RCSS ARMY Facebook Page က ဘယ်သူ့ဟာလဲ …..?

RCSS ARMY Facebook Page က ဘယ်သူ့ဟာလဲ …..?
RCSS နာမည်နဲ့ SSPP ကိုဆန့်ကျင် ရှုံ့ချ ပြစ်တင်ပြောဆို ဝေဖန်တဲ့အရေးအသားတွေရေးသားတင်ပြနေတဲ့ RCSS ARMY ဆိုတဲ့ Facebook Page
RCSS နာမည်နဲ့ SSPP ကိုဆန့်ကျင် ရှုံ့ချ ပြစ်တင်ပြောဆို ဝေဖန်တဲ့အရေးအသားတွေရေးသားတင်ပြနေတဲ့ RCSS ARMY ဆိုတဲ့ Facebook Page

ပြီးခဲ့တဲ့နှစ်က ကျနော်တို့ သျှမ်းပြည်မှာ သျှမ်းအချင်းချင်းကြားက ပဋိပက္ခတွေကြောင့် သျှမ်းပြည်သားတွေ ပျော်ရွှင်အေးချမ်းမှုမရှိခဲ့ပါဘူး။ ကျနော်တို့ သျှမ်းအမျိုးသားတွေအတွက် လွတ်မြောက်ရေး ဆောင်ရွက်ပေးမယ် လို့ အားလုံးကယုံကြည်အားကိုးခဲ့ရတဲ့ သျှမ်းလက်နက်ကိုင် တပ်ဖွဲ့ ၂ ဖွဲ့က အချင်းချင်းပစ်ခတ်တိုက်ခိုက်တာကြောင့် ဒေသခံလူထုတို့ နေရပ်ကနေစွန့်ခွါပြီး စစ်ဘေးရှောင်ခဲ့ကြရပါတယ်။

သို့ပေမယ့် မိုင်းဖုန်းဆရာတော် ခူးဝါးဝန်းစုမ့်ကိုအမှူးပြုပြီး ပြီးခဲ့တဲ့လက ဆရာတော်သံဃာတော်တွေက သျှမ်းလက်နက်ကိုင်တပ်ဖွဲ့ ၂ ဖွဲ့ကြား ဝင်ရောက်ချိတ်ဆက်ဖြန်ဖြေညှိနှိုင်းဆွေးနွေးပေးတာကြောင့် မတ်လ ၁၉ နဲ့ ၂၀ ရက်နေ့ကစပြီး ၂ ဦး ၂ ဘက်ကြားပစ်ခတ်မှုတွေရပ်စဲသွားခဲ့ပါတယ်။ အဲ့ချိန်ကစပြီး စစ်ဘေးရှောင်နေတဲ့လူထုလည်း ပြုံးရွှင်ရယ်မော နေရပ်အသီးသီးပြန်သွားနိုင်ခဲ့ကြပြီဖြစ်ပါတယ်။

ကျနော်တို့အားလုံးကလည်း – ၂ ဖက်သျှမ်းတပ်တွေဟာ ပြသနာတွေကို အေးချမ်းစွာနဲ့ ဆွေးနွေးပြီး ဖြေရှင်းနိုင်လိမ့်မယ် – လို့ ယုံကြည်မျှော်လင့်ပါတယ်။

