ဟားခါးတွင် စနိုက်ဘာမှန်ပြီး စစ်အုပ်စုတပ်သား ၁၀ ကျော်သေဆုံးဟု CNA ပြော

ဟားခါးတွင် စနိုက်ဘာမှန်ပြီး စစ်အုပ်စုတပ်သား ၁၀ ကျော်သေဆုံးဟု CNA ပြော

ပါခွီး — ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းသို့ရောက်ရှိလာသည့် စစ်ကြောင်းကို စနိုက်ဘာဖြင့် ပစ်ခတ်ခဲ့ရာ စစ်အုပ်စုတပ်သား ၁၁ ဦးသေဆုံးခဲ့ကြောင်း ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက မဇ္ဈိမသို့ ပြောသည်။

ဖလမ်းမြို့ကို စစ်အုပ်စုက ဧပြီလ ၂၅ ရက်နေ့တွင် သိမ်းပိုက်ပြီး နောက်ရက်မှစ၍ ဖလမ်း - ဟားခါး လမ်းပိုင်းကို စစ်ကြောင်းထိုးခဲ့ရာ မေလ၁၄ရက်နေ့တွင် ဟားခါးမြို့နယ် ချွန်ကျုံးရွာကိုရောက်ရှိလာပြီးနောက် မေလ ၁၅ ရက်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“ချွန်ကျုံးကိုရောက်တယ်၊ ဆက်မတိုးနိုင်သေးဘူး ၊ ကျနော်တို့တွေက ချုံခိုစောင့်ပြီးတော့ စနိုက်ဘာနဲ့ ပစ်ခဲ့တာ ၁၁ယောက်ကျတာ မျက်မြင်တွေ့ရတယ်” ဟု ဆလိုင်းထက်နီ က မဇ္ဈိမကို ပြောသည်။

ချွန်ကျုံးနှင့် ဟားခါးမြို့သည် ကီလိုမီတာ ၂၀ကျော်ခန့် အကွာအဝေးရှိပြီး ချင်းတော်လှန်ရေးတပ်ဖွဲ့များ ၏ ဖြတ်တောက်တိုက်ခိုက်မှုများကြောင့် ဟားခါးမြို့သို့ မရောက်ရှိနိုင်သေးဖြစ်နေကြောင်း ၎င်းကဆိုသည်။

ချင်းတပ်ဖွဲ့များ၏ ပြောက်ကျားတိုက်ခိုက်မှု ၊ ဒရုန်းနှင့် စနိုက်ဘာပစ်ခတ်မှုများကြောင့် အထိနာနေ သော စစ်အုပ်စုတပ်သည် ချွန်ကျုံးရွာကို နှစ်ရက်ဆက်၍ မီးရှို့ခဲ့ရာ လူနေအိမ်ခြေ ၂၀ကျော်ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ကြောင်းကို ဆင်းကြိုသည့် စစ်အုပ်စုတပ်ကို ဟားခါးမြို့ ခြောက်လမ်းဆုံ အနီးတွင် မေလ ၁၄ရက်နေ့က ချင်းတော်လှန်ရေးတပ်ဖွဲ့များက ဒရုန်း ၊လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် စစ်အုပ်စုတပ် သား လေးဦးသေဆုံးပြီး ဗျူဟာမှူးအပါအဝင် အရာရှိလေးဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

၎င်းအပြင် ဖလမ်း -ဟာခါးလမ်းပေါ်ရှိ လိုင်ကွာကုန်းပေါ်နှင့် အနီးတဝိုက်ဖြစ်ပွားခဲ့သော နေရာများကို ချင်းတပ်ဖွဲ့များက ရှင်းလင်းခဲ့ရာ စွန့်ပြစ်ခဲ့သည့် ပုတ်ပွနေသော စစ်အုပ်စုတပ်သားအလောင်း ခြောက်လောင်းတွေ့ခဲ့ရသည် ဟု ဆလိုင်းထက်နီ က ပြောသည်။

