အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှတဆင့် ချင်းပြည်နယ်ကိုဖြတ်သန်းကာ မြန်မာနိုင်ငံကိုလည်ပတ်ချင်သူများအနေဖြင့် e-Visa (အွန်လိုင်းမှလျှောက်ထားရသည့် ဗီဇာ) အလွယ်တကူလျှောက်ထားရယူနိုင်ရေးအတွက် e-Visa ကူညီဆောင်ရွက် ပေးရေစင်တာကို ကျန်ဖိုင်းမြို့တွင်ထားရှိမည်ဟု သိရသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ မီဇိုရမ်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး TJ Lalnuntluanga သည် မီဇိုရမ်ပြည်နယ် နယ်စပ်မြို့ ကျန်ဖိုင်းခရိုင်အထွေထွေအုပ်ချူပ်ရေးမှူး Dr Naveen Aggarwal နှင့် သြဂုတ်လ ၁၇ ရက်နေ့က တွေ့ဆုံပြီး အိန္ဒိယ-မြန်မာနယ်စပ်ကို ဖြတ်သန်းသွားလာလိုသူများအနေဖြင့် အင်တာနက်ကိုအသုံးပြု၍ အလွယ်တကူ e- Visa လျှောက်ထားနိုင်ရေးကိစ္စကို ဆွေးနွေးခဲ့ကြသည်ဟု မီဇိုရမ်အခြေစိုက် The Aizawl Post တွင်ဖော်ပြသည်။
လမ်းပန်းဆက်သွယ်ရေးဝန်ကြီး TJ Lalnuntluanga ၏ တောင်းဆိုချက်အရ e-Visa အလွယ်တကူထုတ်ယူနိုင်ရေးအတွက် ကျန်ဖိုင်းမြို့တွင် e- Visa Facilitation Center (E Visa ထုတ်ယူနိုင်ရေး ကူညီဆောင်ရွက်ပေးရေစင်တာ) တစ်လ၊ နှစ်လ အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည်ဟုသိရသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ သြဂုတ်လ ၁၆ ရက်နေ့ကလည်း ဝန်ကြီး TJ Lalnuntluanga နှင့်အတူ တာဝန်ရှိသူများ ချင်းပြည်နယ်နယ်စပ် ရိခေါဒါရ်မြို့ လူဝင်မှုကြီးကြပ်ရေးဌာနသို့ သွားရောက်ကာ လုပ်ငန်းသွားလာပုံ၊ ရှေ့လုပ်ငန်းစဉ်နှင့် e-Visa ကိစ္စ များ ပြောဆိုဆွေးနွေးခဲ့ကြသည်။
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကြား နယ်စပ်ဂိတ်နှစ်ခုဖြစ်သည့် တမူး-မိုးလေးဂိတ်နှင့် ရိခေါဒါရ်-ဇိုခေါထာရ်ဂိတ်တို့ကို နိုင်ငံတကာ ဝင်ထွက်ဂိတ်အဖြစ် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် စက်တင်ဘာလက သတ်မှတ်ခဲ့ကြသည်။
နိုင်ငံတကာဝင်ထွက်ဂိတ်အဖြစ် သတ်မှတ်ပြီးသည့်နောက်ပိုင်း ပြည်ဝင်ခွင့်ဗီဇာရရှိထားသည့် ကမ္ဘာ့လှည်ခရီးသွားများအ နေဖြင့် အဲဆိုပါဂိတ်တို့မှတဆင့် မြန်မာနိုင်ငံသို့ ဝင်ထွက်လည်ပတ်နိုင်မည့်အပြင် e-Visa လျှောက်ထားပြီးလည်း ဝင်ရောက် နိုင်မည်ဖြစ်သည်။
သို့သော်လည်း မီဇိုရမ်ပြည်နယ်တွင် e-Visa လျှောက်ထားနိုင်ရေးသတ်သတ်မှတ်မှတ်ဆောင်ရွက်ထားခြင်းမရှိသေးသည့် အတွက် ယခုကဲ့သို့ လုပ်ဆောင်နေခြင်းဖြစ်သည်။







