လွတ်လပ်လုံခြုံပြီး တရားမျှတသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်နိုင်ရေးနှင့် ပြည်သူ့အကျိူးစီးပွားကို အကာအကွယ်မပေးနိုင်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက အချက်များကို ဖျက်သိမ်းရမည်ဟု ကလေးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်ကပြောသည်။
“လွတ်လပ်လုံခြုံပြီး တရားမျှတတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ဖို့အတွက်ဆိုလိုရှိရင် ရှိနေတဲ့ဥပဒေထဲက လွတ်လပ်လုံခြုံပြီး တရားမျှတတဲ့ အချက်တွေကို အဟန့်အတားဖြစ်နေတဲ့အရာတွေကို ကျွန်မတို့ချန်ထားဖို့လိုအပ်တယ် ဖျက်ဖို့လိုပါတယ်၊ အသစ်ပြဌာန်းဖို့ ပုဒ်မအသစ်တွေကို တိုးလာဖို့လိုအပ်တယ် ဒါမှသာလျှင် အလုံးစုံပြီးပြည့်စုံမဟုတ်ရင်တောင်မှ ရာခိုင်နှုန်းအများစုကို ကိုယ်စားပြုတဲ့ ဥပဒေဖြစ်မှသာလျှင် ကျွန်မတို့ ပြည်သူ့ရဲ့အကျိုးစီးပွားကိုကာကွယ်နိုင်မယ် ပြည်သူတွေရဲ့ အကျိုးစီးပွားကိုမကာကွယ်ပေးတဲ့ဥပဒေတွေဖျက်သိမ်းရမယ်၊ နိုင်ငံသားတစ်ယောက်ချင်းစီရဲ့ လုံခြုံပြီးတရားမျှတတဲ့ အရာတွေကိုကာကွယ်ပေးနိုင်တဲ့ဥပဒေဖြစ်ဖို့ဆိုရင် ကျွန်မတို့ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပြင်ဆင်ဖို့က အရေးကြီးပါတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်ကပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီကို ထောက်ခံသည့်အနေဖြင့် ကလေးမြို့လူထု ၅၀၀၀ ကျော်က ယနေ့နံနက်ပိုင်းက ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ယင်းဆန္ဒဖော်ထုတ်မှုတွင် စစ်ကိုင်းတိုင်းဒေသကြီး လယ်ယာနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇမှုန်၊ ချင်းရေးရာဝန်ကြီး ဦးလာလ်ထောင်းထန်နှင့် ကလေးမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်တို့လည်း ပြည်သူလူထုနှင့် အတူ ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်(NLD) ပါတီသည် ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထုအား ကတိပေးထားသည့်အတိုင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို လုပ်ဆောင်လာပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီကိုလည်း ဖွဲ့စည်းခဲ့သည်။
ထို့နောက် အဖွဲ့ဝင် ၄၅ ဦးပါဝင်သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီသည် ဇူလိုင်လ ၁၅ ရက်နေ့က ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ဖို့ အချက်ပေါင်း ၃၇၆၅ ချက်ကို စုစည်းပြီး တင်သွင်းခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနိုင်ရေးအတွက် အဆင့်ပေါင်းများစွာကျော်ဖြတ်ရဦးမည်ဖြစ်ကြောင်း လွှတ်တော်ထဲတွင်တင်သွင်းနေသည့် ပူးပေါင်းကော်မတီ၏ ဆန္ဒသဘောထားတွေနှင့် ထပ်တူရှိနေကြောင်း ပြည်သူများအနေဖြင့်ပြသရန် လိုအပ်ပြီး ပြည်သူ့ကိုယ်စားလှယ်များနှင့်အတူ ရပ်တည်ပေးရန်အထူးလိုအပ်သည်ဟု ဒေါ်သန့်ဝေကျော်ကပြောသည်။







