ကရင်နီတပ်မတော်နှင့် အစိုးရတပ်များ ကျေးရွာများတွင် တပ်ထိုင်နေကြသည့်အတွက် ဒေသခံများ စိုးရိမ်မှုများရှိနေ

ကရင်နီတပ်မတော်နှင့် အစိုးရတပ်များ ကျေးရွာများတွင် တပ်ထိုင်နေကြသည့်အတွက် ဒေသခံများ စိုးရိမ်မှုများရှိနေ
by -
ကန္တာရဝတီတိုင်း(မ်)
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ ကရင်နီတပ်မတော်မှ လူထုအကြား ကွင်းဆင်းစည်းရုံးရေး ခရီးစဉ်အတွက် အစိုးရဖက်မှ ခွင့်မပေးသေးပဲ လက်ရှိတွင် လွိုင်ကော်မြို့နယ် တီးလုံကျေးရွာအုပ်စုနှင့် ထီးစဲခါးကျေးရွာအုပ်စုရှိ ကျေးရွာအချို့တွင် နှစ်ဖက်တပ်များက တပ်ထိုင်မှုများ ရှိနေသဖြင့် ထိုကျေးရွာများမှ ပြည်သူများ စိုးရိမ်မှုများ ရှိနေကြကြောင်း သိရသည်။

ထိုကဲ့သို့ နှစ်ဦးနှစ်ဖက်က နောက်ဆုတ်ခြင်းမရှိပဲ တင်းမာနေကြသဖြင့် ကျေးရွာနေပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေပြီး အလုပ်အကိုင်များ လုပ်ကိုင်ခြင်းများအတွက် အဟန့်အတားများဖြစ်နေကာ သွားရေးလာရေး အတွက်လည်း စိုးရိမ်နေကြရကြောင်း တီးလုံ ကျေးရွာအုပ်စုမှ ပြည်သူတစ်ဦးက ဆိုပါသည်။

“ကျနော်တို့တောင်သူလယ်သမားတွေက သွားလာတာ အခက်အခဲတော့ရှိတာပေ့ါ။ ကြောက်ရွံ့နေကြတယ်။ စိတ်ထဲမှာ တမျိုးဖြစ်တာပေ့ါ။ ကြိုးတင်း လိုလိုပဲ။ ဘယ်အချိန်ပြတ်မှာလည်း ဆိုတာ စိုးရိမ်ရတယ်ပေ့ါ” ဟု ပြောသည်။

၎င်းကျေးရွာအသီးသီးရှိ ပြည်သူများသည် အဓိက တောင်ယာလုပ်ငန်းကို လုပ်ကိုင်ကြပြီး လက်ရှိအချိန်တွင် တောင်ယာ စိုက်ပျိုးရန် ပြင်ဆင်နေကြချိန်လည်း ဖြစ်သည့်အတွက် တောင်သူလယ်သမားများအတွက် အခက်အခဲ ဖြစ်စေကြောင်း ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်ရေး အဖွဲ့ဝင်တစ်ဦးကပြောသည်။

၎င်းက “အခုကစိုးရိမ်စိတ်တွေ အားလုံးပဲ ပြည်သူတွေကလေ။ ဒီအချိန်မှာ ပြည်သူတွေက မိုးမျော်ပြီးတော့ တောင်ယာ ပြင်နေ တဲ့အချိန်။ တောင်ယာက ရွာနဲ့အဝေးကြီး။ တောင်ယာထဲမှာသွားအိပ်ရတာပေ့ါ။ တောင်ယာကို မအိပ်ရဲတော့ဘူး။ နောက် တောင်ယာ သွားလိုက် ပြန်လာတဲ့အချိန်မှာ ရဲဘော်၊ အစိုးရစစ်တပ်ကို ဖြတ်လိုက်၊ ပြီးတော့ ကရင်နီရဲဘော်ကိုတွေ့လိုက်၊ ဆက်သွားရင်အစိုးရစစ်တပ် တွေ့လိုက်နဲ့ လမ်းတောက်လျှောက်မှာ ရဲဘော်တွေပဲ တွေ့ရတာကိုး။ ဆိုတော့ အိပ်မဖြောင့်တော့ဘူးပေ့ါ။ တောထဲမှာ” ဟု ပြောသည်။

