လိပ်ကျွန်းအမှုမှ မြန်မာနှစ်ဦးကို သက်ညှာပေးရန် စဉ်းစားပေးစေလိုဟု တပ်ချုပ် ပြောကြား

လိပ်ကျွန်းအမှုမှ မြန်မာနှစ်ဦးကို သက်ညှာပေးရန် စဉ်းစားပေးစေလိုဟု တပ်ချုပ် ပြောကြား

လိပ်ကျွန်းလူသတ်မှုမှ သေဒဏ်ချခံထားရသော မြန်မာနိုင်ငံသား နှစ်ဦးနှင့်ပတ်သက်၍ သက်ညှာပေးရန်စဉ်းစားပေးစေလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု သိရသည်။

" ထိုင်းနိုင်ငံတွင် သေဒဏ်ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသော မြန်မာနိုင်ငံသား ၂ ဦးအား နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုများကို ထောက်ထားပြီး သက်ညှာပေးရန်စဉ်းစားပေးစေလိုကြောင်း၊ တရားဥပဒေနှင့်အညီ ကူညီစောင့်ရှောက်ပေးစေလိုကြောင်း" တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့ကြောင်း တပ်မတော်ဘက်မှ သတင်းထုတ်ပြန်သည်။

ဗြိတိန်လူမျိုးကမ္ဘာလှည့်ခရီးသည်နှစ်ဦးအား သတ်ဖြတ်မှုဖြင့် သေဒဏ်ချမှတ်ခံထားရသော မြန်မာ ရွှေ့ပြောင်းလုပ်သားနှစ်ဦး ဖြစ်သော ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့၏ အယူခံကို ထိုင်းနိုင်ငံ၊အမြင့်ဆုံးတရားရုံးမှ သြဂုတ် ၂၉ ရက်နေ့က ပယ်ချထားခြင်းကို ရည်ညွှန်းပြောကြားခြင်း ဖြစ်သည်။

စက်တင်ဘာ ၃ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ အစိုးရအိမ်တော်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်း-မြန်မာအဆင့်မြင့်အရာရှိကြီးများအဆင့် အစည်းအဝေးတက်ရောက်ရန် ထိုင်းနိုင်ငံသို့ ရောက်ရှိနေခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံဝန်ကြီးချုပ်က မြန်မာနိုင်ငံ၏ သဘာ၀ ဘေးအန္တရာယ်အတွက် စိတ်မကောင်းဖြစ်မိကြောင်း၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုများအား ပိုမိုတိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

ပြီးခဲ့သည့် ၂၀၁၄ခုနှစ် စက်တင်ဘာလပိုင်းက ဗြိတိန်နိုင်ငံသား အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထိုင်းနိုင်ငံရှိ ကော့တောင်ကျွန်း(လိပ်ကျွန်း)၌ အသတ်ခံခဲ့ရပြီးနောက် အောက်တိုဘာ ၂ ရက်နေ့တွင် မြန်မာလုပ်သား နှစ်ဦးဖြစ်သည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ကို ထိုင်းနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်မှုဖြင့် ဖမ်းဆီးခဲ့ပြီး အဓမ္မပြုကျင့်မှု၊ ပစ္စည်းခိုးမှု၊ လူသတ်မှုများဖြင့် တရားစွဲဆိုခဲ့ပြီး တစ်နှစ်ကျော်ကြာ စစ်ဆေးပြီးနောက် ကော့စမွေခရိုင်တရားရုံးမှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလပိုင်းက သေဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

မြန်မာလုပ်သား နှစ်ဦးသည် အစောပိုင်းက ကျူးလွန်ကြောင်းဝန်ခံခဲ့သော်လည်း စစ်ဆေးမေးမြန်းမှုများကြောင့် ဝန်ခံခဲ့ရခြင်းဖြစ်ပြီး ၎င်းတို့ မကျူးလွန်ကြောင်း ထွက်ဆိုခဲ့ကြသည်။

ထိုအမှုအတွက် အယူခံအဆင့်ဆင့်ကို ဝင်ခဲ့ရာ ၂၀၁၉ ခုနှစ်၊ သြဂုတ် ၂၉ ရက်နေ့က ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့၊ နွန်ထဘူရီတရားရုံးတွင် စစ်ဆေးပြီးနောက် နောက်ဆုံးအယူခံကို ရှုံးနိမ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ထိုင်းဘုရင်ကို အသနားခံစာတင်ရန် လုပ်ဆောင်နေကြပြီး မြန်မာနိုင်ငံ အလုပ်သမား ပြည်ထောင်စုဝန်ကြီးကလည်း ယင်းသို့ လုပ်ဆောင်ရန် ပြောဆိုထားသေးသည်။

ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...
March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...