ရပ်/ရွာအတွင်း ပြုပြင်ရန်နှင့် လိုအပ်ချက်များကို ချင်းလူငယ်အဖွဲ့ (မတူပီ) မှ စစ်ဆေးတိုက်တွန်းလျက်ရှိ

ရပ်/ရွာအတွင်း ပြုပြင်ရန်နှင့် လိုအပ်ချက်များကို ချင်းလူငယ်အဖွဲ့ (မတူပီ) မှ စစ်ဆေးတိုက်တွန်းလျက်ရှိ
Photo Credit: Chin Youth Organization (Matupi)
Photo Credit: Chin Youth Organization (Matupi)

ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းမှစတင်၍ ချင်းလူငယ်အဖွဲ့ (မတူပီ) မှ မတူပီမြို့ရှိ ရပ်ကွက်များသို့ လှည့်လည်ကြည့်ရှုကာ မြို့အင်္ဂါရပ်နှင့်ကိုက်ညီမှုရှိစေရန် သွားရောက်စစ်ဆေးခဲ့ကြပါသည်။

ယခုရက်ပိုင်းအတွင်း အဆက်မပြတ်မိုးများရွာသွန်းမှုကြောင့် မတူပီမြို့ရှိ နေရာအတော်များများတွင် လမ်းသားကျခြင်း၊ လမ်းပြိုခြင်း၊ အိမ်မြေနေရာပြိုခြင်း၊ ရေမြောင်းများမြေစာပြည့်ခြင်းများ ဖြစ်ပေါ်လျက်ရှိပါသည်။

ထို့အပြင် ရေမြောင်းများ စနစ်တကျမထိန်းသိမ်းခြင်း၊ အမှိုက်များ စနစ်တကျမစွန့်ပစ်ခြင်း အစရှိသည်တို့ကြောင့် ရေစီးရေလာကောင်းမွန်မှုမရှိခြင်းနှင့် အခြားဆက်စပ်ဆိုးကျိုးများဖြစ်ပေါ်နေမှုကလည်း မြို့အင်္ဂါရပ်နှင့်ကိုက်ညီမှုမရှိပေ။

ထို့ကြောင့် ချင်းလူငယ်အဖွဲ့ (မတူပီ) မှ ၎င်းတို့၏တွေ့ရှိချက်များကို သက်ဆိုင်ရာ တာဝန်ရှိဌာန၊ အသင်းအဖွဲ့၊ ပုဂ္ဂိုလ်များအနေဖြင့် အမြန်ဆုံးပြင်ဆင်ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ဗဟိုချင်းလူငယ်အဖွဲ့၏ဥက္ကဌနှင့် မတူပီချင်းလူငယ်အဖွဲ့၏အကြံပေးဖြစ်သူ ဦးအာနိုးဘိအားမေးမြန်းခဲ့ရာ “Chin Youth Organization (CYO) ရဲ့ပေါ်လစီက ရေမြောင်းတစ်ခုလုပ်တယ်ဆိုရင် ရေစီးရေလာတကယ်ကောင်းမွန်မှုရှိ/မရှိ၊ အမှိုက်တကယ်ဆင်း/မဆင်း၊ ပြီးရင် သူ့ရဲ့ Quality ပြည့်/မပြည့်၊ စံချိန်စံညွှန်းညီ/မညီ စစ်ဆေးပြီး ထောက်ပြတာရှိတယ်၊ လာဘ်စားမှုရှိ/မရှိ ထောက်ပြတာလည်းရှိတယ်၊ ဌာနဆိုင်ရာတွေရဲ့ မတရားမှုမှန်သမျှ၊ သူတို့ရဲ့အားနည်းချက်တွေ၊ ဟာကွက်တွေကို အမြဲတမ်းထောက်ပြပေးတဲ့ အဖွဲ့အစည်းဖြစ်တာပေါ့၊ လိုအပ်ချက်တွေ၊ ပြုပြင်စရာတွေရှိတယ်ဆိုရင် အမြန်ဆုံးလုပ်ဆောင်ပေးဖို့ တောင်းဆိုတယ်” ဟု ဖြေကြားပေးခဲ့သည်။

