နိုင်ငံတစ်ဝှမ်း ရေဘေးကြောင့် နေရပ်စွန့်ရသူ ရှစ်သောင်းကျော်အထိရှိ

နိုင်ငံတစ်ဝှမ်း ရေဘေးကြောင့် နေရပ်စွန့်ရသူ ရှစ်သောင်းကျော်အထိရှိ
 ဓာတ်ပုံ-Sai Aung MAIN/AFP
ဓာတ်ပုံ-Sai Aung MAIN/AFP

မြန်မာနိုင်ငံတစ်ဝှမ်း ရေကြီးရေလျှံမှုများကြောင့် နေရပ်စွန့်ခွာရသူ လူရှစ်သောင်းကျော်အထိ ရှိလာပြီဖြစ်ကြောင်း သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှသိရသည်။

သြဂုတ် ၁၁ ရက်နေ့အထိစာရင်းများအရ ပဲခူးတိုင်းရှိ မိုးညို၊ ကျောက်ကြီး၊ ရွှေကျင်၊ မဒေါက်၊ ပဲခူးမြို့ တို့တွင် အိမ်ထောင်စု ၄၁၀၀ ကျော် နှင့် လူဦးရေ ၂၀၃၀၀ ကျော်၊ မွန်ပြည်နယ် ဘီးလင်း၊ ကျိုက်မရော၊ သထုံ၊ သံဖြူဇရပ်၊ ရေး၊ မော်လမြိုင်၊ ပေါင်မြို့တို့တွင် အိမ် ထောင်စု ၆၂၀၀ ကျော်နှင့် လူဦးရေ ၂၆၁၀၀ ကျော်တို့ဖြင့်အများဆုံးဖြစ်သည်။

“ မဖြစ်အောင်ကတော့ လုပ်လို့မရဘူး။ ဖြစ်တာကိုပဲ သက်သာအောင်လုပ်လို့ရမယ်။ ဖြစ်တဲ့အခါမှာ ထိခိုက်ဆုံးရှုံးမှုတွေ နည်း အောင်ပဲ လုပ်လို့ရတယ်။ လုံးဝကြီး မဖြစ်အောင်တော့လုပ်လို့မရပါဘူး “ ဟု သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာမှ ရေဘေးသင့်ဒေသများသို့ စားသောက်ကုန်များအပြင် လှေ၊ သက်ကယ်ဝတ်စုံတို့ အပြင်ငွေကြေးထောက်ပံ့မှုများအတွက် စုစုပေါင်းလှူဒါန်းငွေမှာ မြန်မာငွေကျပ် ၂၉၃၅ သိန်းကျော်ရှိပြီဟု သိရသည်။

ကရင်ပြည်နယ်ရှိ ကြာအင်းဆိပ်ကြီး၊ ကော့ဂရိတ်၊ မြဝတီ၊ လှိုင်းဘွဲ့၊ ဘားအံတို့တွင်လည်း အိမ်ထောင်စု ၂၆၈၀ ကျော်၊ လူဦးရေ ၁၂၉၀၀ ကျော်ရေဘေးရှောင်နေရပြီး တနင်္သာရီ တိုင်းရှိ တနင်္သာရီမြို့၊ ပုလော၊ မြိတ်၊ လောင်းလုံ တို့တွင် အိမ်ထောင်စု ၂၆၀ ကျော် လူဦးရေ ၁၂၅၃ ဦးတို့ နေရပ်စွန့်ခွာနေရသည်။

ထို့အပြင် ထူးခြားဖြစ်စဉ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွင်လည်း အိမ်ထောင်စု ၁၉ရစုမှ လူဦးရေ ၈၃၁ ဦးမှာ ကယ်ဆယ်ရေး စခန်းများတွင် နေထိုင် နေရ ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် မိုးရာသီကာလရောက်တိုင်း ရေကြီးရေလျှံမှုများကြုံတွေ့လာရသည်မှာ ဆယ်စုနှစ်တစ်ခုနီးပါးအထိရှိလာပြီး ၂၀၁၅ ခုနှစ်က လူဦးရေ သိန်းချီကာ စံချိန်တင် ပြောင်းရွှေ့ခဲ့ရဖူးသည်။

လတ်တလောတွင် အစိုးရဌာနစာရင်းများအရ ရေဘေးကြောင့်သေဆုံးသူမရှိသေးသော်လည် မွန်ပြည်နယ်ပေါင်မြို့နယ်တွင် မိုးရွာသွန်း၍ တောင်ပြိုကျမှုကြောင့် လူပေါင်း ၅၀ ကျော် အသက်ဆုံးရှုံးခဲ့ရသည်။

March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...
ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...
March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...