ပလက်ဝမြို့နယ်တွင် အရပ်သား (၁၀) ဦးအထိ ပျောက်ဆုံးမှုများရှိနေ

ပလက်ဝမြို့နယ်တွင် အရပ်သား (၁၀) ဦးအထိ ပျောက်ဆုံးမှုများရှိနေ

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (အေအေ) တို့ တိုက်ပွဲများဖြစ်ပွားနေသည့် ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် ချင်းလူမျိူးအရပ်သား အနည်းဆုံး (၁၀) ဦးအထိ ပျောက်ဆုံးနေပြီး ယနေ့ချိန်ထိ မည်သည့်သတင်းအစအနမရရှိသေးကြောင်း ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC) က သြဂုတ်လ (၃၀) ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်လိုက်သည်။

“ကျွန်နော်တို့ လုံးလုံးအဆက်သွယ်မရတာက အဲဒီ (၁၀) ယောက်လေ၊ သူတို့ပျောက်သွားတဲ့အချိန်ကတော့ မတူဘူး၊ တစ်ပြိုင်တည်းပျောက်တာမဟုတ်ဘူးပေါ့ အဲဒါကြောင့် စစ်ပွဲနဲ့မသက်ဆိုင်တဲ့ အရပ်သားတွေကိုတော့ ပြန်လွှတ်ပေးပါဆိုပြီးတော့ ကျနော်တို့ တောင်းဆိုလိုက်တာဖြစ်တယ်၊ ကျနော်တို့ ဒီလိုဖြစ်နေတယ်ဆိုတာကို လူထုကသိအောင် ကျနော်တို့ထုတ်ပြန်တာဖြစ်တယ်၊ မိသားစုများကလည်း တကယ်ပဲ သူတို့ အသက်ရှင်လျက်ရှိနေလား ဒါမှမဟုတ်လည်း တစ်ခုခုများဖြစ်သွားပြီလား အဲလိုမျိုးတွေဖြစ်နေတယ် ဘာသတင်းမှမကြားဘူး၊ တချို့ ပုဂ္ဂိုလ်တွေဆိုရင် တစ်နှစ်ကျော်ပျောက်နေပြီလေ၊ သူတို့အကြောင်းကို ဘာအစအနမှမကြားဘူး” ဟု KACC ၏ညှိနှိုင်းရေးမှူး ဦးစောမြက ပြောသည်။

၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်း ပလက်ဝမြို့နယ်၊ အထက်ပိုင်း ပီချောင်းဒေသ၊ ရပ်ချောင်းကျေးရွာမှ ဦးခိုလိုး (Kho Lo) (အသက် ၆၀နှစ်)၊ ၎င်း၏တူတော်စပ်သူများဖြစ်သည့် မောင်ဘင်ယာမင် (Ai Benjamin) (၁၄ နှစ်) နှင့် မောင်ကျော်နိုင် (Ai Kyaw Naing) (၁၅ နှစ်) တို့သည် တောထဲတွင်ဟင်းစားထွက်ရှာရင်း ပျောက်ဆုံးခဲ့သည်။

၎င်းတို့ (၃) ဦးကို မည်သည့်လက်နက်ကိုင်တပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသည်ကိုမူ မသိရကြောင်း KACC ကဆိုသည်။

၂၀၁၉ ခုနှစ် ဇွန်လ (၁၄) ရက်နေ့တွင် ပလက်ဝမြို့နယ်၊ လေးမြို့ဒေသ၊ သံတောင်ကျေးရွာမှ ဦးကျော်အေး (Kyaw Aye) (၅၈ နှစ်) သည် မြောက်ဦးမြို့မှလေးမြို့မြစ်အတိုင်းလှေဖြင့်ပြန်လာစဉ် အေအေတပ်ဖွဲ့ဝင်များမှ မိုရွာသစ်အနီး တွင် ၎င်း၏လှေနဲ့အတူဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ၂၀၁၉ ခုနှစ် သြဂုတ်လ (၉) ရက်နေ့တွင် ပလက်ဝမြို့နယ်၊ လေးမြို့ဒေသ၊ သံတောင်ကျေးရွာမှ မောင်ပူးကွီ (Bu Kui) (၂၀ နှစ်) သည် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှ သွပ်ပြားနှင့်ဘိလပ်မြေများ ဝယ်ယူသယ်ဆောင်ပြီး လေးမြို့မြစ် အတိုင်းလှေဖြင့်ပြန်လာစဉ် မိုရွာသစ်ကျေးရွာအနီးတွင် အေအေတပ်ဖွဲ့ဝင်များက တားဆီးစစ်ဆေးပြီး ၎င်းတို့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည်ဟု ဦးစောမြကပြောသည်။

ထို့အပြင် ၂၀၁၉ ခုနှစ် ဇူလိုင်လ (၁၆) ရက်တွင် ပလက်ဝမြို့နယ်၊ ဘောင်ဝကျေးရွာမှ အိုက်ကျော်လင်းနိုင် (Ai Kyaw Lin Naing) (၂၃ နှစ်)၊ အိုက်ကျော်စိန် (Ai Kyaw Sein) (၃၁ နှစ်)၊ အိုက်ကျော်ကျော်သန်း (Ai Kyaw Kyaw Than) (၂၈ နှစ်) နှင့် အိုက်ကျော်လင်း (Ai Kyaw Lin) (၂၅ နှစ်) တို့သည် ကုလားတန်မြစ်ကူးတံတားစီမံကိန်းတွင် ဆိုင်ကယ်ကယ်ရီသမားများအဖြစ် အကြိုအပို့ဆောင်ရွက်နေစဉ် လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးခေါ်ဆောင်ခြင်းကြောင့် ပျောက်ဆုံးလျက်ရှိပြီး၊ ၂၀၁၉ ခုနှစ် သြဂုတ်လ (၁၀) ရက်နေ့တွင် ပလက်ဝမြို့နယ်၊ နှမဒါကျေးရွာအနီးတွင် ဦးဆဘောင် (Sa Beaung) (၄၂ နှစ်) သည် နှမဒါကျေးရွာသို့ ဈေးဝယ်ရန် ဆိုင်ကယ်ဖြင့် လာရောက်စဉ် လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရပြီးပျောက်ဆုံးလျက်ရှိသည်ဟု KACC ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယခုကဲ့သို့ တိုက်ပွဲများနှင့် မသက်ဆိုင်သော ဒေသခံချင်းလူမျိူးများအရပ်သားများကို အကြောင်းမဲ့ခေါ်ဆောင်ခြင်း၊ ဖမ်းဆီးထိန်းသိမ်းခြင်းများလုံးဝမပြုလုပ်ရန်နှင့် လျက်ရှိပျောက်ဆုံးနေသည့် အရပ်သားများအား အမြန်ဆုံး သက်ဆိုင်ရာမိသားစုများနှင့် ပေါင်းစည်းနိုင်ရေး ကူညီဆောင်ရွက်ပေးကြရန် သက်ဆိုင်သူများကိုအလေးအနက် တောင်းဆိုသည်ဟု KACC ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ယခုကိစ္စနှင့်ပတ်သက်ပြီး ခိုနူမ်းသုန်သတင်းဌာနမှ အေအေတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခထံ ဆက်သွယ်သော်လည်း ဆက်သွယ်၍မရသေးသလို တပ်မတော်ဘက်မှလည်း တစ်စုံတစ်ရာပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

Most read this week

December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...
December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...