လူတိုင်းအကျုံးဝင် အရည်အသွေးမီပညာရေးအတွက် ကမ္ဘာ့ဘဏ်ချေးငွေ ချင်းပြည်နယ်မြို့နယ် လေးခုပါဝင်

လူတိုင်းအကျုံးဝင် အရည်အသွေးမီပညာရေးအတွက် ကမ္ဘာ့ဘဏ်ချေးငွေ ချင်းပြည်နယ်မြို့နယ် လေးခုပါဝင်

လူတိုင်းအကျုံးဝင်မည့် အရည်အသွေးမီပညာရေးလုပ်ငန်းအစီအစဉ်အတွက် ကမ္ဘာ့ဘဏ်မှ ချေးငွေရယူသွားရန် နိုင်ငံတော်သမ္မတမှ စက်တင်ဘာ ၁၇ရက်နေ့တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော်တွင်တင်သွင်းခဲ့ပြီး အဆိုပါစီမံကိန်းတွင် ချင်းပြည်နယ်အတွင်းမှ မြို့နယ်လေးမြို့နယ် ပါဝင်ကြောင်းသိရသည်။

ချင်းပြည်နယ်တွင် ပလက်ဝမြို့နယ်၊ ကန်ပက်လက်မြို့နယ်၊ မင်းတပ်မြို့နယ်နှင့် ထန်တလန်မြို့နယ်တို့ပါဝင်ခြင်းဖြစ်သည်။ မြို့နယ်အလိုက် ရန်ပုံငွေရရှိမှုမှာ ချေးငွေရရှိပြီးနောက် ပြန်လည် စိစစ်ခွဲတမ်းချမည်ဖြစ်သည်။

လူတိုင်းအကျုံးဝင် အရည်အသွေးမီပညာရေးလုပ်ငန်းစဉ်အတွက် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ (IDA)ထံမှ အမေရိကန်ဒေါ်လာ သန်း၁၀၀ ချေးငွေရယူသွားရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းတို့မှ ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော်သမ္မတကိုယ်စား တင်သွင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါစီမံကိန်းတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်  မြို့နယ်ပေါင်း ၁၁၅မြို့နယ်၊ အခြေခံပညာကျောင်းပေါင်း ၁၅၀၀၀၊ ကျောင်းသားပေါင်း သုံးသန်းခန့်အပေါ် အကျိုးသက်ရောက်မှုရှိမည့်စီမံကိန်းဖြစ်ကြောင်းသိရသည်။

ပလက်ဝမြို့နယ်မဲဆန္ဒနယ်မှ လွှတ်တော်အမတ် ဆလိုင်းမျိုးထိုက်မှ “သူတို့ဖော်ပြချက်အရ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပညာရေးပိုင်းမှာ တစ်ကယ်လိုအပ်နေတဲ့မြို့နယ်တွေကို ရွေးထားတဲ့အတွက် တစ်ကယ်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်၊ အဓိကတော့ သက်ဆိုင်ရာဌာနတွေကလည်း သေချာကိုင်တွယ်မယ်၊ အခြေခံပညာကျောင်းတွေဘက်ကလည်း သေချာဆောင်ရွက်မယ်ဆိုရင် အများကြီးတော့ဖြစ်လာမှာပါ၊ ကျနော်တို့ပလက်ဝဆိုရင်လည်း ဆယ်တန်းအောင်ချက်အနိမ့်ဆုံးပိုင်းမှာပါတဲ့အတွက် တစ်ကယ်ကိုလိုအပ်ပါတယ်”ဟုပြောသည်။

စီမံကိန်း၏အဓိကရည်ရွယ်ချက်မှာ အခြေခံပညာကျောင်းများရှိ ကလေးများအားလုံး အရည်အသွေးမီ အခြေခံပညာရေးအခွင့်အလမ်းများကို ရရှိစေရန်၊ ကျောင်းပြင်ပရောက် ကျောင်းနေအရွယ်ကလေးများအား သင်ယူမှုအခွင့်အလမ်းများ ဖန်တီးပေးရန်၊ ပညာရေးဝန်ထမ်းများ ဘဏ္ဍာရေးနှစ် စီမံခန့်ခွဲမှုလုပ်ငန်းများ အားကောင်းလာစေရန် တို့ဖြစ်ကြောင်းသိရသည်။

စီမံကိန်းအတွက် ကမ္ဘာ့ဘဏ်တွင် ချေးငွေရယူနိုင်ရန် လွှတ်တော်မှ အတည်ပြုပြီးပါက အဆိုပါစီမံကိန်းကာလကို ချေးငွေစာချုပ် အသက်ဝင်ပြီးသည့်ရက်မှ ၄နှစ်အတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...