ဒေါ်အင်ခွမ်နန်ထန် သတ်ဖြတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး ရှမ်းမြောက်ဒေသခံများ တောင်းဆို

ဒေါ်အင်ခွမ်နန်ထန် သတ်ဖြတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး ရှမ်းမြောက်ဒေသခံများ တောင်းဆို

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်တွင် ပြင်းထန်သော ဒဏ်ရာများဖြင့် အသတ်ခံရသော စစ်ပြေးဒုက္ခသည် ဒေါ်အင်ခွမ်နန်ထန်၏ အမှုမှန်ပေါ်ပေါက်နိုင်ရေးအတွက် ရှမ်းမြောက်ဒေသခံများ တောင်းဆိုလိုက်ပါသည်။

နမ္မတူမြို့နယ် နမ့်ဆုံကျေးရွာတွင် ဈေးရောင်းနေသော အသက် ၄၈ နှစ် အရွယ် ဒေါ်အင်ခွမ် နန်ထန်သည် သူမ၏ နေအိမ်ဈေးဆိုင်အတွင်း ဇူလိုင်လ ၃ ရက်နေ့ ည ပြင်းထန်သော ဒဏ်ရာများဖြင့် သေဆုံးခဲ့ရ ခြင်းဖြစ်သည်။

ယင်းအမှုနှင့် ပတ်သက်ပြီး နမ့်ဖက်ကာ ရဲစခန်းမှူး ဦးသန်းဇော်မှ ကချင်သတင်းဌာန KNG ကို ယခုလိုပြောဆိုသည်။

“မဒိန်းမှုမြောက်မမြောက် ဆေးစစ်ချက်ကို လားရှိုး ကနေ မန္တလေးကို ပို့ထားသေးတယ်။ သေဆုံးသူရဲ့ အိမ်နီးချင်း ယောက်မ ဒေါ်လထော်ဂျာနန် အနေနဲ့ လူ သတ်မှု ရာဇသတ်ကြီးပုဒ်မ-၃၀၀ နဲ့ နမ်ဖက်ကာရဲစခန်းမှာ အမှုဖွင့်ထားတယ်။ ကျနော်တို့ ရဲစခန်းကနေလဲ ဆက်လက်စစ် ဆေးနေပါသေးတယ်။” ဟု နမ့်ဖက်ကာ စခန်းမှူးက ပြောဆိုသွားပါသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို ဇူလိုင် ၄ ရက်နေ့ နမ့်ဆုံကျေးရွာမှ နမ်ဖတ်ကာသို့သယ်ဆောင်ခဲ့ပြီး နမ်ဖတ်ကာရင်ခွဲရုံ၏ စစ်ဆေးချက်အရ ပြင်းထန်သောဒဏ်ရာဖြင့်သေဆုံးကြောင်းကိုသာ စစ်ချက်ပေးပြီး မဒိန်းမှုမြောက် မမြောက်ကိုတော့ လားရှိုးဆေးရုံမှ တဆင့် မန္တလေးဆေးရုံသို့ ပို့ထားပြီး အဖြေမသိရှိရသေးကြောင်း နမ်ဖတ်ကာစစ်ရှောင်တာဝန်ခံ ဆရာမဒေါ်ဘောက်တောင် ပြောပါသည်။

၂၀၁၁ ခုနှစ်မှစပြီး အဆိုပါဒေသ ပြည်တွင်းစစ်ဖြစ်လာသောကြောင့် ဒေါ်နန်ထန်မိသားစုသည် နမ်ဖတ်ကာ စစ်ရှောင်စခန်းတွင် ခိုလှုံခဲ့ပြီး နောက်ပိုင်းတွင် ဝမ်းရေးအတွက် မူလ နမ့်ဆုံကျေးရွာသို့ ပြန်လာပြီး ဈေးရောင်းနေစဉ် ယခုလို ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်ဟု သိရပါသည်။