ဖလမ်းမြို့မှ ထွက်လာချိန်တွင် အင်အား ၃၀၀ကျော်ခန့်ပါသော စစ်ကြောင်းသည့် မြို့အထွက် လုံပီးတွင် တပ်သားအချို့ကို ချထားခဲ့ပြီး ဟားခါးမြို့နယ်ဘက်သို့သွားသည့်လမ်းတလျောက်တွင် ချင်းတပ်ဖွဲ့များ၏ အကြိမ်ကြိမ် တိုက်ခိုက်မှုကိုခံရသဖြင့် ထိခိုက်သေဆုံးမှုများကာ ချွန်ကျုံးရွာအရောက်တွင် အင်အား ၁၅၀ခန့်သာ ကျန်ရှိတော့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ၊ ကလေးမြို့မှ တက်လာသည့် စစ်အုပ်စုတပ်သားများသည် ကလေး - ဖလမ်း လမ်းပိုင်းရှိ အချို့ရွာများတွင် အခြေချတပ်စွဲခြင်း၊ လှုပ်ရှားတပ်များထားရှိခဲ့သော်လည်း ဖလမ်း - ဟားခါးလမ်းပိုင်းတွင်မူ တပ်စွဲထားနိုင်ခြင်းမရှိကြောင်းသိရသည်။

“သူတို့ရဲ့ အင်အားနဲ့ တိုက်ရည်ခိုက်ရည်ကြည့်ရင် ဖလမ်း - ဟားခါးလမ်းပိုင်း စိုးမိုးနိုင်မယ့်အခြေအနေတော့မရှိသေးဘူး” ဟု ဆလိုင်းထက်နီ က ပြောသည်။

တိုက်ခိုက်ခံရမှုများကြောင့် အင်အားပြုန်းတီးမှုအပြင် ဖလမ်းမြို့ဖက်မှလည်း စစ်ကူရောက် မလာသဖြင့် နေရာချတပ်စွဲထားနိုင်ခြင်းမရှိဘဲ စစ်ကြောင်းသွားရာလမ်းတလျောက် တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာများကို ချင်းတော်လှန်ရေးတပ်ဖွဲ့ များက ပြန်လည်ထိန်းချုပ်ထားကြောင်း ဆိုသည်။

စစ်အုပ်စုတပ်သည် ချင်းပြည်နယ် ၊ ဟားခါး ၊ တီးတိန်နှင့် ဖလမ်းမြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် ချင်းမြောက်ပိုင်းရှိ တွန်းဇံမြို့ကို စစ်ကြောင်းသုံးကြောင်းထိုးလျက်ရှိရာ တိုက်ပွဲများဖြစ်ပွားနေပြီး ချင်တောင်ပိုင်းရှိ မင်းတပ် ၊ ကန်ပက်လက် မြို့နယ်များကို မကွေးတိုင်းရှိဆောမြို့နယ် ၊ ကျောက်ထု ၊ ကံကြီးကျေးရွာဘက်မှ ဝိုင်းဝန်းပိတ်ဆို့ ထားပြီး စစ်ပြင်လျက်ရှိနေကြောင်း စစ်ရေးသတင်းရင်း မြစ်များထံက သိရသည်။

May 16, 2026
မကွေးတိုင်းထဲက နတ်မောက်မြို့နယ်နှင့် မန္တလေးတိုင်းထဲက ရမည်းသင်းမြို့နယ်တို့ ထိစပ်နေသည့်...
May 15, 2026
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လေးမြို့မြစ်အတွင်း မေလ ၁၂ ရက် ညနေပိုင်းက လူဦးရေအဆမတန်...
May 14, 2026
ပေါ်ထွန်း — မကွေးတိုင်းအတွင်းရှိ ပေါက်မြို့နယ်နှင့် ဆောမြို့နယ်များသို့ စစ်အုပ်စုက...
May 13, 2026
ပေါ်ထွန်း — စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်တင်နေသည့် အာရက္ခတပ်တော် (AA) အပါအဝင်...