အစိုးရ၏ ရွှေ့ပြောင်းအလုပ်သမား နေရာချထားရေး အစီစဉ်ကို ကချင်ပါတီ ကန့်ကွက်

အစိုးရ၏ ရွှေ့ပြောင်းအလုပ်သမား နေရာချထားရေး အစီစဉ်ကို ကချင်ပါတီ ကန့်ကွက်

ကချင်ပြည်နယ်အတွင်း ရွှေ့ပြောင်းအလုပ်သမားများကို ပြန်လည်နေရာချထားရန် မြန်မာအစိုးရလုပ်ဆောင်နေခြင်း အစီစဉ်အား ရပ်တန့်ပေးရန် အဓိက ကချင်နိုင်ငံရေးပါတီ၏ ကန့်ကွက် တင်ပြထားမှုကိစ္စ အစိုးရက ပါတီခေါင်းဆောင်များနှင့် စက်တင်ဘာ (၂၀) သောကြာနေ့ မြစ်ကြီးနားမြု့တွင် တွေ့ဆုံခဲ့သည်။

ကချင်ပြည်နယ်သို့  ရွှေ့ပြောင်းအလုပ်သမားများအဖြစ် ဝင်ရောက်လာသူများကို အထူးသဖြင့် ဖားကန့် နှင့် တနိုင်း နှစ်မြို့နယ်အတွင်း အိမ်ထောင်စု နှင့် မှတ်ပုံတင်ပြုလုပ်ပေးခြင်း၊ အိမ်ခြံမြေ နှင့် ပြန်လည်နေရာချထားရေး စီမံကိန်းများလုပ်ဆောင်မှုကို ရပ်တန့်ထားစေလိုကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP က သြဂုတ်လ (၅)ရက်နေ့ ပြည်ထောင်စု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေး ဝန်ကြီးဌာန သို့ စာတင်ပြ တောင်းဆိုခဲ့ပြီးနောက် ယခုလို ပြည်နယ်အစိုးရမှ ခေါ်ယူတွေ့ဆုံခြင်း ဖြစ်သည်။

“ဒေသခံပြည်သူတွေရဲ့သဘောထားမပါတဲ့အတွက် ကန့်ကွက်တယ်လို့ ပြည်ထောင်စုသို့တင်ပြခဲ့တယ်။ ပြည်ထောင်စုကနေ တဆင့် NRPC (အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန) ကို ပြည်နယ်အစိုးရနဲ့ ကချင်ပါတီတွေကို တွေ့ဆုံဖို့ညွန်ကြားလာတယ်။ ပြည်နယ်အစိုးရအနေနဲ့တော့ နယ်လုံဝန်ကြီးနဲ့ တွေ့ဆုံဖို့ ညွန်ကြားလာတယ်။ နယ်လုံဝန်ကြီးက ဆင့်ခေါ်လာတဲ့အတွက် တွေ့ဆုံခဲ့ခြင်းဖြစ်တယ်” ဟု KSPP ယာယီဦးဆောင် ကော်မတီ ဒုတိယ ဥက္ကဌ Duwa Gumgrawng Awng Hkam (ဒူဝါ ကွမ်ဂေါင်အောင်ခမ်း) က ဆိုသည်။

တွေ့ဆုံမှုတွင် ပြည်နယ်အစိုးရအဖွဲ့ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး နေလင်းထွန်း နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဌာန ဝန်ကြီး ဦးဇော်ဝင်း တို့ ဦးဆောင် ပါဝင်ပြီး၊ KSPP ဘက်မှ ဥက္ကဌ Dr. Manam Tu Ja (ဒေါက်တာ မနမ်တူးဂျာ) နှင့် Duwa Awng Hkam တို့ ဦးဆောင်ပြီး တွေ့ဆုံခဲ့သည်။

ပြည်နယ်အတွင်း ရွှေ့ပြောင်းအလုပ်သမားများကို ပြန်လည်နေရာချထားရေး လုပ်ငန်းစီမံကိန်းကြောင့် ဌာနေ တိုင်းရင်းသားတို့၏ ဆန့်ကျင်တော်လှန်မှုများ ဖြစ်ပေါ်လာနိုင်ပြီး လက်ရှိဖော်ဆောင်နေသော ငြိမ်းချမ်းရေးခရီးကို ထိခိုက်နိုင်သောကြောင့် ကန့်ကွက်ရခြင်းဖြစ်သည်ဟု Duwa Awng Hkam ဆက်လက် ပြောဆိုသည်။

