ငြိမ်းချမ်းရေးတွင် အမျိုးသမီးပါဝင်မှု ရာခိုင်နှုန်းလက်တွေ့ဖော်ဆောင်ရန် အားနည်းနေသေး

ငြိမ်းချမ်းရေးတွင် အမျိုးသမီးပါဝင်မှု ရာခိုင်နှုန်းလက်တွေ့ဖော်ဆောင်ရန် အားနည်းနေသေး

မြန်မာနိုင်ငံ၏ ပြည်ထောင်စုသဘောတူစာချုပ်အရငြိမ်းချမ်းရေးလုပ်ငန်စဉ်များတွင် အမျိုးသမီးများ ပါဝင်မှု ၃၀ ရာခိုင်နှုန်းမပြည့်သေးသည့်အပြင် ပါဝင်သူများမှာလည်း အိမ်ပြည့်အဖြစ်သာ ပါဝင်နေသေးသည်ဟု ငြိမ်းချမ်းရေးတွင် ပါဝင် လှုပ်ရှားနေသူ အမျိုးသမီးများက သုံးသပ်ပြောဆိုသည်။

“ဆွေးနွေးပွဲတွေမှာ အမျိုးသမီးတွေ ပိုပါလာတယ်လို့ ပြောကြတယ်။ တကယ်တမ်းက အထက်ပိုင်း ဆုံးဖြတ်ချက်ချတဲ့အပိုင်းမှာ ပိုပါလာတာ မဟုတ်ဘူး။ ဝန်ဆောင်မှုပေးရတဲ့အပိုင်းတွေမှာပဲ ပါလာတာ” ဟု ကျားမတန်းတူရေးမဟာမိတ်အဖွဲ့ (AGIPP)မှ ဒေါ်နန်းဖြူဖြူလင်းက ပြောသည်။

မြန်မာနိုင်ငံ၏ ပြည်ထောင်စုသဘောတူစာချုပ်တွင် ပါရှိသည့် လူမှုရေးကဏ္ဍအခြေခံမူ သဘောတူညီချက် ပြန်လည်နေရာချထားရေး ၊လူမှုဖွံဖြိုးရေးဆိုင်ရာ ကိစ္စရပ်များအား ဆောင်ရွက်ရာတွင် ဆုံးဖြတ်ချက်ချသည့် အဆင့်တိုင်း နှင့် အကောင်အထည်ဖော်မှု အဆင့်တိုင်းတွင် အမျိုးသမီးများ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်ရန် ဆိုသည့်အချက်ပါဝင်သည်။

အင်ဂျန်းယန် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဂျာဆိုင်းခေါန်က “၃၀ ရာခိုင်နှုန်းကတော့ မရှိနိုင်သေးဘူး။ အမျိုးသမီးတွေကို နှစ်ပေါင်းများစွာ အနောက်မှာ ပစ်ထားခဲ့တဲ့ လူတွေက ချက်ချင်းကြီးကတော့ အားရှိပါးရှိ ပြိုင်နိုင်ဖို့ဆိုတာ မလွယ်ဘူး။ ဒါပေမယ့် အဲဒီလို ပြိုင်နိုင်ဖို့ မလွယ်တာကို ထည့်သွင်းပေးဖို့လိုသလို တကယ်ထက်မြက်တဲ့ အမျိုးသမီးတွေလည်း ရှိတယ်။ အဲဒါကို အသိမှတ်ပြုဖို့လည်း လိုတယ်” ဟု သူ့အမြင်ကို ပြောသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီး ပါဝင်ရေးဟု ဆိုရာတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား အပစ်ရပ်သဘောတူညီချက်မရသေးသည့် လက်ရှိအခြေအနေအရ မဖြစ်နိုင်သေးဟု သုံးသပ်ကြသည့် အမျိုးသားများလည်း ရှိကြသည်။

ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) မှ ပြောရေးဆိုခွင့်ရှိသူ ဦးလမိုင်ဂွမ်ဂျာက “တပ်မတော်နဲ့ ကေအိုင်အေ နှစ်ဖွဲ့ကြား တွေ့ဆုံဆွေးနွေးမှု မပြုနိုင်သေးတဲ့အတွက် PCG အနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပေးတဲ့ အဆင့်ကို မရောက်နိုင်သေးတာပါ” ဟု ပြောသည်။

အမျိုးသမီးများအရေး ဆွေးနွေးနိုင်ရန်အတွက် ဆွေးနွေးပွဲများတွင် အမျိုးသမီး ပါဝင်နိုင်ရေး အကောင်အထည်ဖော်ရန် ခက်ခဲနေရခြင်းမှာ အဖွဲ့အစည်းများက ကိုယ်စားလှယ်လွှတ်ရာတွင် အမျိုးသမီးများ မပါဝင်လာခြင်း၊ အဖွဲ့အစည်းများအနေဖြင့် ဖိတ်ကြားမှုများ အနီးကပ်မှ ရခြင်းနှင့် ပဋိပက္ခဒေသမှ အမျိုးသမီးများ နိုင်ငံရေးတွင် စိတ်ဝင်စားမှု နည်းပါးခြင်းတို့ကြောင့် ဖြစ်သည်ဟု သိရသည်။

ယခုအခါ ငြိမ်းချမ်းရေးဖြစ်စဉ်များ၊ နိုင်ငံရေးဖြစ်စဉ်များတွင် အမျိုးသမီးများ ပါဝင်နိုင်ရန် သတ်မှတ်ပေးထားသည့် အရေအတွက် မပြည့်မီနိူင်သေးသော်လည်း အမျိုးသမီးပါဝင်မှုမှာ တစ်နှစ်ထက်တစ်နှစ် ပိုလာသည်ဟု ကချင်ပြည်နယ်ပြည်သူ့ပါတီ ဥက္ကဌ ဒေါက်တာတူးဂျာကပြောသည်။

၂၀၁၆ ခုနှစ် သြဂုတ်လက ကျင်းပသော ပြည်ထောင်စုငြိမ်ချမ်းရေး ညီလာခံတွင် အမျိုးသမီး ၁၃ ရာခိုင်နှုန်းပါဝင်ခဲ့ရာက ၂၀၁၇ ခုနှစ် မေလက ကျင်းပသော ညီလာခံတွင် ၁၇ ရာခိုင်နှုန်းနှင့် ၂၀၁၈ ခုနှစ် ဇူလိုင်လက ကျင်းပသော ညီလာခံတွင် ၂၂ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည်။

May 12, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန် ဦးဆောင်တဲ့ အဖွဲ့တွေဟာ...
May 11, 2026
နော်ထွယ့်(ဟူးကောင့်) — ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရုတ်တစ်သျှူးငှက်ပျော...
May 11, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ  ဧပြီလတစ်လအတွင်းယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၅ ဦးအနက်...
May 9, 2026
စစ်ကိုင်းတိုင်း ကချင်ပြည်နယ်ဝင်ပေါက်က မော်လူးမြို့ကို...