ပလက်ဝမြို့နယ်တွင် လက်နက်ကိုင်တပ်ဖွဲ့က ဖမ်းဆီးပြီး အစအနပျောက်ဆုံးသွားသူ ပိုများလာ

ပလက်ဝမြို့နယ်တွင် လက်နက်ကိုင်တပ်ဖွဲ့က ဖမ်းဆီးပြီး အစအနပျောက်ဆုံးသွားသူ ပိုများလာ

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် လက်နက်ကိုင်တပ်ဖွဲ့များမှ ဖမ်းဆီးခေါ်ဆောင်ပြီး အစအနပျောက်ဆုံးသွားသည့် ရွာသားများလာသည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က သြဂုတ်လ ၁၂ ရက်နေ့က သတင်းထုတ်ပြန်သည်။

ပလက်ဝမြို့နယ် လောင်းကဒူးတံတား ဆောက်လုပ်ရေးအတွက် ကျောက်ထုတ်လုပ်ငန်းခွင်အလုပ်သမားများကို ဆိုင်ကယ်ဖြင့် အကြိုအပို့ကယ်ရီလုပ်နေသည့် ဘောင်ဝကျေးရွာမှ အိုက်ကျော်လင်းနိုင်(၂၃-နှစ်)၊ အိုက်ကျော်စိန် (၃၁-နှစ်)၊ အိုက်ကျော်ကျော်သန်း (၂၈-နှစ်)၊ နှင့် အိုက်ကျော်လင်း(၂၅-နှစ်) တို့သည် လုပ်ငန်းခွင်မှအပြန် ဇူလိုင်လ(၁၆)ရက်နေ့ ညနေ(၇)နာရီကျော်လောက်တွင် လက်နက်ကိုင်အဖွဲ့ တခုက ဖမ်းဆီးခေါ်ဆောင်ခဲ့ရာမှ ယခုအချန်အထိ အစအနပျောက်ဆုံး နေသည်ဟု CHRO သတင်းထုတ်ပြန်ချက်အရသိရသည်။

အဆိုပါရွာသားများကို မည်သည့်လက်နက်ကိုင်တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည်ကိုမူ တိတိကျကျ မသိရသော်လည်း ဘောင်ဝကျေးရွာအနီးတဝိုက်သည် ရက္ခိုင့်တပ်မတော်(AA) တပ်ဖွဲ့ လှုပ်ရှားနေသည့် ဒေသဖြစ်ပြီး ၎င်းတို့လက်ချက်ဖြစ်နိုင်သည်ဟု ရွာသားများကယူဆကြသည်။

ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ၏ Field Director ဆလိုင်း Terah က “ ဘယ်သူ့လက်ချက်ဖြစ်သလဲဆိုတာတော့ တိတိကျကျမသိရဘူး ဒါပေမယ့် ရွာသားတွေပြောပြချက်အရတော့ အဲဒီဒေသမှာ AA တပ်ဖွဲ့တွေလှုပ်ရှားမှုရှိတယ်၊ ပျောက်သွားတဲ့လူတွေရဲ့ သတင်းအစအနက ဘာမှမကြားရဘူး သူတို့မိသားစုဝင်တွေက စိုးရိမ်နေကြတယ်၊ အပြစ်မဲ့ပြည်သူတွေကို ခုလိုဖမ်းဆီးတာမျိူးမလုပ်သင့်ဘူး သူတို့က လက်နက်ကိုင်တဲ့သူတွေလည်းမဟုတ်ဘူး ရွာသားတွေဖြစ်တယ် မလုပ်သင့်ဘူး တကယ်လို့ဖမ်းရင်လည်း ဘာကြောင့်ဖမ်းရတယ်ဆိုမျိူးကို မိသားစုဝင်တွေကို အကြောင်းကြားသင့်တာပေါ့’’ ဟု ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ပလက်ဝမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲစခန်းနှင့် မြန်မာစစ်တပ်ထံ အကြောင်းကြားပြီးဖြစ်ကြောင်းနှင့် လက်နက်ကိုင်တပ်ဖွဲ့မှ ဖမ်းဆီး ခေါ်ဆောင်သွားသည့် ဘောင်ဝရွာသား (၄) ဦးတို့သည် အိမ်ထောင်သည်သားသမီးရှိပြီးသူများ ဖြစ်ကြသည်။

အလားတူ ပလက်ဝမြို့နယ် သံထောင်ကျေးရွာသားများဖြစ်ကြသည့် မောင်ပူးကွီ (ခ) မြတ်မောင်မောင် (အသက်-၂၀)သည် သြဂုတ်လ ၉ ရက်နေ့တွင်လည်းကောင်း၊ ဦးကျော်အေး(အသက် ၅၈)သည် ဇွန်လ ၁၄ ရက်နေ့က ရခိုင်ပြည်နယ်ဘက်သို့ ဈေးဝယ်သွားပြီး အပြန်လမ်းတွင် ပျောက်ဆုံးခဲ့ကြသည်ဟု သိရသည်။

“ ကျနော်တို့ရွာမှာက ပျောက်တာ ၂ ယောက်ရှိပြီး ရခိုင်ပြည်နယ်ဘက်ကို ဈေးသွားဝယ်ကြပြီး အပြန်လမ်းမှာပျောက်တာ ခုထိ သတင်းအစအနမကြားရဘူး ကျနော်တို့လည်း လိုက်မရှာရဲကြဘူး’’ ဟု သံထောင်ကျေးရွာသားတစ်ဦးကပြောသည်။

ပြီးခဲ့သည့် ၂၀၁၈ခုနှစ် အောက်တိုဘာလအတွင်းကလည်း ပလက်ဝမြို့နယ် အထက်ပိုင်း ပီချောင်းဒေသ ရပ်ချောင်းကျေးရွာနေ အသက် (၆၀) အရွယ် ဦးခိုလိုး၊ အသက် (၁၄) နှစ်အရွယ် ဦးခိုလိုး၏တူ ဘင်ဂျမင်နှင့် အသက် (၁၅) နှစ်အရွယ် မောင်ကျော်နိုင်တို့သည် တောထဲသို့ ဟင်းရှာထွက်ရင်း တပ်မတော်နှင့် AA တို့တိုက်ပွဲအကြား ပိတ်မိပြီး ယခုအချိန်အထိ သတင်းအစအနမသိရပဲ ပျောက်ဆုံးနေဆဲဖြစ်သည်ဟု သိရသည်။ ယခုကိစ္စနှင့်ပတ်သက်၍ ရက္ခိုင့်တပ်မတော်(အေအ) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို ဆက်သွယ်ခဲ့ သော်လည်း ဖုန်းပိတ်ထားသည်။

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...