ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် နန်းချောင်းကျေးရွာသားတစ်ဦး သြဂုတ်လ (၁၀) ရက်နေ့တွင် နန်းပတာကျေးရွာသို့သွားရာလမ်းတွင် ပျောက်ဆုံးကာ ယနေ့ထိပျောက်ဆုံးနေကြောင်း နီးစပ်ရာဆွေမျိုးများထံမှသိရှိရသည်။
ပလက်ဝမြို့နယ်၊ နန်းချောင်းကျေးရွာတွင်နေထိုင်သည့် ဦးဆာဘွန် အသက် (၄၃) နှစ်သည် နံပတာကျေးရွာသို့သွားရန် သြဂုတ်လ (၁၀) ရက်နေ့ မွန်းလွဲ ၂ နာရီတွင် နေအိမ်မှထွက်သွားပြီး လမ်းတွင်ပျောက်ဆုံးသွားကြောင်း တူမဖြစ်သူ မချယ်ရီကပြောသည်။
“ဦးလေးကလေ မွန်းလွဲ ၂ နာရီလောက်က ထွက်သွားတာ နန်းပတာရွာကိုသွားဖို့ထွက်သွားတာ ၄ နာရီလောက်မှာ ပြန်ဖုန်းဆက်ကြည့်တော့သူ့ကို ဖုန်းခေါ်လို့မရတော့ဘူး၊ ဒီကြားပျောက်သွားတယ်ဆိုတော့ ဥပမာ ယာဉ်မတော်တဆ တစ်ခုခုဖြစ်လို့သေသွားတယ်ဆိုရင်တောင် ဆိုင်ကယ်နဲ့ လူက ကျန်ရစ်မှပေါ့နော် သူကကျတော့ ဘာမှလည်းမတွေ့ရဘူး၊ ဆိုင်ကယ်ကလည်း အစနည်းနည်းလေးပဲချန်ထားခဲ့တယ်ဆိုတော့ ခေါ်သွားခံရတယ်လို့ပဲထင်ကြတာပေါ့နော်” ဟု မချယ်ရီက ခိုနူမ်းသုန်ကို ပြောပြသည်။
၎င်းပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး ရပ်ကွက်အုပ်ချုပ်မှူးနှင့် ရဲစခန်းသို့သွားရောက်တိုင်ကြားခဲ့ပြီး မိသားစုများမှ လက်နက်အဖွဲ့များဖမ်းဆီးခြင်းခံရသည်ဟု ယူဆခြင်းကြောင်း သြဂုတ်လ (၁၄) ရက်တွင် တပ်မတော်သို့ ထပ်မံ တိုင်ကြားခဲ့ကြောင်းဆက်ပြောသည်။
“အုပ်ချုပ်ရေးမှူးဆီမှာလည်းတိုင်တယ် နောက်ပြီးရဲစခန်းမှာလည်းတိုင်ထားတယ် အကုန်လုံးတိုင်ထားတယ်၊ တပ်မတော်ဘက်ကိုလည်းတိုင်ထားတာတော့ရှိတယ် ဒါပေမဲ့ ဖြစ်ခါစဆိုရင်မတိုင်ထားဘူး သူ့အတွက် အန္တရာယ်ရှိတယ်လေ၊ တစ်ချို့ ဟိုးအထက်ပိုင်းမှာ ဆိုလို့ရှိရင် နှစ်ရက်သုံးရက်ဆိုလို့ရှိရင်ပို့ပေးတယ်။ အဲဒါကြောင့်မို့ (၁၄) ရက်နေ့လောက်မှပဲတိုင်ထားတာ၊ တပ်ဖက်ကလည်း သူတို့ဘာမှမလုပ်ပေးနိုင်ဘူးလို့ ပဲပြောတယ်” ဟု မချယ်ရီကပြောသည်။
