သျှမ်းပြည်တွင် SGBV အကြမ်းဖက်မှုများ စိုးရိမ်ဖွယ်ရာ ဖြစ်ပွားနေဟု ‘စွမ်း’ ထောက်ပြ

သျှမ်းပြည်တွင် SGBV အကြမ်းဖက်မှုများ စိုးရိမ်ဖွယ်ရာ ဖြစ်ပွားနေဟု ‘စွမ်း’ ထောက်ပြ

သျှမ်းပြည်တစ်ဝှမ်းတွင် လိင်နှင့် ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှု (SGBV) ပုံစံများ စိုးရိမ်ဖွယ်ရာ ဖြစ်ပွားနေ ကြောင်း ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်း (‘စွမ်း’) က အစီရင်ခံစာ အသစ် တစ်စောင် ထုတ်ပြန်လိုက်သည်။

ယနေ့ (ဇူလိုင်လ ၃၀ ရက်) တွင် ထုတ်ပြန်သည့် ‘အကြမ်းဖက်မှုကို ရင်ဆိုင်ရချိန်တွင် တရားမျှတမှု ငြင်းပယ်ခံရ ခြင်း - လိင်နှင့် ဂျဲန်ဒါ အခြေပြု အကြမ်းဖက်မှုနှင့် တရားမျှတမှု ရရှိခွင့်’ ဟူသော အစီရင်ခံစာတွင် အကြမ်းဖက် ခံရမှုဒဏ်မှ ရှင်သန်လွတ်မြောက်လာသူများကို ကာကွယ်ပေးရာ၌ တရားရေးစနစ်များက ဆက်လက် ပျက်ကွက် နေကြောင်း မှတ်တမ်းတင် ဖော်ပြထားသည်။

လက်နက်ကိုင်ပဋိပက္ခနှင့် နေရပ်စွန့်ခွာ ထွက်ပြေးရမှုတို့က အားနည်းချက်ရှိပြီးသား တရားရေးစနစ်များကို ပိုမို အားနည်းစေကာ အမျိုးသမီးများအပေါ် အကြမ်းဖက်ခံရနိုင်ခြေကို ပိုမိုမြင့်မားလာစေကြောင်း ဆိုသည်။

‘စွမ်း’ အဖွဲ့၏ စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းစဉ် တာဝန်ခံ ဆိုင် က “သျှမ်းပြည်မှာ အမျိုးသမီးနဲ့ မိန်းကလေးငယ် တွေအပေါ် ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေက ပြင်းထန်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေဆဲဖြစ်တဲ့ လူ့အခွင့် အရေး ဆိုင်ရာ အကြပ်အတည်း တစ်ခုအဖြစ် ဆက်ရှိနေတာကို တွေ့ရှိချက်တွေက ပြနေပါတယ်” ဟု ပြောသည်။

အစီရင်ခံစာတွင် သျှမ်းပြည်တစ်ဝှမ်း လိင်နှင့်ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှု ဖြစ်စဉ်ပေါင်း ၁၇၂ ခုကို မှတ်တမ်း တင်ထားပြီး ၎င်းတို့အထဲမှ အိမ်တွင်းနှင့် ရင်းနှီးသော လက်တွဲဖော်အကြား ဖြစ်ပွားသည့် အကြမ်းဖက်မှုဖြစ်စဉ် ၈၉ ခု (၅၁.၇ ရာခိုင်နှုန်း) ရှိခဲ့သည်။

အများစုမှာ ခင်ပွန်း သို့မဟုတ် ချစ်သူရည်းစားများက ကျူးလွန်ခဲ့ခြင်းဖြစ်ကာ မူးယစ်ဆေးဝါး သုံးစွဲမှုပြဿနာ များက အခြေအနေကို ပိုမိုဆိုးရွားစေခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် မုဒိမ်းကျင့်မှုနှင့် မုဒိမ်းကျင့်ရန် ကြိုးပမ်းမှု ဖြစ်စဉ် ၇၀ အထိ ရှိခဲ့ရာ ၎င်းတို့အထဲတွင် အသက် ၁၈ နှစ် အောက် ကလေးငယ် ၃၀ ပါဝင်ပြီး အသက်အငယ်ဆုံး ရှင်သန်လွတ်မြောက်လာသူမှာ သုံးနှစ်အရွယ်သာ ရှိသေး ကြောင်း ဖော်ပြထားသည်။