“တိုင်းရင်းသား ဒေသတွေမှာ မြေလွတ် မြေလပ်ဆိုတာမရှိဘူး။ ဒေသခံ မဟုတ်တဲ့သူတွေကို အိမ်ထောင်စု၊ မှတ်ပုံတင် လုပ်ပေးမယ်ဆိုတာက လက်ရှိ ဒေသခံတွေရဲ့ မြေယာတွေကို မြေလွတ် မြေလပ်နဲ့ သိမ်းယူပြီး နေရာချပေးဖို့ စီစဉ်နေတယ် လို့ဘဲ မြင်တယ်။ ဒါကြောင့် ကချင်ပါတီတွေက ဒေသခံတွေရဲ့ သဘောဆန္ဒအရ ကန့်ကွက်တာဖြစ်တယ်” ဟုပြောဆိုသည်။

ကချင်ပြည်နယ်အတွင်း သဘာဝသယံဇာတထွက်ရှိရာ တနိုင်းဒေသ နှင့် ဖားကန့်ဒေသသို့ ဆယ်စုနှစ်အတွင်း နိုင်ငံတစ်ဝှမ်းမှ ရွှေ့ပြောင်းအလုပ်သမား သိန်းဂဏန်း ဝင်ရောက် လုပ်ကိုင်လာကြကြောင်း သိရသည်။

‘Mungnawk Hkawng Uru Ga (မုန်နောက်ခေါင်ဥရုဒေသ)’ ဟု ခေါ်ဆိုသော ယခု ဖားကန့် ဌာနေသားတို့လည်း အစိုးရ၏ ဤအစီစဉ်ကို ကန့်ကွက်ကြောင်း ပြောပါသည်။

“ကျနော ပြောရမယ်ဆိုရင် ကချင်ပြည်နယ်မှာ ဌာနေတိုင်းရင်းသားတွေရဲ့အခွင့်အရေးကို မငဲညှာတဲ့လုပ်ရပ်လို့ မြင်တယ်။ ပြီးရင် တိုင်းရင်းသားတွေအချင်းချင်း စိတ်ဝမ်းကွဲအောင်လုပ်တဲ့လုပ်ရပ်လည်း ပြောလို့ရတယ်။ နောက်တစ်ခုက ၂၀၂၀ ရွေးကောက်ပွဲအတွက် လူဦးရေ ပိုများအောင် ကြိုတင်ပြင်ဆင်မှုတစ်ခုဖြစ်တယ်” ဟု ဖားကန့် ဌာနေသား Sara Lamawng La Tawng (ဆရာလမောင်လတောင်) ပြောပါသည်။

ရွှေ့ပြောင်း အလုပ်သမားများအား ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များအဖြစ် လွန်ခဲ့သည့် ဇွန်လ (၂၄)ရက်နေ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်မြတ်အေး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် လူမှုရေးဝန်ကြီးတို့ပါဝင်ပြီး ကချင်ပြည်နယ်အစိုးရရုံးတွင် ဆွေးနွေးခဲ့ကြသည်ဟု  အစိုးရမှ ထုတ်ပြန်ထားပါသည်။

ထို့အပြင် အဆိုပါစီမံကိန်း၏ ရှေ့ဆက်လုပ်ငန်းစဉ်များဆိုင်ရာ ဆွေးနွေးပွဲကို နေပြည်တော်တွင် မေလ (၂၀)ရက်နေ့ လုပ်ခဲ့ရာ၊ ရွှေ့ပြောင်းအလုပ်သမားများအား ပြန်လည်နေရာချထားမည့် အစီစဉ်ကို ကန့်ကွက်ကြောင်း ကချင်အမျိုးသားကွန်ကရက်ပါတီ KNC ကလည်း ကြေညာချက် ထုတ်ပြန်ထားပါသည်။

January 10, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ယုန်းအောင်အဖွဲ့ စိုးမိုးထားတဲ့...
January 9, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ဖတ်ကာမြို့အနီး နမ့်အွမ်ကျေးရွာမှာ ဒေသခံတွေထိန်းသိမ်းထားတဲ့...
January 7, 2026
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ရဒေသဖြစ်တဲ့ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်တွေမှာ...
January 7, 2026
ကသာမြို့လုံးကျွတ် နီးပါး ဘေးလွှတ်ရာကို စစ်ဘေးတိမ်းရှောင်နေကြရချိန် ဒေသခံတချို့ဟာ...