သျှမ်းတပ်ဖွဲ့ ၂ ဦး ၂ ဖက်အမြန်ဆုံးအဆင်ပြေပြီး အမျိုးသားရေးအတွက် အကောင်းဆုံး ဆက်လက် တာဝန်ထမ်းဆောင် သွားနိုင်ဖို့အတွက် ညှိနှိုင်းပေးဖို့ ကျနော်တို့လို သျှမ်းပြည်သားအားလုံး မှာ တာဝန် ရှိပါတယ်။ သူတို့ ၂ ဦး ၂ ဖက် အချင်းချင်းပစ်ခတ်တိုက်ခိုက်မှုမပြုအောင် ဆောင်ရွက်ရမှာ ဖြစ်သလို သူတို့အချင်းချင်း ပဋိပက္ခဖြစ်ပွါးအောင်ကြားထဲက သွေးထိုးလှုံ့ဆော်ပြောဆိုတဲ့သူတွေ  အွန်လိုင်းတွေ မှာ ပြသနာဖြစ်စေမယ့်စကားတွေ ရေးသားပြောဆိုတဲ့ ပို့စ်တွေ ဗီဒီယိုကလစ်တွေ  ကိုလည်း ကျနော် တို့က တားမြစ်ပေးရပါမယ်။

အဲဒီလို အွန်လိုင်းကနေ သွေးထိုးလှုံ့ဆော်မှုတွေလုပ်နေတဲ့အထဲမှာ RCSS ARMY ဆိုတဲ့  Facebook Page  တခုလည်းပါဝင်ပါတယ်။ အဲဒီပေ့ဟာ RCSS နာမည်နဲ့ SSPP ကိုဆန့်ကျင် ရှုံ့ချ ပြစ်တင်ပြောဆို ဝေဖန်တဲ့အရေးအသားတွေရေးသားတင်ပြနေပါတယ်။ အဲဒီ Page ကို ပဋိပက္ခဖြစ်အောင်လုပ်ဆောင် နေတဲ့ Page အတုမှန်းမသိတဲ့သူတွေက   ( RCSS ကိုအားပေးတဲ့သူတွေဆိုရင်လည်း ) နှစ်ထောင်း အားရကျေနပ်ပြီး  Like တွေ Share တွေပေးတယ်။ တချို့လည်း (SSPP ကိုအားပေးတဲ့သူ ဖြစ်နေရင် ) ပြန်ဆဲတယ်။ အဲလိုနဲ့ အဲဒီ Page က အားပေးတဲ့သူ ၅၀၀၀၀ လောက်နီးပါးရှိလာတာတွေ့ရပါတယ်။

ဒီ Facebook Page  ကိုကိုင်တဲ့ အက်မင်ကတော့ ဒီ Page ကအစစ်ပါ တဲ့။ အတုမဟုတ်ပါဘူးလို့ ပြော ပါတယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး စဉ်းစားတွေးတောစရာအချက်တွေ တော်တော်များများ ရှိခဲ့ ပါတယ်။

(၁) ၈-၁-၂၀၁၉ တုန်းက RCSS ARMY ဆိုတဲ့ Facebook Page   ဟာ မိမိတို့ရဲ့ Page မဟုတ် ကြောင်း မိမိတို့နဲ့မသက်ဆိုင်ကြောင်း RCSS ဘက်က တရားဝင်ကြေငြာပါတယ်။ RCSS ရဲ့ Facebook Page   ဟာ Tai Freedom ဆိုတဲ့ Page တခုတည်းသာရှိကြောင်းပြောဆိုပါတယ်။

(၂) သျှမ်းသံတော်ဆင့်သတင်းဌာနကလည်း RCSS ARMY  Page မှာ ကျနော် ခွန်စိုင်းရဲ့ဖုန်းနံပတ် 081 531 2837  ( (66)81 531 2837)  ထဲ့ထားတာ ဘာကြောင့်လဲ  စသည်ဖြင့် ပြောဆို သတိပေး မေးမြန်းလာ ပါတယ်။ တကယ်လို့ အဲဒီ RCSS ARMY  Page ဟာ ပျက်စီးရာပျက်စီးကြောင်း ဖျက်ဆီး လိုတဲ့ Page အတုသာမဟုတ်ဘူးဆိုရင် ဘာကြောင့် Page ထောင်သူရဲ့ဖုန်းနံပတ်အစစ်ကို မပေးရဲ တာလဲ – ဆိုတာစဉ်းစားစရာပါ။

