ရခိုင်ပြည်နယ် အမ်းမြို့နယ် ပဒေကြေကျေးရွာတွင် နေထိုင်သည့် ချင်းခရစ်ယာန်ဘာသာဝင်များကို ခရစ်ယာန်ဘာသာမှ ဗုဒ္ဓဘာသာသို့ ကူးပြောင်းကြောင်း လက်မှတ်ရေးထိုးထားခြင်းမရှိပါက ရွာမှမောင်း ထုတ်မည်ဟု ပဒေကြေကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖလူကြီးများမှ ခရစ်ယာန်ဘာသာဝင်များ ဆန္ဒမပါဘဲ လက်မှတ်အတင်း အကြပ်ရေးထိုးခိုင်းကြောင်း ဒေသခံတဦးမှ ချင်းလူ့အခွင့်အရေး(CHRO)အဖွဲ့ထံ သတင်းပေးပို့ကြောင်း CHRO ၏ Field Director Salai Terah ကပြောသည်။
အဆိုပါအဖြစ်အပျက်နှင့်ပတ်သက်ပြီး ချင်းလူ့အခွင့်အရေးအဖွဲ့မှ ဇွန်လ ၁၀ ရက်နေ့တွင် မဒေကြေကျေးရွာသားတစ်ဦးမှ ချင်းလူ့အခွင့်အရေးအဖွဲ့ထံ သတင်းပေးပို့ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။
ဆလိုင်း Terahက “ပြီးခဲ့တဲ့လ၂၄ရက်နေ့မှာ ပဒေကြေကျေးရွာအုပ် ချုပ်ရေးမှူး ဦးတင်ရွှေမောင် ဦးဆောင်ပြီးမှ ရပ်မိရပ်ဖလူကြီး ခြောက်ယောက် ခုနှစ်ယောက်လောက်က ပဒေကြေမှာရှိတဲ့ ခရစ်ယာန်ဘာသာဝင်နှစ်ယောက်ဖြစ်တဲ့ ဦးစံဆွေမောင်နဲ့ သင်းအုပ်ဆရာ ဦးအောင်သိန်းတို့ကို ရွာရဲ့ဘုန်းကြီးကျောင်းကို ခေါ်ပြီး ကျောင်းထိုင်ဘုန်းကြီးရှေ့မှာဘဲ ခရစ်ဘာသာကနေ ဗုဒ္ဓသာကိုကူးပြောင်းကြောင်း ဝန်ခံကတိလက်မှတ်ရေးထိုးရမယ် မထိုးရင်ရွာကနေ မောင်းထုပ်မယ်ဆိုပြီး အတင်းအကြပ် လက်မှတ်ရေးထိုးခိုင်းတယ် နောက်နေ့မှာဘဲ ခရစ်ယာန်ဘာသာဝင် တစ်ယောက်ဦးစံတင်အောင်ကိုလည်း အုပ်ချုပ်ရေးမှူးရုံးကို ခေါ်ပြီးတော့ အရင်လိုဘဲခြိမ်းခြောက်ပြီးတော့ အတင်းအကြပ်လက်မှတ်ရေးထိုးခိုင်းတယ်လို့သိရတယ်”ဟုပြောသည်။
ပဒေကြေကျေးရွာတွင် ပြီးခဲ့သည့် နှစ်ဇူလိုင်လလောက်မှစတင်ပြီး ခရစ်ဘာသာကိုးကွယ် သူများကို ခရစ်ယာန်ဘာသာမှ ဗုဒ္ဓဘာသာသို့ ကူးပြောင်းရန် ကတိဝန်ခံချက်လက်မှတ်များကို ယခုလိုမျိုး ခြိမ်းခြောက်ပြီး အတင်းအကြပ် ရေးထိုးခိုင်းခဲ့သည်မှာ သုံးကြိမ်ရှိခဲ့ပြီး ပဒေကြေကျေးရွာနေ အချို့ခရစ်ယာန်ဘာသာကိုးကွယ်သူများမှာ တခြားကျေးရွာများသို့ ပြောင်းရွေ့ခဲ့ကြရကြောင်းလည်း သိရှိရသည်။
ပဒေသကြေကျေးရွာတွင် ခရစ်ယာန်ဘာသာမှ ဗုဒ္ဓဘာသာသို့ ကူးပြောင်းကြောင်း ကတိဝန်ခံချက် လက်မှတ်ကို အတင်းအကြပ်ရေးထိုးစေပြီးနောက်တွင် မွှားကျေးရွာအုပ်စုလက်အောက်ခံ ကျေးရွာပေါင်း(၈)ခုတွင် ခရစ်ယာန်ဘာသာများအား နေအိမ်တွင်ဝင်ထွက် သွားလာခြင်းမပြုရ၊ ဈေးရောင်းပေးခြင်းများမပြုလုပ်ရ ပြုလုပ်သူများကို ကျပ်တစ်သိန်းဒဏ်ငွေဆောင်စေမည်ဟု အသံချဲ့စက်များဖြင့် လိုက်လံဆော်သြကြကြောင်း ဒေသခံများပြောပြချက်အရသိရှိရသည်။
ဆလိုင်း Terahက “၂၀၁၈ ဖွဲ့စည်းပုံမှာတောင်မှ လွက်လပ်စွာကိုးကွယ်ယုံကြည်ခွင့် ရှိတယ် ဆိုပြီးတော့ အတိအလင်းဖော်ပြထားတယ်။ အခုအဲဒီလို ဘာသာတစ်ခုက တခြားဘာသာတစ်ခုခုကို အကြမ်းဖက်လုပ်ရင် အစိုးရက ထိထိရောက်ရောက်အရေးယူပေးသင့်တယ်”ဟုပြောသည်။
ပြီးခဲ့သည့် နှစ်တွင်လည်း ဗုဒ္ဓဘာသာဝင်များမှ ခရစ်ဘာသာဝင်များကို ဝိုင်းဝန်းရိုက်နှက်ခြင်း ကျောက်ခဲနှင့် ပေါက်ခြင်း အသင်းအုပ် ဆရာတစ်ပါးကို ဝိုင်းဝန်းရိုက်နှက်ကြခြင်းများ ရှိခဲ့ပြီး သက်ဆိုင်ရာ ရဲစခန်းများတွင် အရေးတယူဆောင်ရွက်ပေးရန် အကြောင်းကြားသော်လည်း ယခုအချိန်ထိ ဘာမှမဆောင်ရွက်ပေးသေးကြောင်း ဆလိုင်း Terahကပြောသည်။
ရခိုင်ပြည်နယ် အမ်းမြို့နယ် ပဒေကြေကျေးရွာတွင် အိမ်ခြေ(၂၀၀)ကျော်ရှိသည့် အနက် ခရစ်ယာန်ဘာသာဝင်မှာ(၁၁)အိမ်ထောင်သာရှိပြီး အများစု ဗုဒ္ဓဘာသာဝင်ရွာသားများမှ ခရစ်ယာန်ဘာသာဝင် များကို ကိုယ်ထိလက်ရောက် စော်ကားခြင်း၊ ကန့်သတ်ချုပ်ချယ်ခြင်း၊ စကားအားဖြင့် ခြိမ်းခြောက်ဆဲဆိုခြင်းများနှင့် အနိုင်ကျင့်မှုများရှိကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားသည်။