ချင်းပြည်နယ်တစ်ဝှမ်းတွင်လည်း ဒေသခံလူငယ်အဖွဲ့များဖွဲ့စည်းပြီး သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်များပေးခြင်း၊ လူငယ်များအား လူမှုရေးအသင်းအဖွဲ့များတွင်ပါဝင်စေကာ အင်တိုက်အားတိုက်လုပ်ဆောင်စေခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူမှုရေးလုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်စေခြင်းများလည်းရှိသည်။

ယင်းအစီအစဉ်နှင့်ပတ်သက်၍ ဗဟိုချင်းလူငယ်အဖွဲ့၏ဥက္ကဌနှင့် မတူပီချင်းလူငယ်အဖွဲ့၏အကြံပေးဖြစ်သူ ဦးအာနိုးဘိမှ ယခုလိုဖြေကြားပေးခဲ့သည်။

“သစ်တောဦးစီးဌာနက အရင်တုန်းက တရားမဝင်သစ်တွေကိုမဖမ်းဘူးလေ၊ ကျေးရွာတိုင်းလိုလိုမှာ ထင်းခေါင်းတွေရှိတယ်၊ သူတို့က တရားမဝင်သစ်တွေ အကန့်အသတ်မရှိပဲ လိုက်ပြီးမှ ခုတ်ဖြတ်နေရတယ်၊ မြို့ပေါ်မှာက ဖြတ်စက် (ဝိုင်းစက်) သမားတွေရှိတယ်၊ ဖြတ်စက်သမားတွေက ကျေးရွာမှာဖြတ်တဲ့သစ်တွေကို သူတို့ကယူတယ်၊ ဖြတ်စက်သမားတွေနဲ့ သစ်တောဦးစီးဌာနက အပေးအယူလုပ်ကြတယ်၊ ဘယ်ကဝင်ဝင် သစ်တောဦးစီးဌာနက လုံးဝမဖမ်းဘူး၊ ဒါကြောင့် ပိုပိုပြီးတော့ သစ်ခုတ်တာဆိုးလာတဲ့အတွက်ကြောင့်၊ နောက်ပြီး ရေထိန်းဧရိယာလည်း မရှောင်ဘူး၊ ဘုံတလာတောင်ကြောတစ်လျှောက်လည်း သစ်ခိုးထုတ်တဲ့သူတွေ မချန်ဘူး၊ လူငယ်တွေနဲ့စဖမ်းတာကတော့ ဂိုက်စီးတောင်ကြောရဲ့ ရေထိန်းဧရိယာမှာဖြစ်တယ်၊ သစ်အလုံးအရင်းနဲ့ ခိုးထုတ်နေတဲ့အချိန်မှာ သစ်တောဦးစီးဌာနက ဘာမှကိုင်တွယ်မှုမရရှိတဲ့အတွက် ဌာဆိုင်ရာတွေအကုန်ခေါ်၊ သစ်တောဦးစီးကတစ်ယောက်ခေါ်ပြီးသွားဖမ်းတာ၊ အဲဒီအချိန်ကနေစပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအနေနဲ့ ခွင့်ပြုချက်မရှိပဲနဲ့၊ မျောစာမရှိပဲနဲ့ သစ်ခုတ်တဲ့သူအားလုံးကို လူငယ်အဖွဲ့က ဌာနဆိုင်ရာနဲ့ပူးပေါင်းပြီးတော့မှ ဖမ်းလိုက်တယ်၊ သစ်ခိုးထုတ်တဲ့သူတွေက ဌာနဆိုင်ရာတွေနဲ့ အပေးအယူလုပ်တယ်ဆိုတော့ ကျွန်တော်တို့ကပဲ တရားမဝင်သစ်တွေရှိတယ်ဆိုတာကို မီးမောင်းထိုးပြလိုက်တာပေါ့၊ ပြည်သူပိုင်အဖြစ်သိမ်းလိုက်တာပေါ့၊ ၂၀၀၆ ခုနှစ်ကနေစပြီးလုပ်လာတာ အခုထိပါပဲ၊ အခုဆိုရင် တော်တော်လေးနည်းသွားပါပြီ”

ဤနည်းအားဖြင့် ချင်းလူငယ်အဖွဲ့မှ လူငယ်များ နည်းအမျိုးမျိုးဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရပ်ရွာအကျိုးကို သယ်ပိုးလျက်ရှိပါသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...