ကျူးလွန်သူများအနက် ၁၅ ရာခိုင်နှုန်းမှာ စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ (EROs) မှ စစ်သားများ ဖြစ်ကြသည်။ အလားတူ စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ကိုယ်လက်အင်္ဂါ မသန်စွမ်းသူများ အပေါ် ကျူးလွန်မှုများနှင့် လူသတ်မှု ၇ ခု၊ မိမိကိုယ်ကို အဆုံးစီရင်ခြင်း သို့မဟုတ် ကြိုးပမ်းခြင်း ၇ ခုအထိ ဖြစ် ပွားခဲ့ကြောင်း အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

တရားမျှတမှု ရရှိရေးတွင် စနစ်ပိုင်းဆိုင်ရာ အတားအဆီးများ ရှိနေပြီး မှတ်တမ်းတင်ထားသော ဖြစ်စဉ်များ အနက် ထက်ဝက်ခန့်သာ ဖြေရှင်းဆောင်ရွက်ချက် သို့မဟုတ် အရေးယူမှု ရှိခဲ့သည်။

ထိခိုက်ခံစားရသူ ၇၀ ရာခိုင်နှုန်းကျော်သည် အကြမ်းဖက်မှုများကို အစပိုင်းတွင် ကျေးရွာခေါင်းဆောင်များထံ တိုင်ကြားခဲ့ကြသော်လည်း အိမ်တွင်းအကြမ်းဖက်မှုကို ‘မိသားစုတွင်း ပုဂ္ဂလိကကိစ္စ’ အဖြစ် လျစ်လျူရှုကာ တရားမျှတမှု ပေးမည့်အစား အတင်းအဓမ္မ လက်ထက်ထိမ်းမြားစေခြင်း သို့မဟုတ် လျော်ကြေးငွေ ပေးစေ ခြင်းဖြင့်သာ ဖြေရှင်းလေ့ရှိကြသည်။

‘စွမ်း’ အဖွဲ့မှ ဆိုင် က “ရှင်သန်လွတ်မြောက်လာသူတွေဟာ အကြမ်းဖက်မှုကြောင့် ဖြစ်လာတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာတွေကို ခံစားရုံသာမက တရားမျှတမှု၊ လုံခြုံမှုနဲ့ အထောက်အပံ့တွေ ရရှိရေးမှာလည်း ကြီးမားတဲ့ အတားအဆီးတွေကိုလည်း ရင်ဆိုင်ကြုံတွေ့နေကြရတယ်” ဟု ဆက်ပြောသည်။

လက်နက်ကိုင်အဖွဲ့အစည်းများမှ ကျူးလွန်သည့် အကြမ်းဖက်မှုများတွင် လွတ်မြောက်လာသူများသည် ခြိမ်း ခြောက်ခံရခြင်း၊ ဖြစ်စဉ်များ ဖုံးကွယ်ဖျောက်ဖျက်ခံရခြင်းနှင့် ကျူးလွန်သူများ အပြစ်ပေးအရေးယူမခံရဘဲ လွတ်မြောက်နေခြင်း စသည့် အန္တရာယ်များကို ရင်ဆိုင်နေရကြောင်း သတိပေးထားသည်။

ထို့ကြောင့် ကျေးရွာဒေသန္တရ အုပ်ချုပ်ရေးများ၊ EROs များနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပါဝင် နေသူများအနေဖြင့် ရှင်သန်လွတ်မြောက်လာသူများကို ဗဟိုပြုသည့် တုံ့ပြန်ဆောင်ရွက်မှုများ အားကောင်း လာအောင် ဆောင်ရွက်ရန်၊ ကျူးလွန်သူများ တာဝန်ခံမှုရှိစေရေးနှင့် နိုင်ငံတကာအဆင့် တာဝန်ခံမှု ယန္တရားများ ဖြင့် ပံ့ပိုးကူညီရန် ‘စွမ်း’ အဖွဲ့က တိုက်တွန်းတောင်းဆိုထားသည်။

July 31, 2026
သျှမ်းပြည်မြောက်ပိုင်း၊ မဘိမ်းမြို့ပေါ်နှင့် ဘဟဲကျေးရွာတို့ကို စစ်တပ်က လေကြောင်းမှ...
July 27, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ ကျောက်ငှက်ကျေးရွာတွင် စစ်တပ်က ဒေသခံများကို တွေ့သမျှ...
July 27, 2026
သျှမ်းပြည်၊ သီပေါမြို့ရှိ သမိုင်းဝင် သီပေါဟော်နန်းကို အများပြည်သူ ဝင်ရောက်လေ့လာနိုင်သည့်...
July 24, 2026
သျှမ်း-ကရင်နီ (ကယား) ပြည်နယ်စပ် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်တပ်က ဒရုန်းအပြင်...