လွှတ်တော်ရုံးရှေ့ကွန်ကရစ်လမ်းခင်းပေးခဲ့သည့် ကုမ္ပဏီမှ သိန်း ၂၀၀ လှူဒါန်းထားသည့် ဗိုလ်ချုပ်ကြေးရုပ်အတွက် ဟားခါးမြို့တွင် ထားမည့် နေရာသတ်မှတ်ရွေးချယ်ထားခြင်းမရှိသေးကြောင်း သိရသည်။
ဟားခါးမြို့တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုမှာ ယခုလွှတ်တော်ရုံးနေရာတွင် ရှိခဲ့ပြီး လွှတ်တော်ရုံးတည်ဆောက်ရန် ဖယ်ရှားလိုက်ရသည့်အတွက် ဦးဇိုဘွေနှင့်ဦးအောင်သန်းမှ တာဝန်ယူကာ အလှူငွေကောက်ခံခြင်းဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်မှ ပြောသည်။
စည်ပင်ဝန်ကြီး ဦးစိုးထက်မှ “ဗိုလ်ချုပ်ကြေးရုပ်တုက ဘယ်မှာမှ တည်ဖို့မလုပ်ထားသေးဘူး၊ အလှူရှင်ရှိလို့ အလှူရှင်က မှာပြီးတော့ လွှတ်တော်ပို့ထားတယ်၊ ကျနော်တို့ စည်ပင်ပန်းခြံပြီးမှ စည်ပင်ပန်းခြံရမှ ထားရှိသွားမှာပါ၊ ခုတော့ဘာမှ အစီအစဉ်မရှိသေးဘူး”ဟု ပြောသည်။
ချင်းပြည်နယ်လွှတ်တော်ဥက္ကဌဖြစ်သူ ဦးဇိုဘွေက “ ဗိုလ်ချုပ်ကြေးရုပ်တု ထားရှိဖို့အတွက်က ပန်းခြံအရင်လုပ်ပြီးမှ ထားရှိဖို့စီစဉ်ထားတဲ့အတွက် ပန်းခြံနေရာအတွက် မြေနေရာရှာနေပါတယ်၊ အခုဗိုလ်ချုပ်ကြေးရုပ်တုအတွက်ကို လွှတ်တော်ရုံးရှေ့အတွက် ကွန်ကရစ်ခင်းပေးတဲ့ကုမ္ပဏီကနေပြီးတော့ လှူဒါန်းထားတာဖြစ်ပါတယ်”ဟု ပြောသည်။
ဟားခါးမြို့တွင် ဗိုလ်ချုပ်ပန်းခြံထားရှိမည့်ကိစ္စနှင့် ပတ်သတ်ပြီး Chin Youth Network မှ စက်တင်ဘာလ (၁၅)ရက်တွင် သဘောထား ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ထားသည်။
ထိုထုတ်ပြန်ချက်ထဲတွင် လူမျိုးကြီးဝါဒကို ဖြန့်ကျက်ရန်ရည်ရွယ်ချက်ဖြင့် ချင်းပြည်နယ် ဟားခါးမြို့တွင် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုတည်ဆောက်ခြင်းကို အပြင်းအထန်ကန့်ကွက်ရှုတ်ချကြောင်း၊ တိုင်းရင်းသားများ၏ နိုင်ငံရေးလိုလားချက်ကို အကောင်အထည်မဖော်ပဲ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို အတင်းအဓမ္မအကောင်အထည်ဖော်တည်ဆောက်ပါက ချင်းတိုင်းရင်းသားနှင့် ဗမာတိုင်းရင်းသားအကြား မလိုလားအပ်သည့် လူမျိုးရေးဆန်သော အမုန်းပွားမှုများဖြစ်ပေါ်လာနိုင်ကြောင်း ပါဝင်သည်။
ထို့ပြင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးစီးတည်ဆောက်နေခြင်းသည် ဒေသခံတိုင်းရင်းသားများကြားတွင် လူမျိုးကြီးဝါဒလွှမ်းမိုးရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေသည်ဟု မိမိတို့တိုင်းရင်းသားလူငယ်များမှ ရှုမြင်ကြောင်းလည်း ထည့်သွင်းထားသည်။
ချင်းပြည်နယ် ထန်တလန်မြို့တွင်လည်း ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို ထားရှိရန် စီစဉ်ဆောင်ရွက်မှုရှိခဲ့သော်လည်း အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ချင်းအမျိုးသားခေါင်းဆောင်များ၏ ကြေးရုပ်ကိုသာထားရှိပေးရန် ကန့်ကွက်တောင်းဆိုမှုကြောင့် အစီအစဉ်ပျက်ခဲ့သည်။
လက်ရှိ NLD အစိုးရတာဝန်ယူပြီးနောက်ပိုင်းတွင် မွန်ပြည်နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု တည်ထားရန် ဒေသခံတိုင်းရင်းသားများမှ ကြိုတင်ကန့်ကွက်မှုများ ရှိခဲ့သော်လည်း ပြည်နယ်အစိုးရမှ အတင်းအဓမ္မ တည်ဆောက်ခဲ့သည့် ဖြစ်စဉ်များဖြစ်ပွားခဲ့ပြီး ကန့်ကွက်သူအချို့ကိုလည်း ထောင်ချမှုများ ဖြစ်ပွားခဲ့ကြောင်းသိရသည်။







