ကရင်ပြည်နယ်အတွင်း စက်သုံးဆီဈေးနှုန်း အဆမတန်မြင့်တက်လာခြင်းနှင့် လျှပ်စစ်မီး ပုံမှန်မရရှိခြင်းတို့ကြောင့် ဖားအံနှင့် လှိုင်းဘွဲမြို့နယ်များတွင် ယခု ဧပြီလဆန်းပိုင်းမှစတင်ကာ ၂၀ လီတာ သောက်ရေသန့်တစ်ပုံးလျှင် ကျပ် ၂,၀၀၀ အထိ ဈေးမြင့်တက်သွားကြောင်း သောက်ရေသန့်လုပ်ငန်းများနှင့် သုံးစွဲသူများထံမှ သိရသည်။
ယခင်က ၂၀ လီတာဝင် ရေသန့်တစ်ပုံးလျှင် ၁,၅၀၀ ကျပ်ခန့်သာရှိခဲ့ရာမှ ဧပြီလ ၁ ရက်နေ့မှစတင်ကာ တစ်ပုံးလျှင် ၅၀၀ ကျပ်ခန့် ဈေးနှုန်း မြင့်တက်သွားခြင်းဖြစ်သည်။ ၁၂ ဘူးပါဝင်သည့် အသေးစား ရေသန့်ဘူးများမှာလည်း တစ်ကတ်လျှင် ကျပ် ၇၀၀ ခန့် ဈေးတက်သွားကြောင်း ဖားအံမြို့ခံတစ်ဦးက ယခုလို ပြောသည်။
“ဒီတစ်ရက်နှစ်ရက်အတွင်း တစ်ပုံး ၂,၀၀၀ တက်သွားတာ။ ရေသန့်စက်ရုံတွေဆိုလည်း မီးမလာရင် မီးစက်နဲ့ပဲ လည်ပတ်ရတယ်လေ။ ၁၂ လုံးပါတဲ့ ရေသန့်တစ်ကတ်ဆိုရင်လည်း ပြီးခဲ့တဲ့ နှစ်ရက် လောက်က ၄,၅၀၀ ပဲ ရှိသေးတယ်၊ အခု ၅,၂၀၀ ဖြစ်သွားပြီ” ဟု ကေအိုင်စီသို့ ပြောသည်။
လက်ရှိတွင် စက်သုံးဆီဈေးနှုန်းမှာ တစ်လီတာလျှင် ကျပ်တစ်သောင်းကျော်အထိ ပေါက်ဈေးရှိ နေသည်။ ဆီဆိုင်များတွင်လည်း အချိန်ကြာမြင့်စွာ တန်းစီဝယ်ယူနေရသဖြင့် သယ်ယူပို့ဆောင်ရေးနှင့် ရေသန့်လုပ်ငန်းသုံးပစ္စည်းများ ဈေးနှုန်းမြင့်တက်လာခြင်းကြောင့် ဈေးတက်ရခြင်းဖြစ်ကြောင်း ဖားအံအခြေစိုက် သောက်ရေသန့်စက်ရုံလုပ်ငန်းများထံမှ သိရသည်။
သောက်ရေသန့်လုပ်ငန်းကိုင်သူ အမျိုးသမီးတစ်ဦးက “လေးလပိုင်း ၁ ရက်နေ့က စတက်တာပါ။ ဆီဈေးတွေ တက်လို့ပါ” ဟု ကေအိုင်စီသို့ ပြောသည်။
ကရင်ပြည်နယ်တွင် ကိုယ်ပိုင်တံဆိပ် ကိုယ်ပိုင်လုပ်ငန်းဖြင့် ရေသန့်ထုတ်ကုန် ဖြန့်ဖြူးနေသည့် လုပ်ငန်း ၃၀ ခန့်ရှိသည်ဟု လုပ်ငန်းရှင်များထံမှ သိရသည်။ အဆိုပါ စက်ရုံများသည် မြို့အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ကားဖြင့်လှည့်လည်ကာ အိမ်တိုင်ရာရောက် ရေသန့်ဘူးများ ဖြန့်ဝေပေးကြပြီး လှည့်လည်ရောင်းချပေးလေ့ရှိကြသည်။
ထို့အပြင် နွေရာသီကာလ ရေတွင်းရေ ခန်းခြောက်မှုနှင့် မသန့်ရှင်းမှုတို့ကြောင့် ဒေသခံအများစုမှာ သောက်သုံးရေအတွက် ရေသန့်ကိုသာ အဓိက အားထားနေရသည်။ ယခုလို ရေသန့်ဘူးကြီးများပါ ဈေးတက်လာခြင်းကြောင့် မြို့ပေါ်ရပ်ကွက်နေ လက်လုပ်လက်စား အခြေခံလူတန်းစားများအနေဖြင့် အခက်တွေ့နေကြကြောင်း လှိုင်းဘွဲမြို့ခံ ဒေသခံတစ်ဦးက ပြောသည်။
၎င်းက “ရေတွင်းက ရှိပေမဲ့ အခုက နွေပိုင်း ရေတွေကလည်း ဟိုးအောက်ခြေထိ ရောက်နေပြီ မသန့်တော့ဘူး။ မြေနံ့လည်း နံတယ်။ မိုးတွင်းကျပြန်ရင်လည်း ရေနောက်တော့ ရေသန့်တွေ ဝယ်သုံးလိုက်ရတာ။ အခုလို အစစအရာရာ ဈေးတက်နေတော့ အခက်အခဲ တော်တော်ဖြစ်ရတယ်” ဟု ပြောသည်။
ကရင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲနှင့် နယ်စပ်ကုန်သွယ်ရေး ကန့်သတ်ချက်များကြောင့် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများ ဈေးမြင့်တက်နေဆဲ ဖြစ်သည့်အတွက် ဒေသခံများ၏ အခြေခံလူနေမှုဘဝ ရပ်တည်ရေးကိုပါ ထိခိုက်မှုရှိလာသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ဆိုသည်။







