ပလက်ဝမြို့နယ်အထက်ပိုင်း လေမြို့မြစ်ဒေသတဝိုက်ရှိကျေးရွာများ ဆန်ပြတ်လပ်

ပလက်ဝမြို့နယ်အထက်ပိုင်း လေမြို့မြစ်ဒေသတဝိုက်ရှိကျေးရွာများ ဆန်ပြတ်လပ်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အထက်ပိုင်း၊ လေမြို့မြစ်ဒေသတဝိုက်တွင်နေထိုင်ကြသော ဒေသခံပြည်သူများသည် ရခိုင်ပြည်နယ်မှ ဆန်သယ်ယူခွင့် ကန့်သတ်မှုများရှိနေသည်အတွက် ဆန်ပြတ်လတ်မှုနှင့် ရင်ဆိုင်နေကြရသည်ဟု စုံစမ်းသိရှိရသည်။

လေမြို့မြစ်ဒေသတွင်နေထိုင်ကြသော ဒေသခံရွာသားများသည် ရခိုင်ပြည်နယ်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်တို့မှ ဆန်များကို အဓိကဝယ်ယူပြီး စက်လှေဖြင့်သယ်ယူလေ့ရှိကြသည်။

ယခုနောက်ပိုင်းတွင်ဆန်အရောင်းဆိုင်များက လည်း ဆန်များကို လိုသလောက်မရောင်းပေးတော့သည့်အပြင် စက်လှေတစ်စီးတွင် ဆန်အိတ် (၂) အိတ်သာ သယ်ဆောင်ခွင့်ရှိသည့်အတွက် ဆန်ပြတ်လက်မှု ကြုံတွေ့နေကြရခြင်းဖြစ်သည်။

“ကျနော်တို့ရခိုင်ပြည်နယ်ဘက်ကို လွတ်လွတ်လပ်လပ်သွားလာလို့မရဘူး သွားရင်တောင်မှ လှေတစ်စီးကို ဆန် ၂ အိတ်ပဲ သယ်ခွင့်ရှိတယ် ဆန်ဆိုင်တွေမှာလည်း လိုသလောက်ဝယ်လို့မရဘူး၊ ဘယ်သူတွေက ကန့်သတ်ထားလဲတော့မသိရဘူး ကျနော်တို့ရွာကနေ အဲဒီနေရာကိုသွားမယ်ဆိုရင် စက်လှေနဲ့ ဆီ ၇ ဂါလံလောက်ကုန်တယ် ဆန်ကလည်း တစ်စီးမှာ ၂ အိတ်ပဲ သယ်ခွင့်ပြုတော့၊ ဘယ်လိုမှအဆင်မပြေဘူး” ဟု လေမြိုဒေသ သံထောင်ကျေးရွာမှဒေသခံတစ်ဦးကပြောသည်။

ယခုကဲ့သို့ ဆန်ကန့်သတ်မှုများပြုလုပ်သည့်အဖွဲ့အစည်းမှာ မည်သူမည်ဝါဖြစ်သူကို တိတိကျကျမသိရသော်လည်း စက်လှေတစ်စီးတွင် ဆန် ၂ အိတ်ထက်ကျော်လွန်ပြီး သယ်လာပါက ရက္ခိုင့်တပ်မတော် (အေအေ) တပ်ဖွဲ့များက သိမ်းယူမှုများရှိသည်ဟု အဆိုပါဒေသခံကပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ရက္ခိုင့်တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကတော့ ငြင်းဆိုလိုက်ပြီး တပ်မတော်ကသာ ဖြတ်လေးဖြတ်ပုံစံမျိူးဖြင့် ကန့်သတ်နေခြင်းသာဖြစ်သည်ဟု ခိုနူမ်းသုန်ကိုပြောပြပါသည်။

“ဒါက လုံးဝမဟုတ်ပါဘူး အခြေအမြစ်မရှိတဲ့ စွပ်စွဲပြောဆိုချက်တွေဖြစ်တယ်၊ ဆန်သယ်ယူမှုကန့်သတ်တာက ဗမာစစ်တပ်နဲ့ ဗမာအစိုးရက လုပ်ဆောင်နေတာဖြစ်တယ်၊ သူတို့က ဖြတ်လေးဖြတ်ပုံစံမျိူးနဲ့ စစ်ဆင်ရေးတွေ လုပ်နေတယ်၊ ကျနော်တို့နဲ့ဘာမှမဆိုင်ဘူး ကျနော်တို့ကတော့ ဒေသတွင်းပြည်သူတွေကို အဆင်ပြေချောမွေ့ စေချင်တာပေါ့ဗျာ၊ ရိက္ခာတွေအလုံလောက်ဖြစ်စေချင်တာပေါ့၊ အဲဒါ ဗမာစစ်တပ်ကနေပြီးတော့ အကန့်အသတ်လုပ်နေတာဖြစ်တယ်’’ ဟု ဦးခိုင်သုခက ပြောသည်။

ယခုလက်ရှိတွင် လေးမြို့မြစ်အနီးပတ်ဝန်းကျင်ကျေးရွာများဖြစ်ကြသော လင်တိုင်၊ ကျောက်ခေါင်း၊ ကာရာကင်၊ ခွေးကောင်း၊ သံထောင်၊ ခိုပီရှည်၊ အလယ်တိမ်ကင်း၊ ဝါးချောင်းနှင့် ဝက်မောက်ချောင်း စသည့်ကျေးရွာအုပ်စုများသည် ဆန်ပြန်လပ်မှု အဆိုးရွားဆုံးရင်ဆိုင်နေကြသည်ဟု သိရသည်။

ထိုကဲ့သို့ ဆန်ပြတ်လပ်မှုများကြောင့် ၎င်းတို့ကျေးရွာများတွင် တာဝန်ကျသည့် ပညာရေးဝန်ထမ်းများ၊ ဘာသာရေး ဝန်ထမ်းများပါ စားဝတ်နေရေးအတွက် ဒုက္ခကြုံနေကြရပြီး ကျောင်းများပါ ပိတ်ထားရမည့် အခြေအနေဖြစ်လာနိုင်သည်ဟု ခိုပီရှည်ကျေးရွာမှဒေသခံတစ်ဦးက ပြောသည်။  “အခုဒီမှာဆရာ၊ဆရာမတွေ နိုင်ငံဝန်ထမ်းတွေ ပညာရေးဝန်ထမ်းတွေနဲ့ ဘာသာရေးဝန်ထမ်းတွေလည်း အကုန်လုံးကအခက်အခဲဖြစ်သွားတယ် ကျောင်းတွေတောင်မှပိတ်မယ့်အလားအလားတွေဖြစ်လာနေတယ် စားဝတ်နေရေးကအဆင်မပြေတော့ ကျောင်းဆရာဆရာမကို စားနပ်ရိက္ခာပံ့ပိုးမယ့်ဟာကမရတော့ဘူးလေ သူတို့တွေကို ပြန်ခိုင်းရမယ့် အခြေအနေမျိုးဖြစ်လာတယ် စားသောက်ဖို့အဆင်မပြေတော့” ဟု ၎င်းကပြောသည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...