ဧရာဝတီတိုင်းတွင် ကရင်အမျိုးသားနှစ်သစ်ကူးနှင့် ကောက်သစ်စားပွဲတော်ကို တစ်ရက်တည်း ပူးတွဲကျင်းပမည်

ဧရာဝတီတိုင်းတွင် ကရင်အမျိုးသားနှစ်သစ်ကူးနှင့် ကောက်သစ်စားပွဲတော်ကို တစ်ရက်တည်း ပူးတွဲကျင်းပမည်

အမြင်အမျိုးမျိုး ကွဲပြားနေသည့် ဧရာဝတီတိုင်းဒေသကြီး ကောက်သစ်စားပွဲတော်ကို လာမည့် ဇန်နဝါရီလ ၆ရက်နေ့၌ အိမ်မဲမြို့ နယ်၊ ရွာသစ်ကျေးရွာအုပ်စု၊ တောင်စုကျေးရွာတွင် ကျင်းပမည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ပွဲတော်နှင့် တစ်ရက်တည်း ပူးတွဲ ကျင်းပသွားမည်ဖြစ်ကြောင်း ၎င်းကရင်နှစ်သစ်ကူး ကျင်းပရေးကော်မတီထံမှ သိရသည်။

အဆိုပါ ကရင်ရိုးရာ ကောက်သစ်စားပွဲတော် ကျင်းပနိုင်ရေးအတွက် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူနှင့် ကျင်းပရေးကော်မတီများ၊ ကျေးရွာ စာယဉ်အဖွဲ့များနှင့် ရန်ကုန်ကရင်လူငယ်များမှ ယမန်နေ့ နိုဝင်ဘာလ ၁၈ရက်နေ့တွင် အိမ်မဲ မြို့နယ်၊ အုပ်ချုပ်ရေးမှူးရုံး၌ ညှိနှိုင်းအစည်းအဝေးတစ်ခု ပြုလုပ်ပြီး ထိုသို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

“တို့ကတော့ ကရင်နှစ်သစ်ကူးလုပ်တဲ့အထဲမှာမှ ရိုးရာပွဲလေးတစ်ခုကို ဖော်ထုတ်တာဖြစ်တယ်။ မနေ့က အစည်းအဝေးမှာ ဝန်ကြီးက ပြောတယ်။ အကုန်လုံး အစီအစဉ်က နှစ်သစ်ကူးနေ့ တစ်ရက်တည်းမှာ စုပေါင်းလုပ်မယ်။ ကရင်နှစ်သစ်ကူးနေ့မှာ ခါတိုင်းလိုပဲ အလံတင် အခမ်းအနားလုပ်မယ်။ ၁၀နာရီလောက်မှာ ကောက်သစ်စားပွဲတော်ကို လုပ်မယ်။”ဟု အိမ်မဲမြို့နယ် နှစ် သစ်ကူးကျင်းပရေးကော်မတီ ဒေါက်တာမောင်မောင်စိုးက ကေအိုင်စီသို့ ပြောသည်။

ယခင်က ဧရာဝတီတိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၏ စီစဉ်ဦးဆောင်မှုဖြင့် ပြည်ထောင်စုအဆင့် ကောက်သစ် စားပွဲတော်ကို သီးသန့် ကျင်းပမည့်ကိစ္စများနှင့် ပတ်သက်ပြီး ကရင်အသိုင်းအဝိုင်းများကြားတွင် သဘောထားကွဲလွဲမှုများရှိခဲ့ကာ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းအတွင်းရှိ ကရင်စာယဉ်အဖွဲ့များ အပါအဝင် ကရင်လူငယ်များက ယှဉ်တွဲကျင်းပရန် သက်ဆိုင်ရာ များထံ စာတင် တောင်းဆိုမှုများလည်း ရှိခဲ့သည်။