နာမကျန်းဖြစ်နေသော ခင်ပွန်းနှင့် သမီး ၂ ဦးကို ဆွေမျိုးအိမ်တွင်ချန်ထားပြီး မိသားစု ဝမ်းရေးအတွက် ရုန်းကန်နေသော

ဒေါ်နန်ထန်သေဆုံးခြင်း အမှုမှန်ပေါ်ပေါက်ရေးအတွက် ရှမ်းပြည်နယ်မြောက်ပိုင်း အရပ်ဘက်အဖွဲ့အစည်း ၄၀ ကျော်ကလည်း သဘောထား ထုတ်ပြန်ချက်ဖြင့် တောင်းဆိုထားသည်ကို တွေ့ရပါသည်။

“ကျမတို့ ဒီနေရာက တိုက်ပွဲနယ်မြေမှာ စစ်တပ်ကလည်း ဝင်ရောက်နေတယ်။ ဒီလို စစ်ဖြစ်နေတဲ့အချိန်မှာ အမျိုးသမီးတစ်ယောက်အနေနဲ့ အခုလို ညင်းပန်းနှိပ်စက်ပြီး သတ်ပစ်ခံခဲ့ရတဲ့အတွက် ဒီလိုမျိုးအဖြစ်အပျက်ကို အမှုမှန်ပေါ်ပေါက်နိုင်ရေးအတွက် သက်ဆိုင်သူတွေ အားလုံးပါဝင်ပြီး လုပ်ဆောင်နိုင်ဖို့အတွက် ကျမတို့ သဘောထားထုတ်ပြန်ထားဒါပါ။” ဟု ရှမ်းမြောက် အမျိုးသမီး ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကွန်ယက်မှ ဒေါ်ခေါင်နန်းက ပြောပါသည်။

ထို့အပြင် ရှမ်းပြည်နယ် ကချင်ရိုးရာနှင့် စာပေယဉ်ကျေးမှု ကော်မတီ ကလည်း အမှုမှန်ပေါ်ပေါက်ရေး ကော်မရှင်တစ်ခုဖွဲ့စည်းကာ ကြိုးစားသွားအကြောင်း နမ်ဖတ်ကာ စစ်ရှောင်စခန်းတာဝန်ခံ ဒေါ်ဘောက်တောင်ထံမှ သိရပါသည်။

အမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး သေဆုံးသူ၏ အိမ်နီးချင်းလည်းဖြစ် မျက်မြင်သက်သေလည်းဖြစ်ကာ ရဲစခန်းတွင် အမှုဖွင့်ထားသူ ဒေါ်လထော်ဂျာနန် မှ ကချင်သတင်းဌာန KNG ကို ယခုလိုအသေးစိတ် ရှင်းပြထားပါသည်။

“ဒေါ်နန်ထန်နဲ့ ကျမ အမှုမဖြစ်ခင် ည ၉ နာရီ ခွဲ ထိအတူရှိနေခဲ့တယ်။ အဲဒီနေ့ ရှေ့တန်းကနေပြန်လာတဲ့ အစိုးရစစ်တပ်လည်း နေ့လည်၁း၃၀ လောက်မှာ ရွာထဲကို ရောက်လာပြီး ဒေါ်နန်ထန်ဆီက ဆိုလာပြား လာငှားတာရှိတယ်။ ညနေ ၃ နာရီနဲ့ ၄ နာရီကြားလောက် လက်ဖက်သုပ်လဲ လာသုပ်စားတယ်။ ဒီမှာတော့ မစားကြဘူး။ ဖုန်းလည်း ၂၀၀၀၀ ကျပ် နဲ့ လာပေါင်ထားတယ်။ လက်ဖက်သုပ် ပန်းကန်လည်း ယူသွားတယ်။ ည ၈း၃၀ လောက်မှာ ပန်းကန်နဲ့ ဆိုလာ ပြားကို ပြန်လာပေးတယ်။ ဒေါ်နန်ထန်နဲ့ ကျမ ထမင်း အတူစားနေတဲ့ အချိန် အပြင်ကို ခွေး အရမ်းဟောင်လာလို့ ထွက်ကြည့်တော့ လူနှစ်ယောက် ဖြတ်သွားတယ်။ သူတို့က တရုတ်ကြီးအိမ် ဘယ်မှာ လည်း လို့မေးတယ်။ ကျမကဘာမပြောဘူး။ သေဆုံးသူက ဟိုကအိမ်လို့ ပြောလိုက်တယ်။ ကျမက အဝတ် ခေါက်ပြီး ကျမနေတဲ့ အိမ်ကိုပြန်သွားခဲ့တယ်။ ဒေါ်နန်ထန်လည်း သူ မုန့်ခြောက်ကြော်ရမှာမို့ နေထား ခဲ့တယ်။” ဟု မျက်မြင်သက်သေ ဒေါ်လထော်ဂျာနန် ပြောသည်။

