မန္တလေးတက္ကသိုလ်ဝင်းအတွင်း စားသောက်ဆိုင် ဆောက်လုပ်မှုအပေါ် ပွင့်လင်းမြင်သာမှုမရှိဟုဆိုကာ ပါမောက္ခချုပ်ကို အရေးယူပေးရန် ဆန္ဒပြနေကြသည့် သပိတ်မှောက်ကျောင်းသားများက တာဝန်ရှိသူများအနေဖြင့် တစ်စုံတစ်ရာ ညှိနှိုင်းမှု မရှိလျှင် ဆန္ဒပြမှုကို အရှိန်မြှင့်မည်ဟု ယနေ့ ကြေညာလိုက်သည်။
မန္တလေးတက္ကသိုလ်အတွင်း Oriental House အမည်ဖြင့် Food Court စားသောက်ဆိုင် တည်ဆောက်မှုသည် သမ္မတ၏ ညွှန်ကြားချက်ကို ချိုးဖောက်၍ တင်ဒါမခေါ်ဘဲ တည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟုဆိုကာ ကျောင်းအုပ်ချုပ်ရေးအဖွဲ့မှ အဓိက တာဝန်ရှိသည့် ပါမောက္ခချုပ်ကို အရေးယူရန် မန္တလေးတက္ကသိုလ် သမဂ္ဂကျောင်းသား၊ ကျောင်းသူ ခုနှစ်ဦးက စက်တင်ဘာ ၂ရက်က စတင်ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။
ခုနှစ်ဦးဖြင့် စတင်လိုက်သည့် သပိတ်မှောက် ဆန္ဒပြမှုသည် ယခုအခါ လူဦးရေ တစ်ရာခန့် ရှိနေပြီဖြစ်ပြီး “ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်မပေးဘူးဆိုရင် သပိတ်ကို အရှိန်မြှင့် လုပ်ဆောင်သွားပါမယ်” ဟု သပိတ်ဦးဆောင်ကော်မတီဝင် ကိုရန်စိုးပိုင်က ပြောသည်။
သို့သော် မည်ကဲ့သို့ အရှိန်မြှင့် လုပ်ဆောင်မည်ကို ၎င်းတို့က ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေ။
ထိုသို့ ကျောင်းသားများ၏ ဆန္ဒပြမှုသည် လူဦးရေတိုးလာကာ အရှိန်မြှင့်လာခဲ့ပြီးနောက် အဆိုပါ စားသောက်ဆိုင်ကိစ္စကို စုံစမ်းစစ်ဆေးသွားမည်ဟု ပညာရေးဝန်ကြီးဌာနက စက်တင်ဘာ ၆ရက်တွင် ကြေညာခဲ့သည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ပညာရေးဒုဝန်ကြီး ဦးဝင်းမော်ထွန်း ဦးဆောင်ကာ အဖွဲ့ဝင် (၃)ဦးဖြင့် စက်တင်ဘာ ရရက်တွင် စတင် စစ်ဆေးသွားမည် ဖြစ်သည်။
သပိတ်မှောက်နေကြသည့် ကျောင်းသားများ၏ ဆန္ဒပြမှုသည် အများသူငှာ ပညာသင်ကြားရေးကို မထိခိုက်သရွေ့ အရေးယူရန်မရှိဟု ပညာရေးဒုဝန်ကြီးက နေပြည်တော်တွင် ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ပညာရေးဒုဝန်ကြီး ဦးဝင်းမော်ထွန်းက “ကျွန်တော့အနေနဲ့ ဆန္ဒပြတဲ့သူကို အရေးယူဖို့ မရှိဘူး။ ကျွန်တေ်ာတို့ ဖိတ်မယ်။ နားထောင်မယ်။ ကျွန်တော်တို့ စစ်ဆေးမယ်။ အဲ့တော့ ဒီအဆင့်ကတော့ ရတယ်။ ဒီအဆင့်အပြင် ထပ်ပြီး ဥပဒေနဲ့ မညီညွတ်တာ ရှိရင်တော့ ဆိုင်ရာဥပဒေအရ အရေးယူပါလိမ့်မယ်” ဟု ဆိုသည်။
ဆန္ဒပြ ကျောင်းသားများက ‘မှန်ကန်မျှတသော စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၊ စစ်ဆေး၊ အရေးယူပေးရေး’၊ ‘ပညာရေးဝန်ကြီးဌာန၏ ဘက်လိုက်သောစုံစမ်းစစ်ဆေးရေး အဖွဲ့အား အယုံအကြည်မရှိ’၊ ‘မန္တလေးတက္ကသိုလ်အား အသုံးချ၍ ကိုယ်ကျိုးရှာသော ပါမောက္ခချူပ် အလိုမရှိ’၊ ‘ကျောင်းတွင်းစီမံကိန်းများ ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သားစွာ ချပြရေး’ စသည့်တို့ကို ကြွေးကြော်ကာ တောင်းဆိုနေကြသည်။







