ကျောက်မီးသွေးတွင်းပြိုကျမှုကြောင့် ပိတ်မိနေသော အလုပ်သမား လေးဦးအနက် နှစ်ဦးသေဆုံး

ကျောက်မီးသွေးတွင်းပြိုကျမှုကြောင့် ပိတ်မိနေသော အလုပ်သမား လေးဦးအနက် နှစ်ဦးသေဆုံး

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ဆပ်ပြာတောင်ကျေးရွာအုပ်စု ဆပ်ပြာကျေးရွာအနီးရှိ ကျောက်မီးသွေး တွင်း ပြိုကျမှုကြောင့် ပိတ်မိနေသော အလုပ်သမားလေးဦးအနက် သြဂုတ်လ ၂၆ရက်နေ့တွင် နှစ်ဦးကို သေဆုံးလျှက်တွေ့ရှိခဲ့ကြောင်း မင်းလှ မြို့မ ရဲစခန်းမှ သိရသည်။

မင်းလှမြို့နယ် ၊ ဆပ်ပြာကျေးရွာအနီးရှိ အင်ကြင်းတောင် ကျောက်မီးသွေးတူးဖော်ရေးကုမ္ပဏီလီမီတက်မှ တူးဖော် လုပ်ကိုင်နေသည့် ကျောက်မီးသွေးတွင်း၌ မြေပြိုကျမှုတစ်ခုကို သြဂုတ်လ ၂၅ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ပြီး အလုပ်သမား(၄)ဦးပိတ်မိနေခဲ့ခြင်း ဖြစ်သည်။

သြဂုတ်လ ၂၆ရက် နေ့လယ်ပိုင်းတွင် ပိတ်မိနေသူများထဲမှ နှစ်ဦးကိုသေဆုံးလျှက်ဆယ်ယူရရှိပြီး ကျန်ရစ်သူ နှစ်ဦးကို ဆက်လက်ရှာဖွေရန် ကြိုးစားခဲ့ရာ ည ၁၁နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ကျောက်မီးသွေးတွင်း ထပ်မံမြေပြိုကျလာ၍ ရှာဖွေကယ်ဆယ်ခြင်းကိုခေတ္တခဏရပ်နားခဲ့ကြကြောင်း သိရသည်။

ထို့နောက် သြဂုတ်လ ၂၆ရက် ည ၁၂နာရီအကျော်တွင် ကျောက်မီးသွေးတွင်းအတွင်း ပိတ်မိကျန်ရစ်နေသူ နှစ်ဦးကို ကယ်ဆယ်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းနေခဲ့ကြကြောင်း မင်းလှ မြို့မ ရဲစခန်းမှ သိရသည်။

အဆိုပါ ကျောက်မီးသွေးတွင်းအတွင်း ပိတ်မိနေသူများမှာ မင်းလှမြို့၊မြောက်ရပ်ကွက်မှ အသက် (၁၆)နှစ် အရွယ်ရှိ ကိုအောင်ချမ်းသာ၊ မင်းလှမြို့နယ် ကျောက်ထောင်ကျေးရွာမှ အသက် (၂၀)နှစ်အရွယ် ကိုနိုင်ထက်ဦး၊ အမ်းမြို့နယ် လှကာရကျေးရွာမှ အသက် (၂၈)နှစ်အရွယ် ကိုပိုင်စိုးဝင်းနှင့် မင်းလှမြို့နယ် ကျောက်ထောင် ကျေးရွာမှ အသက် (၁၉)နှစ်အရွယ် ကိုစိုးအောင်တို့ ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

သေဆုံးလျှက် ပြန်လည်တွေ့ရှိခဲ့သူနှစ်ဦးမှာ မင်းလှမြို့နယ် ကျောက်ထောင်ကျေးရွာမှ အသက် (၁၉)နှစ်အရွယ် ကိုစိုးအောင်နှင့် အမ်းမြို့နယ် လှကာရ ကျေးရွာက အသက် (၂၈)နှစ်အရွယ် ကိုပိုင်စိုးဝင်း တို့ဖြစ်ပြီး ရေနံမ တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။ ထို့အပြင် သေဆုံးမှုနှင့် ပတ်သက်၍ ရေနံမနယ်မြေ ရဲစခန်း၌ သေမှုသေခင်းအမှတ်စဉ် ၅/၂၀၁၉ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ဓာတ်ပုံ - မင်းလှမြို့မရဲစခန်း

April 21, 2026
ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ငါးနှစ်တာသက်တမ်း...
April 20, 2026
ပါခွီး — ဖက်ဒရယ်ဒီမိုကရေးစီရေးအတွက် မတရားဖမ်းဆီး၊ အကျဥ်းကျခံနေရသော ခေါင်းဆောင်များ...
April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...