ပြီးနောက် “နောက်နေ့ မနက် ကျမသူ့အိမ်ကိုသွားတော့ ဈေးဝယ်ဖို့ စစ်သားနှစ်ယောက်နဲ့လည်း ဆုံလို့ အိမ်ကို အတူဝင်ခဲ့တယ်။ တရုတ်ပဲပုတ်ဘူး ယူမယ်ဆိုပြီး လာခေါ်တယ်။ ခေါ်တာမထူး တော့ အဲဒီစစ်သား က ထရံပေါက်ကနေ ချောင်းကြည့်ပြီး အရှောင်ပက်လက်လှန်နေတယ်ဆိုပြီး ပြောတယ်။ အဲဒါနဲ့ တံခါး ကလှန့် ဖွင့်ရခက်လို့ စစ်သားက ခြေတောက်နဲ့ ကန်ဖွင့်လိုက်ပြီး မြင်ခဲ့တာပဲ။ စစ်သားနှစ်ယောက်က ဆေးဆရာသွား ခေါ်မယ်ဆိုပြီး သွားလိုက်တယ်။ ရွာကလူတွေလည်း ရောက်လာကြတယ်။ ဆရာဝန်ရောက်လာပြီး စစ်ကြည့် တော့ သေနေပြီပဲလို့ ပြောတယ်။” ဟု ၎င်းက ကချင်သတင်းဌာန ကို ဆက်ဆိုထားသည်။

နမ့်ဆုံကျေးရွာသည် စစ်ရှောင်ကာလ ၈နှစ်ရှိခဲ့ပြီဖြစ်ပြီး ယနေ့ချိန်ထိ တပ်မတော် ခလရ ၂၆၁ တပ်စခန်းချထားပြီး ၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ တို့ လှုပ်ရှားနေသော ဒေသဖြစ်ကြောင်း ရှမ်းမြောက် အရပ်ဖက်အဖွဲ့အစည်းများမှ သိရပါသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆိုင်း(ကြူကုတ်) ကောင်းခါးကျေးရွာတွင် အဓမ္မပြုကျင့် သတ်ဖြတ်ခံရသော ဆရာစေတနာ့ဝန်ထမ်း ဆရာမ လုရာနှင့် ဆရာမ တန်ဘောင်ခေါင်နန်စင် တို့ ၂ ဦးအမှုလည်း ယနေ့အထိ အမှုမှန် မပေါ်ပေါက်သေးသည်ကို တွေ့ရပါသည်။

January 10, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ယုန်းအောင်အဖွဲ့ စိုးမိုးထားတဲ့...
January 9, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ဖတ်ကာမြို့အနီး နမ့်အွမ်ကျေးရွာမှာ ဒေသခံတွေထိန်းသိမ်းထားတဲ့...
January 7, 2026
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ရဒေသဖြစ်တဲ့ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်တွေမှာ...
January 7, 2026
ကသာမြို့လုံးကျွတ် နီးပါး ဘေးလွှတ်ရာကို စစ်ဘေးတိမ်းရှောင်နေကြရချိန် ဒေသခံတချို့ဟာ...