ဦးဆာဘွန်ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး ဦးဆာဘွန်၏ ညီမရင်းဖြစ်သူမဟိုရိန်းမှလည်း “ညီမတို့ ရွာအောက်နန်းပတာရွာရှိတယ် သူက တနင်္ဂနွေနေ့ဆိုရင် အမြဲတမ်းသွားလေ့ရှိတယ်လေ အဲဒီရွာမရောက်ခင်လည်းရှာတယ် တောထဲမှာလည်းရှာတယ် ရှာကြည့်ပါသေးတယ် သူနဲ့ပေါင်းတဲ့ သူ့သူငယ်ချင်းတွေလည်းဖုန်းဆက်ပြီးရောက်မရောက်လည်းဆက်သေးတယ်လေ သူတို့ဆီမှာမရောက်ဘူး၊ သူက အရင်ကဆိုလို့ရှိရင် ညကြီးမှာပဲဖြစ်ဖြစ်တစ်ခါမှ ဖုန်းပိတ်ထားလေ့မရှိဘူး အားမရှိရင်လည်း ဖုန်းတော့ အမြဲဖွင့်ထားတာ သူပျောက်တဲ့ ညကတည်းကဖုန်းကလည်းပိတ်နေတာ၊ ခေါ်လို့လည်းမရ ဆိုင်ကယ်နှင့် ထွက်သွားတယ်ဆိုတော့ ဘယ်နေရာကို ဘယ်ကိုရှာရမလဲတောင်မသိတော့ဘူးဖြစ်နေတာလေ၊ ကျမတို့ ဌာနဆိုင်ရာအားလုံးမှာလည်း စာတွေလည်းတင်ပါတယ် ပျောက်ဆုံးသွားတဲ့အကြောင်းပေါ့။ သူပြန်မလာတာကြာတော့ ကျမတို့ ဆုတောင်းပြီးတော့ တစ်နေ့နေ့တစ်ချိန်ချိန်ပြန်လာမယ်လို့ပဲ စောင့်မျှော်နေတာပေါ့နော်” ဟု ညီမဖြစ်သူကလည်း ခိုနူမ်းသုန်ကို ပြောပြသည်။
အဆိုပါ ဦးဆာဘွန်ပျောက်ဆုံးမှုနှင့်ပတ်သက်ပြီး ခိုနူမ်းသုန်မှ ပလက်ဝမြို့နယ်၊ နန်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ဆက်သွယ်ရန် အကြိမ်ကြိမ်ကြိုးစားသော်လည်း ဖုန်းလိုင်းဆက်သွယ်မှု အခက်အခဲကြောင့် မေးမြန်း နိုင်ခြင်းမရှိသေးပါ။
ထိုနည်းတူ အေအေပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို ဆက်သွယ်သော်လည်း ဖုန်းပြန်လည်ဖြေကြားခြင်းမရှိသေးပေ။
ဦးဆာဘွန်သည် ပလက်ဝမြို့နယ်၊ နန်းချောင်းကျေးရွာတွင် တောင်ယာလုပ်ကိုင်သူဖြစ်ကာ ဇနီးခင်နွဲ့၊ သားသမီးလေးယောက် နှင့်နေထိုင်သူဖြစ်ကာ ယခုပျောက်ဆုံးမှုနှင့်ပတ်သက်ပြီး မည်သို့မည်ပုံပျောက်ဆုံးသည်နှင့် မည်သူ့လက်ချက်ဖြစ်သည်ကို အတိအကျစုံစမ်းဖော်ထုတ်နိုင်ခြင်းမရှိသေးပါ။
နန်းချောင်းကျေးရွာသည် ပလက်ဝမြို့နယ်၏ အောက်ဖက်တွင်တည်ရှိပြီး ပလက်ဝမြို့မှ မိုင်အားဖြင့် လေးမိုင်သာကွာဝေးသည့် ကျေးရွာဖြစ်ကြောင်းသိရသည်။







