ဒေသခံများ မသိရဘဲ ချီဖွေ ဝါးရုံတော ခုတ်ရောင်းနေ

ဒေသခံများ မသိရဘဲ ချီဖွေ ဝါးရုံတော ခုတ်ရောင်းနေ

ကချင်ပြည်နယ် Chipwe (ချီဖွေမြို့ )၊ Yit Law ဒေသခံများနှင့်သက်ဆိုင်သော ဝါးရုံတောများ ခုတ်ရောင်းရန် လုပ်ငန်းရှင်များကို ခွင့်ပြုခဲ့သည့် Yit Law (ရစ်လော်)ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ဒေသခံ ရွာသားများက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မတီသို့ တိုင်ကြားသွားမည်ဟု သိရသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးဘက်မှ ကျေးရွာ၊ ရပ်ကွက်ဖွံ့ဖြိုးရေးအတွက် သက်ဆိုင်ရာလုပ်ငန်းရှင်များမှ ကျပ် သိန်း ၂၀ လက်ခံပြီး ဝါးရုံတောခုတ်ရောင်းနေခြင်းဖြစ်သော်လည်း ၎င်းကိစ္စ ရွာသားများကို တိုင်ပင်ခြင်း မရှိကြောင်း ဆိုပါသည်။

“ကျနော်တို့ အုပ်ချုပ်ရေးမှူးကို မေးကြည့်တော့ ငါက ရပ်ကွက်ရန်ပုံငွေအတွက် လုပ်တာလို့ပြောတယ်။ အုပ်ချုပ်ရေးမှူးရဲ့ စာရေးက ဂရန် (၁၀၅)ရှိလား ဒါမှမဟုတ် ပုံစံ (၇) ရှိလား။ အဲဒါမရှိရင် မင်းတို့ ဘာမှလုပ်လို့မရဘူး တိုင်ချင်တဲ့နေရာတိုင်လို့ ပြောတယ်” ဟု အမည်မဖော်လိုသူ Yit Law  ဒေသခံတစ်ဦး ကချင်သတင်းဌာန KNG ကို ပြောပါသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ သြဂုတ်လ (၁၂)ရက်နေ့၌ Yit Law ရပ်ကွက် ဒေသခံ(၃၀)က ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ သွားရောက်ဆွေးနွေးခဲ့သော်လည်း အချေအတင် ငြင်းခုံမှုများဖြင့်သာ ပြန်သွားခဲ့ရကြောင်း သိရသည်။

ဝါးပင်ကို အဖျားမှ အမြစ်မကျန် ခုတ်ယူနေမှုကြောင့် ဒေသခံရွာသားများက ကန့်ကွက်စာ လက်မှတ်ရေးထိုး တင်ပြမှုများလည်း ရှိခဲ့ကြောင်းပြောပါသည်။

“ဒီလို ဝါးပင်ခုတ်လိုက်တဲ့အတွက် သဘာဝပတ်ဝန်းကျင်ပျက်စီးစေတယ်။ ရေ ခမ်းခြောက်လာမှာလည်း စိုးရိမ်ရတယ်။ ဒီမြေမှာပဲ လုပ်ကိုင်ရှာဖွေစားသောက်နေတဲ့ ဒေသခံတွေလည်း ဝါးခုတ်တဲ့အတွက် စိုးရိမ်နေကြတယ်” ဟု အမည်မဖော်လိုသူ ရစ်လော်ဒေသခံ တစ်ဦးထပ်မံ ပြောဆိုပါသည်။

ယခုကိစ္စနှင့် ပတ်သက်ပြီး Yit Law ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦး Hkawng Xin ကို KNG မှ ဖုန်းဖြင့် ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း မရရှိခဲ့ပါ။

ဝါးခုတ်ရောင်းချနေမှုကို လွန်ခဲ့သည့် ဇူလိုင်လမှ စတင်လုပ်ဆောင်ခဲ့ကြောင်း သိရပါသည်။

အုပ်ချုပ်ရေးမှူးမှ ဒေသခံဖွံ့ဖြိုးရေးအတွက် သိန်း ၂၀ သာ ရယူခဲ့သော်လည်း ခုတ်ထွင်ခံရသော ဝါးပင်များသည် သိန်းရာချီတန်ကြောင်း ဒေသခံများမှ သိရပါသည်။

January 10, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ယုန်းအောင်အဖွဲ့ စိုးမိုးထားတဲ့...
January 9, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ဖတ်ကာမြို့အနီး နမ့်အွမ်ကျေးရွာမှာ ဒေသခံတွေထိန်းသိမ်းထားတဲ့...
January 7, 2026
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ရဒေသဖြစ်တဲ့ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်တွေမှာ...
January 7, 2026
ကသာမြို့လုံးကျွတ် နီးပါး ဘေးလွှတ်ရာကို စစ်ဘေးတိမ်းရှောင်နေကြရချိန် ဒေသခံတချို့ဟာ...