ဒေါက်တာအေးမောင်နှင့် ကိုဝေဟင်အောင်တို့ကို ထောင်ပြောင်းရွေ့

ဒေါက်တာအေးမောင်နှင့် ကိုဝေဟင်အောင်တို့ကို ထောင်ပြောင်းရွေ့

နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုတို့ဖြင့် ထောင်ဒဏ် နှစ် ၂၀ စီကျခံစေရန် စစ်တွေ တရားရုံးက ဆုံးဖြတ်ခဲ့သည့် ဒေါက်တာအေးမောင်နှင့် ကိုဝေဟင်အောင်တို့ကို ဧပြီ ၆ ရက်နေ့က စစ်တွေ ထောင်မှ ပြောင်းရွေ့သွားသည်ဟု သူတို့နှစ်ဦးနှင့် နီးစပ်သူများထံမှ သိရသည်။

၎င်းတို့ကို မတ်လ ၁၉ ရက်နေ့က စစ်တွေခရိုင်တရားရုံးမှ အမိန့်ချခဲ့ခြင်းဖြစ်သည်။ အမှုရင်ဆိုင်နေရစဉ်ကာလ တစ်နှစ်ကျော်အတွင်း စစ်တွေထောင်တွင် ထိန်းသိမ်းခဲ့ပြီး၊ အမိန့်ချမှတ်ပြီးတွင်လည်း ထိုထောင်တွင်ပင် အကျဉ်းချထားခဲ့သော်လည်း သီတင်းပတ်နှစ်ခုကျော်အကြာ ယခုလို ထောင်ပြောင်းရွေ့လိုက်ခြင်းဖြစ်သည်။

“ဘာကြောင့်ရွှေ့တယ်ဆိုတာတော့ ကျွန်မမသိဘူး။ ရွှေ့တယ်ဆိုတာပဲ သိတာ။ မနေ့က (ဧပြီ ၆ ရက်နေ့) ညဘက် “ ဟု ကိုဝေဟင်အောင် ရှေ့နေဖြစ်သူ ဒေါ်အေးနုစိန်က မဇ္ဈိမသို့ ပြောသည်။

သူတို့နှစ်ဦးနှင့် နီးစပ်သူတစ်ချို့၏ ပြောကြားချက်အရမူ စစ်တွေထောင်မှ ရန်ကုန်မြို့ရှိ  အင်းစိန်ထောင်သို့ ဧပြီ ၆ ရက်နေ့ညနေပိုင်းက လေယာဉ်ဖြင့် ပြောင်းရွေ့ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ဧပြီ ၈ ရက်နေ့ (တနင်္လာ) နံနက်တွင်မူ မိသားစုနှင့် ၎င်းတို့နှစ်ဦး တွေ့ခွင့်ရရှိမည် ဖြစ်သည်ဟု ထောင်အာဏာပိုင်များက ပြောကြား သည်ဟုလည်း ထိုနီးစပ်သူများက ဆိုသည်။

ဒေါက်တာ အေးမောင်အပါအဝင် ရခိုင်လူငယ်စာရေးဆရာ ကိုဝေဟင်အောင်တို့သည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလက ရသေ့တောင်မြို့နယ်တွင် ပြုလုပ်သည့်  ရခိုင့်အချုပ်အခြာအာဏာကျရှုံးခြင်း (၂၃၃) နှစ်မြောက် ဝမ်းနည်း အောက်မေ့ဖွယ် အထိမ်းအမှတ် စာပေဟောပွဲ၌ ဟောပြောခဲ့သည့် စကားအသုံးအနှုန်းများမှာ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုကို ပျက်ပြားစေသည်ဆိုကာ ပြည်နယ်အစိုးရ၏ တရားစွဲဆိုမှုကို ခံခဲ့ခြင်းရခြင်း ဖြစ်သည်။

ထို့နောက် ၂၀၁၉ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ထောင်ဒဏ် နှစ် ၂၀ စီကျခံစေရန် စစ်တွေခရိုင်တရားရုံးက ဆုံးဖြတ်ခဲ့သည်။

စစ်တွေမြို့ရှိ လူထုသည် ၎င်းတို့ နှစ်ဦး၏ အမှုရင်ဆိုင်နေရစဉ်ကာလတလျှောက်လုံးက ရုံးချိန်းတိုင်းတွင် လူစုလူဝေးဖြင့် အမြဲလာရောက် ဝန်းရံအားပေးမှုများ ရှိနေခဲ့သည်။

ယခုအချိန်တွင် ဒေါက်တာ အေးမောင်အနေဖြင့် အယူခံဝင်ရန် ကြိုးပမ်းနေချိန်ဖြစ်သည်။

March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...
ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...
March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...