ပန်းတနော်မြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ အတွင်းရေးမှူး မန်းဝင်းမောင်က “ကောက်သစ်စားပွဲနဲ့ ကရင်နှစ်သစ် ကူးကို ခွဲပြီးတော့ လုပ်တယ်ဆိုတာက အမြင်ချင်း မတူတဲ့အခါကျတော့ ရိုးရာအစဉ်အလာကိုလည်း သွေဖယ်ရာကျတယ်။ ကရင် လူမျိုးတွေရဲ့ စည်းလုံးမှုကိုလည်း ထိခိုက်တယ်။ အခုလို ကရင်နှစ်သစ်ကူးနဲ့ ကောက်သစ်စားပွဲတော်ကို တစ်ပြိုင်တည်း လုပ် မယ်ဆိုတော့ ကောင်းတာပေါ့။ စာယဉ်တွေအနေနဲ့ ဝိုင်းပါရမယ်ဆို ဝိုင်းလုပ်တာပေါ့။”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ကရင်နှစ်သစ်ကူးနှင့် ရိုးရာကောက်သစ်စားပွဲတော်ကို အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသား လွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် KNU ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်ရန် ဖိတ်ကြား ထားကြောင်းလည်း ပွဲတော်ကျင်းပရေးကော်မတီ တာဝန်ရှိသူများက ပြောသည်။

ထို့အပြင် ဧရာဝတီတိုင်းဒေသကြီး ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်တွင် ရိုးရာကောက်သစ်စားပွဲတော်ကို ထည့်သွင်းကျင်းပ မည့်အပြင် တိုင်းဒေသအတွင်းရှိ သုံးဘာသာနှင့်အထက် ဂုဏ်ထူးရ ကရင်ကျောင်းသူ/သားများအား ဆုချီးမြှင့်ခြင်း၊ သက်ကြီးပူ ဇော်ပွဲများ၊ ရိုးရာလက်ဝှေ့ပြိုင်ပွဲများ၊ ကဗျာနှင့် တေးသီချင်းပြိုင်ပွဲများ၊ ကရင်ဒုံးပြိုင်ပွဲများနှင့် ဘောလုံးပြိုင်ပွဲများကိုလည်း ပါဝင် ကျင်းပသွားမည်ဟု သိရသည်။

ကရင်ရိုးရာ ကောက်သစ်စားပွဲတော်ကို ကရင်ပြည်နယ် နေရာအနှံ့အပြားတွင် တောင်ယာရိတ်သိမ်းပြီးချိန်တိုင်း ကျင်းပသည့် ဓလေ့များရှိသော်လည်း ဧရာဝတီတိုင်း၊ မြစ်ဝကျွန်းပေါ်ဒေသအတွင်း ကျင်းပခဲ့ခြင်း မရှိသောကြောင့် ရိုးရာကောက်သစ်စားပွဲ ပြန်လည်ဖော်ထုတ်သည့်အနေဖြင့် ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပခြင်းလည်း ဖြစ်သည်။

Photo: CJ
April 3, 2026
မြဝတီ-ကော့ကရိတ်-ဖားအံသို့ သွားလာ၍ရသည့် တောင်ပေါ်လမ်းမတက်ခင်နေရာကို ဧပြီ ၂ ရက်နေ့တွင် စစ်အုပ်စုက...
Photo:KIC
April 2, 2026
ဖားအံ-ကော့ကရိတ်-မြဝတီ ကုန်သွယ်ရေးအချက်အချာကျ အာရှလမ်းမကြီးပြန်လည်ဖွင့်လှစ်မည့်...
April 1, 2026
နန်းဝေဖြိုးဇာ — “ အလုပ်လည်းမရှိတော့ အစ်မက ဘန်ကောက်ကို တက်လာခိုင်းတာ။ ရွာက သူငယ်ချင်းတွေလည်း...
April 1, 2026
တိုင်းရင်းသားလက်နက်ကိုင်(၄)ဖွဲ့နှင့် အမျိုးသားညီညွှတ်ရေးအစိုးရ-NUG၊...