ချင်းပြည်နယ်၏ ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် လူတိုင်းကျန်းမာရေး ကာကွယ်စောင့်ရှောက်မှုရရှိနိုင်ရေးအတွက် (Access to Health Fund) ဟုခေါ်သော ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေးရန်ပုံငွေအဖွဲ့က ချင်းပြည်နယ်တွင် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟု သိရသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ သြဂုတ်လ ၁၂ ရက်နေ့က ဟားခါးမြို့ မြို့တော်ခန်းမတွင် ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ ကြီးမှူးပြီး ကျန်းမာရေးစောင့်ရှောက်မှလက်လှမ်းမှီရန် ရန်ပုံငွေ (Access to Health Fund) ဆိုင်ရာအသိပေးဆွေးေ နွးပွဲတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ကြသည်။
ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင့်ထန်က “ အခုလောလောဆယ်ကတော့ Access to Health Fund ကိုလာမိတ်ဆက်တာပေါ့ ချင်းပြည်နယ်ကတော့ မငြိမ်းချမ်းမှုဆိုတာထက် ငှက်ဖျားရောဂါတွေ အဟာရချိူ့တဲ့မှုများတဲ့ဒေသအဖြစ် ရွေးချယ်ပြီး ပါလာတာပေါ့ လူတိုင်းအကျုံးဝင်တဲ့ ကျန်းမာရေးကဏ္ဍနေဖြင့်ဘာရှိတာလဲဆိုရင် အဓိကတော့ ငှက်ဖျားရောဂါကာကွယ်ဆေးတွေ အခုဆိုးတာကပြီး ဆေးယဉ် အမြစ်ဖျက်ဖို့ ဆေးယဉ်ကို ကုရင် လူတစ်ဦးမှာ အနည်းဆုံးသိန်း ၂၀၀ ရာလောက်ကုန်တယ် အဲဒါကို သူတို့က ဒီမှာပါဝင်ပြီးတော့ အဲဒီဆေးယဉ်ရောဂါတွေကို ကျနော်တို့ ပံ့ပိုးပြီးတော့ကုနိုင်အောင်ဒါလေးတွေပါမယ်၊ ပြီးရင် မငြိမ်းချမ်းတဲ့ဒေသတွေမှာ စစ်ပွဲဖြစ်တဲ့ဒေသတွေမှာ ဒုက္ခကြီးတဲ့အချိန်မှာ လူတွေက ကျန်းမာရေးအတွက်စရိတ်မရှိဘူး မလုပ်နိုင်ဘူး အဲဒီနေရာဒေသတွေမှအဓိက ဦးစားပေးထောက်ပံ့မယ် ဒီစီမံကိန်းက ပြည်သူလူထုအတွက် အများကြီးအကျိူးရှိပါမယ်’’ ဟုပြောသည်။
ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီးရရှိရေးရန်ပုံငွေအဖွဲ့သည် မြန်မာနိုင်ငံအတွင်းရှိ ဝေလံခေါင်းဖျားဒေသများတွင် နေထိုင်ပြီး ထိခိုက်လွယ်သည့် လူအုပ်စုများ၊ နိုင်ငံရေးပဋ္ဋိပက္ခဖြစ်ပွားရာဒေသများ၊ ဝေးလံခက်ခဲသည့်ဒေသများတွင် ကျန်းမာရေးစနစ်ပိုမိုအားကောင်းလာ စေရေးနှင့် အရေအသွေးပြည့်ဝပြီး မျှတသောအခြေခံကျန်းမာရေးစောင့်ရှောက်မှု ရရှိနိုင်ရေးအတွက် ကူညီထောက်ပံ့ပေးနေသောအဖွဲ့ဖြစ်ပြီး ၂၀၁၉- ၂၀၂၃ ခုနှစ်အထိ ၄ နှစ်တာစီမံကိန်းကို ချင်းပြည်နယ်တွင်ဆောင်ရွက်မည်ဖြစ်သည်။
အဆိုပါဆောင်ရွက်မည့် ဦးစားပေး ကျန်းမာရေးကဏ္ဍများမှာ မိခင်မွေးကင်းစနှင့် ကလေးကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်း၊ လိင်နှင့် မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အခွင့်အရေးများကာကွယ်ကုသရေးလုပ်ငန်း၊ မူးယစ်ဆေးစွဲခြင်းနှင့် ၎င်း၏ကျန်းမာရေးအကျိုးဆက်များ ကာကွယ်ကုသရေးလုပ်ငန်း၊ အကျဉ်းထောင်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊ တီဘီရောဂါနှင့် ဆေးယဉ်ပါးတီဘီရောဂါများ ကုသစောင့်ရှောက်ရေးလုပ်ငန်း၊ ငှက်ဖျားရောဂါတိုက်ဖျက်ရေးစီမံချက်လုပ်ငန်း၊ ကျန်းမာရေးစနစ်အထောက်အကူပြုလုပ်ငန်းများပါဝင်မည်ဖြစ်သည်။
Access to Health Fund အဖွဲ့သည် အင်္ဂလန်၊ အမေရိကန်၊ ဆွိဒင် နှင့် ဆွိဇာလန်နိုင်ငံတို့မှ ငွေကြေးထောက်ပံ့သည့် အဖွဲ့ဖြစ်ပြီး The United Nations Office for Project Services (UNOPS) မှကိုင်တွယ်စီမံသည်။ ယခုစီမံကိန်းကို ကချင်၊ ကယား၊ ကရင်၊ ရခိုင်၊ ရှမ်း(အရှေ့)၊ ရှမ်း(မြောက်)၊ ရှမ်း(တောင်) တို့တွင်လည်း ဆောင်ရွက်မည်ဖြစ်သည်။