၎င်းFacebook Page တွင် သျှမ်းသံတော်ဆင့်သတင်းဌာန တည်ထောင်သူ ၊ လက်ရှိပြည်ထောင်စုအင်စတီကျုဒါရိုက်တာ ဦးခွန်စိုင်းရဲ့ဖုန်းနံပတ်ပါယူသုံးထားသည်ကိုတွေ့ရသည်

သူ့လုပ်ရပ်ဟာ သျှမ်းအချင်းချင်း အထင်အမြင်လွဲမှားအောင်၊ သျှမ်းအချင်းချင်း မသင့်မြတ်အောင်၊ သျှမ်းအချင်းချင်း သတ်ဖြတ်ပစ်ခတ်အောင်လုပ်နေတဲ့ လုပ်ရပ်တခုဘဲမဟုတ်ပါလား။

(အဲတာကြောင့် အရင်က ကျနော့်ဆီကိုဖုန်းဆက်လာတဲ့သူတွေရှိတယ်။ ကျနော်လည်း မသိဘဲ ကောက် ကိုင်လိုက်တယ်။ တဖက်ကဆဲဆူကြိမ်းမောင်းလာတာတွေ ကျနော် သီးခံပြီးနားထောင်ပေးရတယ်။ တချို့ကလည်း ဖုန်းဆက်လာပြီး ချီးကျူးဂုဏ်ပြုစကားပြောတယ်။ ကျနော်လည်းသီးခံပြီးနားထောင်ပေး ရတယ်။ သို့ပေမယ့်နောက်ပိုင်းကျနော်တခုစဉ်းစားမိတယ်။ လူတွေဖုန်းဆက်လာတိုင်း ငါဖုန်းကောက် ကိုင် နေရင်တော့ အဲဒီ RCSS ARMY  Facebook Page ကို ငါလုပ်တဲ့ဟာဆိုပြီး လွဲမှားထင်မှတ်သွားကြတော့မှာ – ဆိုပြီး  နောက်ပိုင်း ဝင်လာတဲ့ဖုန်းတွေ (ကျနော်မသိတဲ့ နံပတ်တွေဆိုရင်) မကိုင်တော့ပါဘူး။ ဒီအတွက် ကျနော့ကိုနားလည်ပြီးခွင့်လွှတ်ပေးကြမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။)

ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းရဲတွေဆီမှာလည်း ကျနော်တို့ သွားရောက်တိုင်ကြားပြီး အမှုဖွင့်ထားပါပြီ။ Facebook တာဝန်ရှိသူတွေထံကိုလည်း တိုင်ကြားထားပြီးပါပြီ။ RCSS ARMY  Facebook Page ကတာဝန်ရှိသူတွေအနေနဲ့ လက်မလျှော့ဘဲ ကွဲရေးပြဲရေးအတွက် ဆက်လက် လှုံ့ဆော်သွေးထိုးရေးသားပြောဆိုနေမယ်ဆိုရင်တော့ ကျနော်တို့ တခြားနည်းလမ်းရှာပြီး ဆက်လက် အရေးယူဆောင်ရွက်သွားရပါလိမ့်မယ်။

တကယ်လို့ ဒီတရားခံဟာ သျှမ်းလူမျိုးဖြစ်တယ်ဆိုရင်လည်း မိမိလုပ်နေတဲ့လုပ်ရပ်က မဟုတ်မမှန်လုပ်ရပ်ဖြစ်ကြောင်း သိရှိနားလည်ပြီး ပြန်လည်ပြုပြင်ပါ။ မဟုတ်တဲ့လုပ်ရပ်တွေကို ရပ်တန်းကရပ်ပါ လို့တိုက်တွန်းတောင်းဆိုချင်ပါတယ်။

