့အခါ သူတို့ဘက်ကနေပြီးတော့ AA အယောင်ဆောင်ပြီးတော့ အဲဒီငိုရွာအောက်နားမှာ ရွာသားတွေကို သူတို့ကနေပြီးတော့ ဗမာစစ်တပ်ထဲမှာရှိတဲ့ ရခိုင်လူမျိုးတွေပေါ့၊ ရခိုင်လူမျိုးတွေကို အသုံးချပြီးမှ အဲဒါ AA ပါ၊ အဲလိုမျိုးပြောခိုင်းပြီးတော့ အဲလိုမျိုး စစ်ဆေးတာတွေရှိတယ်၊ နောက်ပြီးတော့ ရွာသားတွေဆီက အဲလိုမျိုး ယူတာတွေရှိတယ်၊ နောက်ပိုင်းလေ့လာကြည့်တဲ့အခါတော့ အဲဒီနေရာမှာ သူတို့ဗမာစစ်တပ်ထဲမှာရှိတဲ့ ရခိုင်လူမျိုးတွေကို အသုံးချပြီးမှ ဒေသခံပြည်သူတွေကြားထဲမှာ AA ကနေပြီးမှ ဒီလိုလုပ်ပါတယ်ဆိုပြီးတော့ အထင်အမြင်တွေလွဲလာအောင် အဲလိုမျိုးလုပ်ကြံတဲ့ဥစ္စာတွေရှိတယ်ဆိုတာကို ကျနော်တို့သိရတယ်” ဟု ဦးခိုင်သုခကပြောသည်။
အေအေတပ်ဖွဲ့အနေဖြင့် ရွာသားများအား အကြောင်းမဲ့ဖမ်းဆီးခြင်းမရှိကြောင်း၊ အေအေတပ်ဖွဲ့၏ သတင်းများကို တပ်မတော်ထံသို့ ပေးပို့သည်ဟု ခိုင်လုံသည့်အချက်အလက်များဖြင့် သိရှိရပါက ထိုသူကို အတိုင်းအတာတစ်ခုအထိ ခေါ်ယူသတိပေးသည့်အဆင့် လုပ်ဆောင်ပြီးနောက် ကောင်းကောင်းမွန်မွန် ပြန်လွှတ်ပေးသည်ဟု အေအေပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ယခင်ကလည်း အေအေတပ်ဖွဲ့သည် တိုက်ပွဲအခြေအနေကြောင့် ကင်းတလင်းရွာသား၊ ချင်း (၅၄) ဦးနှင့် ရခိုင်ရွာသားများ ထိန်းသိမ်းခြင်းနှင့် ပြန်လည်လွှတ်ပေးခြင်း ပြုလုပ်ခဲ့သည့်အပြင် သံတောင်ကျေးရွာအုပ်ချုပ်မှူးကိုလည်း တပ်မတော်ထံသို့သတင်းပေးပို့သည့် အထောက်အထားများရရှိသည့်အတွက် ခေါ်ယူစစ်ဆေးပြီးနောက် ကောင်းမွန်စွာ ပြန်လွှတ်ပေးခဲ့ဖူးသည်။
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်သည် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (အေအေ) တို့ တိုက်ပွဲဖြစ်ပွားနေသည့် ဒေသတစ်ခုဖြစ်ပြီး တိုက်ပွဲကြောင့် ထောင်နှင့်ချီသော ဒေသခံပြည်သူများ စစ်ဘေးတိမ်းရှောင်နေကြရသည်။







