တိုင်းရင်းသားအင်အားစုများနှင့် ဆွေးနွေးရုံတင်မဟုတ်ဘဲ လက်တွေ့လုပ်ငန်းစဉ်များ ပါဝင်လာမည့်အခြေအနေမျိုး ဆောင်ရွက်နေဟု NUG ပြော

တိုင်းရင်းသားအင်အားစုများနှင့် ဆွေးနွေးရုံတင်မဟုတ်ဘဲ လက်တွေ့လုပ်ငန်းစဉ်များ ပါဝင်လာမည့်အခြေအနေမျိုး ဆောင်ရွက်နေဟု NUG ပြော
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)

မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့် တွေ့ဆုံဆွေးနွေးမှုများ တောက်လျှောက်လုပ်ဆောင်နေပြီး ယင်းမှာ ဆွေးနွေးခြင်းသက်သက်မဟုတ်ဘဲ လက်တွေ့လုပ်ငန်းစဉ်များ ပါဝင်လာမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က မဇ္ဈိမသို့ ပြောသည်။

မေလ ၂၁ ရက်တွင် ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေးတွင်လည်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် အစိုးရအဖွဲ့ဝင်များ တွေ့ဆုံခဲ့ကြကြောင်း NUG က ယင်းနေ့ ညပိုင်းတွင် ထုတ်ပြန်လိုက်သည်။ 

ထိုတွေ့ဆုံဆွေးနွေးပွဲတွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) နှင့်ပတ်သက်သော လုပ်ငန်းဆောင်ရွက်ထားရှိမှုများ၊ ဖက်ဒရယ်ယူနစ်များနှင့် ကြားကာလပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များ၊ မဟာဗျူဟာမြောက် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ 

အဆိုပါ တွေ့ဆုံပွဲတွင် နိုင်ငံတကာဆက်ဆံရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များကိုပါ ထည့်သွင်းဆွေးနွေးညှိနှိုင်းခဲ့ကြပြီး တက်ရောက်လာသည့် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြခဲ့ကြသည်။

“လက်ရှိ နိုင်ငံရေး၊ စစ်ရေးပေါ့နော်၊ အခြေအနေရပ်တည်မှုအပေါ်မှာ မူတည်ပြီးတော့ NUG အတွင်းရော တော်လှန်ရေးအင်အားစုတွေအားလုံးနဲ့ရော ကျွန်တော်တို့တွေ အပြင်းအထန် စည်းဝေးတွေ့ဆုံပြီးတော့ တောက်လျှောက် ဒီလုပ်ကိုင်ဆောင်ရွက်မှုတွေအတွက် ပူးပေါင်းဆောင်ရွက်နိုင်မှုတွေအတွက် အချိန်နဲ့အမျှဆောင်ရွက်လျက်ရှိတယ်” ဟု ဦးနေဘုန်းလတ်က ၎င်းတို့၏ မြေပြင်ပြင်ဆင်မှုများနှင့် ပတ်သက်၍ ဆက်လက်ရှင်းပြသည်။ 

လောလောဆယ်တွင် အဆိုပါလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အတိအကျထုတ်ဖော်ပြောနိုင်သည့်အခြေအနေ မရှိသေးကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောဆိုသည်။

အဆိုပါ ဝန်ကြီးချုပ်ရုံးအစည်းအဝေးသို့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်၊ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်း၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်ရွှေပုံ၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဂျာထွယ်ပန်၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နိုင်ကောင်းရွက်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာစိုင်းခိုင်မျိုးထွန်း၊ ဒေးဗစ်ဂွမ်အောင်တို့ တက်ရောက်ခဲ့ကြသည်။

တပြိုင်တည်းမှာပင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းသည် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်၊ မြန်မာ့နွေဦးဘဏ် (SDB) တာဝန်ရှိသူများနှင့်လည်းကောင်း၊ လူ့အခွင့်အရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်လည်းကောင်း သီးခြားစီ ဆက်လက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...
May 18, 2026
ပါခွီး — ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းသို့ရောက်ရှိလာသည့် စစ်ကြောင်းကို စနိုက်ဘာဖြင့်...