UKSY ဗဟိုကော်မတီဝင် ကိုကျော်ထင်အောင်က “ကျနော်တို့သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့မှ လူငယ်များလည်း မဟုတ်ပါဘူး ကျနော်တို့သည် နိုင်ငံရေးကို စိတ်ပါဝင်စားသော နိုင်ငံရေးကို အခြေခံထားသော လူငယ်များပဲ ဖြစ်ပါတယ်။ အဲ့ဒီအပေါ် ကျနော်တို့ကို ရှုမြင်သုံးသပ်မှုတွေက ကျနော်တို့တွေသည် တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အဖွဲ့ဆိုတဲ့ သဘောထားသက်ရောက်အောင်ကို ရည်ရွယ်ချက်ရှိရှိရေးသားထားတဲ့အနေထားကို ကျနော်ကန့်ကွက်လိုတယ်” ဟု မေလ ၁၂ ရက်နေ့တွင် ကန္တာရဝတီတိုင်း(မ်)သို့ပြောသည်။
မေလ ၅ ရက်နေ့တွင် ကရင်နီပြည်လူငယ်များသမဂ္ဂ (UKSY) နှင့် ဒေသခံလူမှုအသင်းအဖွဲ့များက ပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
ဝန်ကြီးချုပ်နှင့် လာရောက်တွေ့ဆုံခဲ့ကြသည့် လူငယ်အဖွဲ့များထဲတွင် မည်သည့် လက်နက်ကိုင် အဖွဲ့စည်းများမှ ကျောထောက်နောက် ခံ လုပ်ထားခြင်းမရှိဘဲ လွတ်လပ်စွာ ရပ်တည်နေကြောင်းနှင့် ယခုကဲ့သို့ လူအများအထင်မြင် လွှဲမှားစေနိုင်သည့် အသုံးနှုန်းမျိုးကို လုံးဝမသုံးသင့်ကြောင်း ကယန်းမျိုးဆက်သစ်လူငယ် (KNGY) မှ ကိုဘုတ်ဘုတ်က ပြောသည်။
“အခုက လက်နက်ကိုင်အဖွဲ့မှလူငယ်များလို့ မရှင်းမရှင်းရေးထားတယ်။ တကယ်ဆို ဘယ်လက်နက်ကိုင်အဖွဲ့က လူငယ်မှမပါဘူး ရှင်းရှင်းလင်းလင်းရေးစေချင်တယ်။ လူအများအထင်လွှဲစေမယ့် အသုံးနှုန်းတွေ မသုံးစေချင်တာပေါ့” ဟု ကန္တာရဝတီတိုင်း(မ်) သို့ပြောသည်။
ကယားပြည်နယ်တွင်းရှိ လူငယ်အဖွဲ့များနှင့် ပြည်နယ်အစိုးရတို့ သုံးလတစ်ကြိမ် ပုံမှန်တွေ့ဆုံကြမှု ပြုလုပ်ခဲ့ကြပြီး လူငယ်အဖွဲ့များ၏ တင်ပြမှုများအပေါ် အလေးအနက်အထား ဖော်ဆောင်စေလိုကြောင်း ကိုကျော်ထင်အောင်က ဆိုသည်။
မေလ ၅ ရက်နေ့က ပြည်နယ်ဝန်ကြီးချုပ်နှင့် ကရင်နီပြည်လူငယ်များသမဂ္ဂများက ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆိုင်ရာများ၊ အမျိုးသမီးရေးရာဆိုင်ရာများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာများ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေး ခဲ့ကြခြင်းဖြစ်သည်။







