တောင်ကျချောင်းရေနှင့်မျောပါပြီး ပျောက်ဆုံးသွားသည့် တီးတိန်မြို့နယ် ဖွန်နွမ်ကျေးရွာသား အသက် (၁၄) နှစ်အရွယ် မောင်နန်စွမ်းခမ်းကို ရွာသားများက ဆက်လက်ရှာဖွေရာ ယခုသတင်းရေးသားနေသည့်အချိန်ထိ မတွေ့ရှိသေးကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ်လ (၁၀) ရက်နေ့က ဖွန်နွမ်ကျေးရွာသား (၁၁) ဦးတို့သည် ၎င်းတို့ကျေးရွာအသုံးပြုနေသည့် ရေအားလျှပ်စစ်စက်ရုံ မြေစာဖုံးသဖြင့် သွားရောက်ရှင်းလင်းအပြီး အပြန်လမ်းတွင် ငတပ်ချောင်းဖြတ်ကူးစဉ် ရုတ်တရက်ကျဆင်းသည့် တောင်ကျချောင်းရေကြောင့် မောင်ဟောင်ရှန်သုမ် (၁၅) နှစ်နှင့် မောင်နန်စွမ်ခမ်း (၁၄) နှစ်တို့သည်မျောပါသွားခဲ့ခြင်းဖြစ်သည်။
တောင်ကျချောင်းရေနှင့်မျောပါသွားသည့် မောင်ဟောင်ရှန်သုမ်ကို ချောင်းဘေးချုံပုတ်အကြား ရွှံ့ရည်တွင် အသက်ရှင်လျက်ပြန်ရှာတွေ့ခဲ့ကြသော်လည်း မောင်နန်စွမ်ခမ်းကိုမူ ယခုချိန်ထိရှာမတွေ့သေးကြောင်း ဖွန်နွမ်ကျေးရွာအုပ်ချုပ်ရေးမှူးဦးထန်ရှန်းမန် ကပြောသည်။
“ကျနော်တို့တစ်ယောက်ကတော့ပြန်တွေ့ပြီ တစ်ယောက်ကတော့ ကျနော်တို့ရှာဖွေနေတုန်း အခုထိမတွေ့သေးဘူး ဒီနေ့လည်းရှာဖွေနေတုန်းပဲ၊ ကျနော်တို့နေရာအနံ့ရှာပြီးသွားပြီ အဲဒီတောင်ကျရေနဲ့ ရွံ့ဗွတ်တွေဆိုတော့ အဲဒီချောင်းနားရွှံ့ဗွတ်ထဲကိုလည်း ကျနော်တို့ လိုက်တူးတယ် ကျနော်တို့ နေရာအနှံရှာနေတုန်းပဲ” ဟု ကျေးရွာအုပ်ချုပ်ရေးမှူးကပြောသည်။
မောင်နန်စွမ်ခမ်း မိဘဆွေမျိူးများ၏ ဆန္ဒအရ ဖွန်နွမ်ကျေးရွာသားများအနေဖြင့် သြဂုတ်လ ၁၃ ရက်နေ့အထိ ရှာဖွေသွားမည်ဟု အုပ်ချူပ်ရေးမှူးကဆက်ပြောသည်။
“ကျနော်တို့နေရာအနှံရှာပြီးသွားပြီ ကျနော်တို့တောင်ကျရေနှင့် ရွှံ့ဗွတ်တွေနဲ့ ချောင်းနားတွေရှာကြည့်တယ် တခြားနေရာရှာမယ့်နေရာလည်း သိပ်မရှိတော့ဘူး မကျန်တော့ဘူး သူတို့ အမျိုးတွေကလည်း ဒီနေ့နဲ့ မနက်ဖြန်လောက်ကျေးဇူးပြုပြီးရှာပေးလိုက်ပါဆိုပြီးတော့လည်း ကျနော်တို့ သူတို့သဘောအရရှာကြည့်တာပဲရှိတယ် တွေ့မယ်လို့လည်းမထင်တော့ပါဘူး” ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထန်ရှန်းမန်ကပြောသည်။
ဖွန်နွမ်ကျေးရွာအနီး ငတပ်ချောင်းအပေါ်ဖက် ကားလမ်းချဲ့ရာမှ စွန်ပစ်မြေစာများရှိပြီး ၎င်းမြေစာများ မိုးရွာသွန်းသည့်အချိန် ရေနှင့် အတူ ငတပ်ချောင်း၌ မျောပါလာတတ်ခြင်းကြောင်း ကျေးရွာအတွက် အသုံးပြုသည့် ရေအားလျှပ်စစ်စက်ရုံမြေဖုံးခြင်းများဖြစ်ပေါ်စေတတ်ပြီး မောင်ဟောင်ရှန်သုပ်နှင့် မောင်နန်စွမ်ခမ်းတို့ဖြစ်စဉ်တွင်လည်း ရေနှင့်အတူမျောပါလာသည့် ရွှံ့နွံများကြောင့်ဖြစ်သည်ဟု သိရသည်







