AA ထိုးစစ်ကြောင့် ကပစ (၁၆) မှ တပ်မိသားစုဝင်များကို ရွှေ့ပြောင်း

AA ထိုးစစ်ကြောင့် ကပစ (၁၆) မှ တပ်မိသားစုဝင်များကို ရွှေ့ပြောင်း

ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ - ၁၆) မှ မှီခိုရဲမေ မိသားစုဝင်များနှင့် အသက်အရွယ်ကြီးရင့်သူများကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာသို့ အရေးပေါ် ပြောင်းရွှေ့လိုက်ပြီဖြစ် ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့မှစတင်ကာ မေလ ၁၇ရက် လေးရက်တာအတွင်း ကပစ (၁၆) အတွင်းရှိ ရဲမေများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများကို တောင်ငူမြို့ အခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) သို့ စစ်အုပ်စုတပ်ကရွှေ့ပြောင်းပေးလိုက်ခြင်း ဖြစ်သည်ဟု မြေပြင်အခြေအနေကိုသိရှိသော ပန်းတောင်ဒေသခံအမျိုးသားတဦးက မဇ္စျိမ ကိုပြောသည်။

"တိုက်ပွဲတွေက ကပစ (၁၆) နဲ့ တော်တော်လေးကို နီးကပ်လာပြီလေ။ အခြေအနေက စိုးရိမ်ရတဲ့အဆင့် ရောက်လာပြီ။ တပ်မိသားစုဝင်တွေကို အန္တရာယ်ကင်းမယ့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ဘက်ကို အမြန်ဆုံး ပို့လိုက်ရတာ ဖြစ်ပါတယ်။ တပ်မိသားစုတွေတင်မကဘူး၊ ပန်းတောင်းမြို့ပေါ်က ဌာနဆိုင်ရာ ဝန်ထမ်းတွေကြားထဲမှာလည်း စိုးရိမ်ထိတ်လန့်မှုတွေ တော် တော်လေး များနေကြတယ်"ဟု ပန်းတောင်ဒေသခံက ဆိုသည်။

အဆိုပါ ရွှေ့ပြောင်းမှုလုပ်ငန်းစဉ်ကို ကပစ (၁၆) မှ ဗိုလ်ကြီးအဆင့်ရှိသူတဦးနှင့် တပ်မ (၇၇) မှ အရာရှိများက ဦး ဆောင်လုပ်ကိုင်နေပြီး၊ တပ်တွင်းလုံခြုံ ရေးနှင့် စစ်ကူအင်အားအတွက် စစ်ဗျူဟာအဖွဲ့အခြေချ (စခတ ၇) မှ စစ်မှုထမ်းအသစ်များကို အင်အားဖြည့် တင်းပေးထားကြောင်း သိရသည်။

မြေပြင်တွင် AA၏ စစ်ရေးနည်းဗျူဟာနှင့် ထိုးစစ်ဆင်မှုများကို စစ်အုပ်စုတပ်များ အဘက်ဘက်က ယှဉ်ပြိုင်နိုင်စွမ်း မရှိဖြစ်နေကြောင်း နှင့် မြို့တွင်းအခြေအနေကို ပန်းတောင်းမြို့ခံတစ်ဦးက ယခုလို ပြောသည်။

"ကပစဘက်က မိသားစုတွေ ရွှေ့နေတာကို မြို့ခံတွေလည်း သတိထားမိကြတယ်။ လက်နက်ကြီးသံတွေလည်း ကြားနေရတော့ မြို့ပေါ်က ဝန်ထမ်းတွေရော၊ လူထုတွေရော ဘာဆက်ဖြစ်မလဲဆိုပြီး စိုးရိမ်တကြီး စောင့်ကြည့်နေရတဲ့ အနေ အထားပါ"ဟု ၎င်းကပြောသည်။

ကပစ (၁၆) သည် စစ်တပ်အတွက် အလွန်အရေးပါသော နေရာတခုဖြစ်သောကြောင့် အာရက္ခတပ်တော် (AA) ၏ ထိုးစစ်ကို ခုခံနိုင်ရန် လေကြောင်းမှ ပြင်းထန်စွာ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် မြေပြင်စစ်ကူအင်အား ဖြည့်တင်းခြင်းများကို စစ်အုပ်စုဘက်က အသည်း အသန် လုပ်ဆောင်နေရသည်။

ရခိုင်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ပဲခူးတိုင်းအနောက်ခြမ်း ပန်းတောင်းမြို့နယ်အတွင်း အာရက္ခတပ်တော် (AA) ၏ စစ်ရေးလှုပ်ရှားမှုများနှင့် ထိုးစစ်များ ပိုမိုပြင်းထန်လာနေသည့် အတွက် ဒေသတွင်း စစ်ရေးအခြေအနေမှာ အဆမတန် တင်းမာလျက်ရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။

ဓာတ်ပုံ - (မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာတစ်ရွာကို တွေ့ရစဉ် / Crd)
August 29, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များ တည်ရှိရာ ဒေသများသို့ ဦးတည်...
ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...
August 28, 2026
မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် အောက်ခြေ ထောင်ဝန်...
August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...