တကယ်လို့ RCSS ARMY  Facebook Page ထောင်သူဟာ သျှမ်းမဟုတ်ဘဲ တခြားသော လူမျိုးဖြစ်နေတယ်ဆိုရင်လည်း မိမိရဲ့လုပ်ရပ်ဟာ ပြည်ထောင်စုပြီးတည်မြဲဖို့မဟုတ်ဘူး။ ဒါပြည်ထောင်စုပြိုကွဲအောင်လုပ်နေတာ။ တပ်မတော်ကချမှတ်ထားတဲ့ ဒို့တာဝန်အရေးသုံးပါးကို ဆန့်ကျန်နေတာ ဆိုတာကို သတိပြုလိုက်ပါ။

အခုအချိန်ဟာ ပြည်ထောင်စုတိုင်းရင်းသားတွေ စည်းလုံးညီညွတ်ရမယ့်အချိန်ဖြစ်ပါတယ်။ ပြည်ထောင်စုတိုင်းရင်းသားတွေစည်းလုံးညီညွတ်မှုရရှိရေးအတွက် သျှမ်းအချင်းချင်း ထဲတောင်မှ ချစ်ကြည်ရင်းနှီးမှုမရှိ စည်းလုံးညီညွတ်မှုမရှိရင် ရပါ့မလား။

သျှမ်းပြည်သားတွေအချင်းချင်းကြားမှာ ချစ်ကြည်စည်းလုံးကြဖို့အတွက် လူဦးရေအများဆုံးဖြစ်တဲ့ သျှမ်းလူမျိုးက စည်းလုံးမှုမရှိရင် ရပါ့မလား။

ဒါကြောင့် ဒီ Facebook Page ပိုင်ရှင်ဟာ သျှမ်းလူမျိုးဖြစ်တယ်ဆိုရင် ဒီမကောင်းတဲ့ အလုပ်ကြီး ကိုရပ်တန်းက ရပ်လိုက်ပါ။ တကယ်လို့မရပ်ဘူးဆိုရင်တော့ ၎င်း Page ပိုင်ရှင်ဟာ သျှမ်းလူမျိုး မဟုတ်တဲ့အပြင် ပြည်ထောင်စုကြီးကို ပြိုကွဲစေလိုတဲ့စေတနာရှိတဲ့လူတယောက်ဘဲဖြစ်ပါလိမ့်မယ်လို့ ထင်ပါတယ်။

ကျနော့ရဲ့ စာကိုဖတ်ပြီးတဲ့ ပရိသတ်တွေလည်း အဲဒီ RCSS ARMY ဆိုတဲ့ Facebook Page ကိုသွားမဖွင့်ကြည့်ကြပါနဲ့တော့လို့ ကျနော် တောင်းဆိုချင်ပါတယ်။

သတင်းတွေဖတ်ရှုအားပေးချင်တယ်ဆိုရင်တော့  ကျနော်တို့ https://www.facebook.com/officialshannews/   ဆီကို ဘဲဝင်ရောက်ကြည့်ရှုပါလို့ လည်းတိုက်တွန်းချင်ပါတယ်။

ဒါ့အပြင် –

-သျှမ်းအချင်းချင်း ချစ်ကြပါ စည်းလုံးညီညွတ်ကြပါ

-သျှမ်းပြည်သားအချင်းချင်း ချစ်ကြပါ စည်းလုံးညီညွတ်ကြပါ

-ပြည်ထောင်စုသားအချင်းချင်း ချစ်ကြပါ စည်းလုံးညီညွတ်ကြပါ  – လို့လည်း ကျနော် တိုက်တွန်း ချင်ပါတယ်။

လေးစားစွာဖြင့်

ခွန်စိုင်း

Most read this week

January 24, 2026
ပတ်ဝန်းကျင်တစ်ခုလုံး နှင်းများအကြား ပိန်းပိတ်နေသည်။ တစ်ယောက်နဲ့ တစ်ယောက် သဲသဲကွဲကွဲ မမြင်ရပေမယ့်...
January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...
January 23, 2026
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့်...
January 22, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုင်းရှူးမြို့နယ်တွင် စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲကို...