ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့နယ်မှ မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့သို့ ဆက်သွယ်ထားသည့်လမ်းမကြီးပေါ်ရှိချောင်းဝတံတားသည် နှစ်စဉ်ရေမြှုပ်မှုဖြစ်ပေါ်ပြီးသွားလာရေးခက်ခဲနေသည့် အတွက် ပြန်လည်ပြုပြင်ပေးရန် လိုလားသည်ဟုဒေသခံများကကေအိုင်စီသို့ ပြောသည်။
ကြာအင်းဆိပ်ကြီးမြို့ခံကိုနိုင်လင်းအောင်က “ လမ်းမကြီးတစ်လျှောက်မှာချောင်းဝတံတားကအနိမ့်ဆုံးပဲ။ တံတားအုတ်ခုံအရှေ့ဘက်ဆိုရေရင်ဘတ်လောက်ရှိပြီးအလယ်မှာဆိုရေခါးလောက်ထိရှိတယ်။ ကားသေးတွေနဲ့ဆိုင်ကယ်တွေ လှေ၊ ဖောင်နဲ့ ကူးဖြတ်နေရတယ်။ ဆရာမတွေဆိုမဖြတ်ရဲဘူး။ ကျောင်းတွေ ပိတ်ထားရတယ်။ တံတားအရှေ့ဘက်ကရွာတွေနှစ်တိုင်းလှေနဲ့ စျေးလာဝယ်နေရတယ်။ သွားလာရအဆင်ပြေအောင် ပြန်ပြုပြင် ပေးစေချင်တယ်”ဟုသြဂုတ် ၂ဝ ရက်နေ့တွင် ကေအိုင်စီသို့ပြောသည်။
အဆိုပါ တံတားကို ပြီးခဲ့သည့် ၂၀၀၆ ခုနှစ်တွင် အလှူရှင် တစ်ဦးမှ လှူဒါန်းမှုဖြင့် ဒေသခံများစုပေါင်းလုပ်အားဖြင့် ကိုယ်ထူကိုယ်ထတည်ဆောက်ခဲ့ခြင်းဖြစ်ကာအရှည်ပေ ၃၀ ခန့်ရှိကာတံတားခံနိုင်ဝန် တန် ၆၀ မရှိသလိုနှစ်စဉ်ရေမြှုပ်ပြီးဒေသခံများ၏ ပညာရေး၊ ကျန်းမာရေ၊ လူမှုရေး၊ စီးပွားရေးကိစ္စများအခက်အခဲဖြစ်နေသည်ဟုထီ့ဖာထော်ရွာသားစောသာထူးကျော်ကကေအိုင်စီသို့ပြောသည်။
ကြာအင်းဆိပ်ကြီးမြို့နယ် လမ်းဦးစီးဌာနဦးစီးမှူး စောသိန်းဇော်ဌေးက “၂ဝ၁၈-၁၉ ဘတ်ဂျက်မှာချောင်းဝတံတားနဲ့ တံတားဦး နှစ်စင်းတင်ပြထားတယ်။ ရံပုံငွေအလိုက်ချပေးတာဆိုတော့ အခုထိပါမယ်ဆိုတာမသေချာဘူး။ ၂ဝ၁၉-၂ဝ၂ဝ ဘတ်ဂျက်နှစ်မှာပါလိမ့်မယ်။ လမ်းမကြီးတစ်လျှောက် အဲဒီတံတားနှစ်စင်းပဲကျန်တယ်။ လူထုတွေတော့ အခက်အခဲရှိတာပေါ့။ KNU လမ်းပန်းဆက်သွယ်ရေးဌာနကရောအစိုးရဌာနဆိုင်ရာတွေကလည်းဒီတံတားကိုဆောင်ရွက်ပေးဖို့ ဝန်ကြီးချုပ်လာတုန်းကတောင်းဆိုထားတယ်” ဟုသြဂုတ် ၂ဝ ရက်နေ့တွင် ကေအိုင်စီသို့ပြောသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်ဝင်းရော်မြစ်နှင့် ဇမိမြစ်ကြားကျေးရွာအများစုဖြစ်သည့် သံပုရာဆိပ်ကမ်း၊ ကွမ်ကသောင်-တံခွန်တိုင်ဆိပ်ကမ်းနှင့် မြို့အရှေ့ဘက်ရှိကတိုးကျေးရွာအုပ်စုများအနေဖြင့်လည်းနေ့စဉ်လှေဖြင့် ဇမိမြစ်ကိုဖြတ်ပြီး ကြာအင်းဆိပ်ကြီးမြို့သို့ သွားလာနေရသည့်အတွက် တံတားလိုအပ်မှုရှိနေသည်ဟု မြို့နယ်တာဝန်ရှိသူများထံမှ သိရသည်။







