ရွာငံတွင် စစ်တပ်က ဒေသခံများကို ဖမ်းဆီးရိုက်နှက်နေ

ရွာငံတွင် စစ်တပ်က ဒေသခံများကို ဖမ်းဆီးရိုက်နှက်နေ

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ ကျောက်ငှက်ကျေးရွာတွင် စစ်တပ်က ဒေသခံများကို တွေ့သမျှ ဖမ်းဆီး ရိုက်နှက်မှုများ ပြုလုပ်နေသဖြင့် ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက် နေ့လယ်ပိုင်းက ရွာငံမြို့နယ်၊ ကျောက်ငှက်ကျေးရွာအုပ်စု၊ ဆင်ဆာပြားကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ သည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ဇူလိုင်လ ၂၄ ရက်မှစတင်ကာ ယနေ့ ဇူလိုင်လ ၂၇ ရက်အထိ စစ်တပ်က အင်အား အလုံးအရင်းဖြင့် ကျောက်ငှက်ကျေးရွာနှင့် ဆင်ဆာပြားကျေးရွာသို့ ဝင်ရောက် တပ်စွဲနေထိုင်လျက်ရှိသည်။

ထို့ပြင် ကျောက်ငှက်ကျေးရွာမှ ရွာသားများကို ဖမ်းဆီးရိုက်နှက်ကာ ဘုန်းကြီးကျောင်းအတွင်းသို့ ပိတ်လှောင် ထားကြောင်း ထွက်ပြေးလာသည့် ဒေသခံအမျိုးသမီးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ဒေသခံအမျိုးသမီး တစ်ဦးက “ရွာသားတချို့က ထွက်ပြေးကုန်တယ်၊ ဖမ်းမိတဲ့ ရွာသားတွေကိုတော့ ရိုက်နှက်ပြီး ဘုန်းကြီးကျောင်း သိမ်ထဲမှာ ပိတ်လှောင်ထားတယ်၊ တချို့ကိုတော့ ဘယ်ခေါ်သွားလဲ မသိဘူး၊ တစ်ရွာလုံးက ယောက်ျားလေး အကုန်ပြေး၊ လူငယ်တွေကို အကုန်ဖမ်း၊ အမျိုးသမီးတွေလည်း ဖမ်းပြီး ရိုက်နှက်ခံနေရတယ်။ ရွာအခြေအနေ မကောင်းဘူး” ဟု ပြောသည်။

စစ်တပ် စစ်ကြောင်းသည် အင်အား ၃၀၀ နီးပါးဖြင့် အဆိုပါကျေးရွာများသို့ ဝင်ရောက်စီးနင်းနေခြင်းဖြစ်ပြီး ဆင်ဆာပြားကျေးရွာတွင်လည်း နေအိမ်များအတွင်းသို့ ဝင်ရောက်ရှာဖွေခြင်းနှင့် ဖမ်းဆီးခြင်းများ ဆက်လက် လုပ်ဆောင်နေသဖြင့် ဒေသခံများမှာ လုံခြုံမှုမရှိတော့ဘဲ စိုးရိမ်ထိတ်လန့်နေကြရသည်။

စစ်ဘေးရှောင်လာသည့် အသက် ၄၀ ဝန်းကျင်အမျိုးသမီးတစ်ဦးကလည်း “ကြိုရှောင်ထားရင် ပိုပြီး အန္တရာယ် ကင်းမယ် ထင်လို့ ဘာမှမယူဘဲ ကလေးတွေခေါ်ပြီး ထွက်ပြေးလာခဲ့တယ်။ စစ်သားတွေ ရွာထဲရောက်မှ ထွက်ရင် မရတော့ဘူး။ သူတို့က ပေးထွက်မှာ မဟုတ်လောက်ဘူး၊ နေစရာကတော့ အမျိုးအိမ်မှာ ခဏနေ တယ်။ ဒီလိုအခြေအနေ အချိန်ကြာကြီး ဖြစ်ရင် ဘယ်မှာ ရှောင်တိမ်းရမလဲတောင် မသိဘူး” ဟု ပြောသည်။

လက်ရှိတွင် စစ်တပ်လက်အောက်ခံ တပ်သားများက ကျောက်ငှက်ကျေးရွာနှင့် အုတ်တွင်းကျေးရွာတို့မှ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပြုလုပ်နေသလို အချို့သောရွာသားများကိုလည်း စစ်ကြောင်းထဲသို့ ခေါ်ဆောင်ကာ လူသားဒိုင်းအဖြစ် အသုံးပြုနေမှုများ ရှိနေကြောင်း ဒေသခံများက ဆိုသည်။

ရွာငံမြို့နယ်အတွင်း၌ စစ်ကော်မရှင်တပ်၊ လက်အောက်ခံ ပျူစောထီးတပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) တပ်၊ ဓနု အမျိုးသား လွတ်မြောက်ရေးတပ်ဦး (DPLA/DPLF) နှင့် ဓနုပြည်နယ် အမျိုးသားလွတ်မြောက်ရေး တပ်မတော် (DSNDA) တို့ သွားလာလှုပ်ရှားလျက်ရှိပြီး နှစ်ဖက်စစ်ရေးတင်းမာမှုများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။

ဓာတ်ပုံ - (မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဒဏ်ရာရရှိသွားသည့် အမျိုးသား / Crd)
August 18, 2026
သျှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)...
ဓါတ်ပုံ - နမ့်ခမ်းမြို့နယ်ဆိုင်းဘုတ်နှင့် TNLA တပ်ဖွဲ့ဝင်အချို့
August 18, 2026
သျှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “...
August 17, 2026
သျှမ်းပြည်၊ 'ဝ'တပ်ဖွဲ့ (UWSA) ထိန်းချုပ်ဒေသရှိ ခရစ်ယာန်ဘာသာရေး ဝတ်ပြုကျောင်းများ...
ဓါတ်ပုံ - ချင်းမိုင်တက္ကသိုလ်တွင် ကျင်းပနေသည့် (၅) ကြိမ်မြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ အခမ်းအနားပုံ
August 15, 2026
“အကျပ်အတည်းနှင့် ဖြစ်နိုင်ခြေကြားမှ မြန်မာ့ အသွင်ကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ဖြင့်...