ထိုကဲ့သို့ ကျေးရွာအချို့တွေမှာ နှစ်ဖက်က တပ်ထိုင်နေကြပေမယ့် တီးလုံကျေးရွာအုပ်စုရှိ မဲဖျံကျေးရွာသည် ပြီးခဲ့သော ရက်ပိုင်းတွင် အစိုးရတပ်များအား တစ်ရက်လျှင် လှည်းဖြင့် နေ့တစ်ကြိမ်ညတစ်ကြိမ် ရေပုံမှန် ပို့ခိုင်းနေကြောင်း သိရသည်။

ယင်းခရီးစဉ်တွင် အဓိကပြည်သူများနှင့် တွေ့ဆုံရန် ရည်ရွယ်ထားသော်လည်း ယခုကဲ့သို့ အဟန့်အတားများကြောင့် ယခုချိန်ထိ ကျေးရွာတရွာတွင် (၇)ရက်တိုင်တိုင် တပ်ထိုင်နေရသည်က ပြည်သူများအတွက် စိုးရိမ်စိတ်တွေ ဖြစ်စေကြောင်း ကျေးရွာတစ်ရွာမှာ တပ်ထိုင်နေသော ကရင်နီရဲဘော်တစ်ဦးက ဆိုပါသည်။

၎င်းက “ကျနော်တို့ အခုက ပြည်သူတွေနဲ့တွေ့ဖို့ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် အခုလို မြန်မာစစ်တပ်ဖက်က ကျနော်တို့ကို လာပြီးအဟန့်အတားလုပ်နေတော့ ကျနော်တို့က ရွာသားတွေအတွက် စိုးရိ်မ်စိတ်တွေ ဖြစ်စေတယ်။ ဘာလို့လဲဆိုတော့ ရွာတွေမှာ (၇)ရက်လောက် ကြာနေပြီ။ ကျနော်တို့လည်း ခရီးဆက်ချင်နေပြီ။ ဒါပေမယ့် ဆက်သွားချင်ပေမယ့် သွားခွင့်မရ၊ မသွားချင်ပေမယ့် သွားမိန့်ကျလာရင် ကျနော်တို့က လိုက်ရမှာပဲ” ဟု ပြောသည်။

ယခုအချိန်တွင် နှစ်ဖက်တပ်များသည် တီးလုံကျေးရွာအုပ်စုနှင့် ထီးစဲခါးကျေးရွာအုပ်စုရှိ ဒေါတဟေး၊ ၀မ်ငေါ့၊ ဒေါစဲ၊ မဲဖျံ၊ ဘုရားဖြူနှင့် နောင်လုံ ကျေးရွာတွင် ကရင်နီတပ်မတော်များက တပ်ထိုင်ကြပြီး ကွန်နား၊ နန်းကွယ်၊ မဲဖျံအရှေ့ဖက် (ရွာပြင်)နှင့် ပွန်ချောင်းဘေးရှိ တောတွင် အစိုးရတပ်က အသီးသီး တပ်ထိုင်နေကြကြောင်း သိရပါသည်။

ယခင် အပစ်ခတ်ရပ်စဲရေး ကာလမတိုင်ခင်တွင် တီးလုံကျေးရွာအုပ်စုနှင့် ထီးစဲခါးကျေးရွာအုပ်စုအတွင်း မကြာခဏ ဆိုုသလိုု ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ခဲ့သည်။

ဓါတ်ပုံ - TikTok၊ ပေးပို့
January 13, 2026
စစ်ကော်မရှင်ကနေ ဦးစီးပြုလုပ်တဲ့ ( ၇၄ ) နှစ်မြောက် ကယားပြည်နယ်နေ့ပွဲကို ယမန်နေ့ ဇန်နဝါရီလ ၁၂...
ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )
January 12, 2026
ကရင်နီအမျိုးသားကောလိပ် (KnNC) ကျောင်းရဲ့ နှစ် ၃၀ ပြည့်အခမ်းအနားကို ဇန်နဝါရီလ ၁၀ ရက်နေ့နဲ့ ၁၁...
January 8, 2026
စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ၊ လွိုင်ကော်မြို့တွင်းမှာ ညမထွက်ရအမိန့်ကို ည ၉ နာရီကနေ...
January 8, 2026
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခအခြေအနေတွေကြောင့် ကရင်နီပြည်တွင်းက အမျိုးသမီးတွေဟာ...