ချင်းပြည်နယ်အစိုးရ၏ ဟားခါးကျူးကျော်အိမ်ကိုယ်တွယ်ဖြေရှင်းမှု အရုပ်ဆိုးအကျည်းတန်သည်ဟု ချင်းပါတီပြော

ချင်းပြည်နယ်အစိုးရ၏ ဟားခါးကျူးကျော်အိမ်ကိုယ်တွယ်ဖြေရှင်းမှု အရုပ်ဆိုးအကျည်းတန်သည်ဟု ချင်းပါတီပြော
(ဓာတ်ပုံ – The Chin Journal)
(ဓာတ်ပုံ – The Chin Journal)

ဟားခါးမြို့သစ်စီမံကိန်းဧရိယာအတွင်း ခွင့်ပြုချက်မရှိဘဲ ကျူးကျော်အိမ်ဆောက်ကြသည်ဟုဆိုကာ အိမ် (၁၂၀) ကျော်ကို စက်ကြီးများဖြင့် ဖြိုချဖျက်ဆီးသည့် ချင်းပြည်နယ်အစိုးရအဖွဲ့၏ ကိုယ်တွယ်ဖြေရှင်းမှုသည် အရုပ်ဆိုးအကျည်းတန်လွန်းသည်ဟု ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) ပါတီကပြောဆိုလိုက်သည်။

ယခုကိစ္စနှင့်ပတ်သက်၍ ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) ပါတီပူးတွဲဥက္ကဌ ပူးနိုးထန်ကပ်က “အစိုးရကလည်းဥပဒေအတိုင်း သတိပေးပြီးမှ ဖျက်တယ်လို့ပြောတယ်၊ ဒီလိုအတင်းအကြပ်နဲ့ အာဏာပြပြီးတော့ လုပ်တာမျိူးက လက်ခံနိုင်စရာအကြောင်းမရှိဘူး၊ ညှိညှိနှိုင်းနှိုင်းမရှိလို့နေမှာပေါ့ အခုချင်းပြည်နယ်အစိုးဖက်ကနေ ကျင့်သုံးနေတဲ့ ဥပဒေအရ ကျနော်တို့လုပ်တယ်ဆိုတဲ့ဟာက ဘယ်ဥပဒေလဲဆိုတာ တိတိကျကျကျနော်တို့လည်းမသိရသေးဘူး ခြုံပြီးတော့ပြောရရင် ဒီအဆင့်ထိဖြစ်လာတာ အရုပ်ဆိုးတယ် မဖြစ်သင့်ဘူး ဘာပဲပြောပြော ဘာဥပဒေကြီးပဲဖြစ်နေဖြစ်နေ ကျနော်တို့ချင်းပြည်မှာ ချင်းလူမျိုး ဆင်းရဲဒုက္ခရောက်နေတဲ့လူတွေကို ညင်ညင်သာသာ သိမ်သိမ်မွေ့မွေ့နဲ့ ကိုင်တွယ်တဲ့နည်းရှိတယ်ဆိုရင်တော့ ကျနော်တို့က ဒါကို လိုချင်တယ်ပေ့ါနော် အတင်းအကြပ်နဲ့ ဘယ်သူမှားမှားကိုယ်မှားမှား အရုပ်တော်တော်ဆိုး တယ်’’ ဟု ခိုနူမ်းသုန်ကိုပြောသည်။

ဟားခါးမြို့ ကြောဘုတ်ရပ်ကွက်တွင် အကောင်ထည်ဖော်နေသည့် မြို့သစ်စီမံကိန်းဧရိယာအတွင်းရှိ အိမ် (၁၂၀) ကျော်တို့သည် အစိုးရခွင့်ပြုချက်မရှိဘဲ ကျူးကျော်ဆောက်သည်ဟုဆိုကာ သြဂုတ်လ ၂၀ ရက်နေ့က မြေတူးစက်ကြီး ၁၀ လုံးကျော်နှင့် ချင်းပြည်နယ်အစိုးရအဖွဲ့က ဖြိုချဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ယင်းသည် ချင်းပြည်နယ်တွင် ဒုတိယအကြိမ် ကျူးကျော်နေအိမ်များ အင်အားသုံး၍ ဖျက်ဆီးခံရခြင်းဖြစ်သည်။

ချင်းပြည်နယ်တွင် NLD အစိုးရသစ်တက်လာသည့်နောက်ပိုင်း လွန်ခဲ့သည့် ၂၀၁၆ ခုနှစ်တုန်းကလည်း ဖလမ်းမြို့ နယ်အတွင်းရှိ အိမ်ခြေ ၃၀၀ ကျော်ရှိသော ဘွာလ်ပီးကျေးရွာကို ဆီးယင်းသစ်တောကြိုးဝိုင်းအကွက် (၁၄၄) အတွင်း ကျူးကျော်တည်ဆောက်ထားသည်ဟုဆိုကာ ပထမအကြိမ် စက်ကြီးများဖြင့် ဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်သည်။

