၂၀၁၉ခုနှစ် ဇွန်လ ၃ရက်နေ့ညနေပိုင်းတွင်ဖြစ်ပွားခဲ့သည့် ပလက်ဝမှ ကုလားတန်မြစ်အထက်ဘက် တောင်ပြိုသို့သွားသည့်လမ်းတွင် စက်လှေနှစ်စင်း အဖမ်းခံရမှုနှင့်ပတ်သတ်ပြီး တိုက်ပွဲဇုံထဲတွင် ရှိနေသဖြင့် ရပ်တန့်စစ်ဆေးမှု လုပ်ရခြင်းသာဖြစ်ကြောင်း ရက္ခိုင့်တပ်မတော် (AA)၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခမှပြောသည်။
"ပလက်ဝနဲ့တောင်ပြိုကြားနေရာက တိုက်ပွဲဇုံထဲမှာရှိနေတဲ့နေရာ၊ အဲတာကြောင့် လုံခြုံရေးအရ လိုအပ်တဲ့ရပ်တန့်စစ်ဆေးမှုတွေက ပုံမှန်ရှိတယ်၊ တစ်ခါတစ်လေမှာ မြေပြင်သတင်းတွေအရ လိုအပ်သလို စစ်ဆေးရတာမျိုးတော့ရှိတယ်၊ ဒါပေမယ့် လူတွေကို ဖမ်းတာစီးတာတော့ ဘာမှမလုပ်ပါဘူး၊ တစ်ချို့ကိစ္စတွေမှာ ဗမာစစ်တပ်တွေက အရပ်သားတွေလို ဟန်ဆောင်ပြီး စစ်ရေးပြင်ဆင်တာတွေရှိတယ်၊ အထူးသဖြင့် ရိက္ခပစ္စည်းတွေကို အရပ်သားစက်လှေတွေနဲ့ပို့ဆောင်တာရှိတယ်၊ အဲဒါတွေနဲ့ပတ်သတ်လို့ ကျနော်တို့က စစ်ဆေးပြီးတွေ့ခဲ့ရင် ဗမာစစ်တပ်ရဲ့ ရိက္ခာတွေကို ကျနော်တို့က သိမ်းဆည်းတာတွေရှိတယ်၊ ဒါပေမယ့် အရပ်သားပစ္စည်းတွေကိုတော့ ဘာမှမလုပ်ပါဘူး၊ အခြေအနေတစ်ခုခုကြောင့် ယူရမယ်ဆိုရင်တောင် တန်ရာတန်ကြေးပေးပြီးတော့ ယူတာဘဲရှိတယ်" ဟု Chin World Media ၏ မေးမြန်းချက်ကို ရက္ခိုင့်တပ်မတော် (AA) ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခမှ ပြောသည်။
အဆိုပါဖြစ်စဉ်မှာ ပလက်ဝမြို့မှ တောင်ပြိုသို့သွားသည့် စက်လှေနှစ်စင်းကို ပလက်ဝမြို့မှ ဆယ်မိုင်အကွာ ကျီးလေးကျေးရွာအနီးတွင် AA အဖွဲ့မှ ဖမ်းစီးခဲ့ခြင်းဖြစ်ပြီး အဆိုပါစက်လှေနှစ်စင်းပေါ်တွေင် ပြည်သူ ၁၇ဦးနှင့် ဆန်အိတ် ၁၅၀ခန့်ပါဝင်ကာ ပြည်သူ ၁၇ ဦးကို ယနေ့မနက်တွင် ပြန်လွှတ်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်ပြီး ကျီးလေးကျေးရွာမှ ဒေသခံတစ်ဦးကိုဆက်သွယ်မေးမြန်းရာ "ဖမ်းထားတဲ့သူတွေကို ဒီနေ့မနက်မှာ ပြန်လွှတ်ပေးတာတော့ဟုတ်တယ်၊ ဘယ်နှစ်ယောက်ဆိုတာတော့မသိဘူး၊ ဆန်အိတ်တွေ ဘယ်နှစ်အိတ်ပါသွားတာလည်းဆိုတာလည်း မသိဘူး"ဟုပြောသည်။
စက်လှေနှစ်စင်း ဖမ်းစီးစစ်ဆေးမှုနှင့်ပတ်သတ်ပြီး ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်မှ ဆန်အိတ်ငါးအိတ်သာ စက်လှေပေါ်တွင် တင်ဆောင်ခွင့်ပြုထားပြီး တပ်မတော်၏ရိက္ခာကို အရပ်သား စက်လှေဖြင့် အတင်းအဓ္ဓမတင်ဆောင်ခိုင်းမှုများရှိသဖြင့် လုံခြုံရေးအရစစ်ဆေးမှုများ လုပ်ရခြင်းဖြစ်ကြောင်း ရက္ခိုုင့်တပ်မတော် ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခမှ ပြောသည်။