CNLD ပါတီပူးတွဲဥက္ကဌ ပူးနိုးထန်ကပ်က “ဒီကိစ္စမှာလည်း ကိုင်တွယ်ပုံ ကိုင်တွယ်နည်းကိုက အမျိုးမျိုးရှိတယ် အကြမ်းပတမ်းနဲ့ မြေတူးစက်ကြီးနဲ့ သွားဖျက်ပေးတယ်ဆိုတာ ကျနော်တို့ ယဉ်ကျေးတဲ့ ချင်းလူမျိုးအနေနဲ့ မသင့်တော်ဘူးလို့ မြင်တယ် ဥပဒေကတပိုင်း ကိုင်တွယ်ပုံ ကိုင်တွယ်နည်းရှိတယ် ဥပမာ ဘွာလ်ပီးမှာ သွားဖြတ်တုန်းကလည်း အဲဒီမှာလည်း ကဲမင်းတို့အိမ်က လာဖျက်တော့မယ် သွတ်မိုးတွေ ပြင်ပြားတွေ ပြန်သုံးလို့ရတဲ့ဟာကို ယူနိုင်သလောက်ယူဆိုပြီးတော့ ညင်ညင်သာသာနဲ့ လုပ်ရင်တော့ တစ်ချို့တွေကပြန်ယူမှာပဲလေ ဒါမှမဟုတ် အတင်းအကြပ် ရဲတွေနဲ့ အာဏာသွားပြပြီးတော့ တမင်သက်သက် ကြေကြေမွမွသွားထိုးတဲ့အခါကျတော့ ကြည့်ရတာ စိတ်မချမ်းသာစရာပေါ့လေ အတိုချုပ်ပြောရမယ်ဆိုရင် ညင်ညင်သာသာနဲ့လုပ်ရမယ်ဆိုရင် ဒီလိုအကျည်းတန်တဲ့အဖြစ်အပျက်မျိုးကို ရှောင်လို့ရမယ်လို့ ကျနော်တို့မြင်တယ်’’ ဟု ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ချင်းပြည်နယ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးခွဲယန်ကတော့ ယခုကဲ့သို့နေအိမ်များ အင်အားသုံးပြီး ဖျက်ဆီးရသည့်အဆင့်ထိဖြစ်လာခြင်းသည် ချင်းပြည်နယ်အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုညံ့ဖျင်းမှုကြောင့်ဟု ပြောဆိုပါသည်။

“ကျူးကျော်တာကို ဖျက်ဆီးတာသည် သူတို့ကတော့ အကြိမ်ကြိမ်တော့သတိပေးတာပေါ့ သို့သော်လည်းပဲ ပထမ စကျူးကျော်ကတည်းက တားမြစ်ရင်တော့ ပြသာနာသိပ်မရှိလောက်ဘူး ခုကျတော့ ကျူးကျော်တဲ့အချိန်မှာ ငြိမ်ကြည့်နေပြီးမှ နောက်မှရှင်းမယ်ဆိုတဲ့ပုံစံနဲ့ ဖြစ်လာပြီးခါမှ ရှင်းတာတော့ နည်းနည်းတော့ နောက်ကျတာပေါ့နော်၊ ကျနော်တို့ချင်းမှာမို့လို့ပြသာနာကမတက်တာ ပြည်မဘက်ဆိုရင်တော့ ဒီထက်ပိုပြီးပြသာနာကကြီးထွားနိုင်တယ်၊ အစကတည်းက ကြိုတင်တားမြစ်ချက်မရှိဘဲနဲ့ အခုမှပြန်ဖြိုချတယ်ဆိုတော့ အစိုးရစီမံခန့်ခွဲမှုအားနည်းချက်ဘဲ ဥပဒေနဲ့အညီဆိုတဲ့စကားလုံး ဥပဒေကိုပဲအသုံးချမယ်ဆိုတော့ ဥပဒေကတော့ တခါတလေကျတော့ လက်တွေ့မှာ သိပ်ကျင့်သုံးလို့မရတဲ့ဟာတွေလည်းရှိတယ် လူထုရဲ့အခြေအနေ ဒေသရဲ့အခြေအနေအရ ဥပဒေကမသက်ရောက်တဲ့ဟာတွေ မသက်ရောက်တယ်လို့ပြောမှာပေါ့နော် ဥပဒေကိုအကုန်လုံးမသိတော့ အဲလိုကျင့်သုံးနေတဲ့အခါကျတော့လေ အဲဒီဟာက စီမံခန့်ခွဲမှုအားနည်းတယ်လို့ပြောရမှာပေါ့နော်” ဟု ဦးခွဲယန်ကပြောသည်။

ဧက ၆၇၆ ကျယ်ဝန်းသော ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဟားခါးမြို့သစ်စီမံကိန်းတွင် အိမ်နေရာများကို ၃ ပိုင်းခွဲပြီး အိမ်နေရာပေးမှာဖြစ်ရာ ပေ ၁၀၀ ပတ်လည်ကို သိန်း ၅၀၊ ပေ ၈၀ ပတ်လည်ကို ၃၅ သိန်း၊ ၆၀x၈၀ ပေကို ၂၅ သိန်းနှင့် ၄၀x၆၀ ပေကို ကျပ်ငွေ ၁၀ သိန်းအသီးသီးဖြင့် သတ်မှတ်ရောင်းချမည်ဖြစ်သည်။

အဆိုပါနေရာတွင် အိမ်နေရာ ၇၁၂ နေရာချပေးမည်ဖြစ်ပြီး ပေ ၁၀၀ ပတ်လည် အိမ်ကွက် ၂၂၊ ပေ ၈၀ ပတ်လည် အိမ်နေရာ ၇၅၊ ပေ ၆၀x၈၀ နေရာ ၄၄၅ ကွက်နှင့် ပေ ၄၀x၆၀ အိမ်နေရာ ၁၇၅ ကွက်အသီးသီး ချထားရန်ရှိကြောင်း သိရသည်။

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...