ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မိုးစဲကျွန်း သာရေးနာရေးအသင်း (စစ်တွေ) မှ အသင်းဝင် မိသားစုထဲမှ ၂၀၁၇-၂၀၁၈ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးရရှိသည့် ကျောင်းသူ ကျောင်းသားများကို ဆုချီးမြှင့်ပွဲ အခမ်းအနားကို ရခိုင်ပြည်နယ် စစ်တွေမြို့ အသောကာရုံ ကျောင်းတိုက်၌ ဇူလိူင် ၈ ရက် နံနက် ၉ နာရီခန့်က ပြုလုပ်ခဲ့သည်။
မိုးစဲကျွန်းသာရေးနာရေးအသင်းမှ ဂုဏ်ထူးရ ကျောင်းသူ ကျောင်းသားများအား ဆုချီးမြှင့်ခြင်းမှာ (၄) ကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။
အဆိုပါနေ့တွင် ၀ါဆိုသင်္ကန်း ကပ်လှူခြင်း၊ အသင်း၏ ၁၈ နှစ်မြောက် သင်းလုံးကျွတ်နှစ်ပတ်လည် အစည်းအဝေးကျင်းပခြင်းတို့ကိုလည်း အတူပြုလုပ်ခဲ့ကြသည်။
ဆုချီးမြှင့်ရာတွင် စစ်တွေမြို့ ရွာကြီးတောင်ရပ်ကွက်နေ ဦးအောင်နိုင်၏ သမီး ၆ ဘာသာ ဂုဏ်ထူးရှင် မချောလဲ့လဲ့ခင်၊ ဘောက်သီးစုရပ်ကွက်နေ ဦးဦးဆန်းနိုင်၏သား ၅ ဘာသာ ဂုဏ်ထူးရှင် မောင်ထွန်းအောင်ခိုင်၊ ရသေ့တောင်မြို့နယ် ကူတောင်ကျေးရွာမှ ဦးထွန်းထွန်းလင်း၏ သမီး ၄ ဘာသာဂုဏ်ထူးရှင် မရွှေအိမ်စံ တို့နှင့် အတူ ၂ ဘာသာဂုဏ်ထူးရှင် ၉ ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် ၈ ဦး၊ စုစုပေါင်း ၂၀ ဦးတို့ကို ဆုချီးမြှင့်ခဲ့သည်။
ဆုချီးမြှင့်ရာတွင် ၆ ဘာသာ ဂုဏ်ထူးရှင် တစ်ဦးအတွက် ၁ သိန်းခွဲ ကျပ်၊ ၅ ဘာသာ ဂုဏ်ထူးရှင် တစ်ဦးအတွက် ၁ သိန်း ၂ သောင်းကျပ်၊ ၄ ဘာသာဂုဏ်ထူးရှင် တစ်ဦးအတွက် ၁ သိန်းကျပ်၊ ၂ ဘာသာဂုဏ်ထူးရှင် တစ်ဦးစီအတွက် ၅ သောင်းကျပ်နှင့် ၁ ဘာသာဂုဏ်ထူးရှင် တစ်ဦးစီအတွက် ၃ သောင်းကျပ် ချီးမြှင့်ခဲ့သည်ဟု သိရသည်။
“ထူးချွန်တဲ့ ကျောင်းသူကျောင်းသားတွေကို အသင်းရဲ့ မေတ္တာ စေတနာနဲ့ ဂုဏ်ပြုတာဖြစ်ပြီးတော့ အသင်းရဲ့ စည်းလုံးညီညွတ်မှု၊ အသင်းသူအသင်းသားအချင်းချင်း အပြန်အလှန် ချစ်ခင် တန်ဖိုး ထားမှုကို ဖော်ပြလိုတဲ့အတွက် ဒီလို ဆုချီးမြှင့်ခြင်းကို ပြုလုပ်ရတာဖြစ်ပါတယ်။ ဆုရသူတွေ အနေနဲ့လည်း အနာဂတ်မှာ ကိုယ့်ရပ်ရွာနဲ့ ရခိုင်ပြည်နယ်အတွက် နိုင်တဲ့ဘက်က အကျိုးပြု လုပ်ငန်းတွေကို လုပ်ကိုင်ပေးသွားကြပါလို့ တိုက်တွန်းလိုပါတယ်”ဟု အသင်း၏ နာယက တစ်ဦးဖြစ်သူ ဦးအောင်စံသိန်းက အခမ်းအနားတွင် ပြောကြားသွားခဲ့သည်။
၆ ဘာသာဂုဏ်ထူးရှင် မချောလဲ့လဲ့ခင်က နောင်အနာဂတ်တွင် မိုးစဲကျွန်းသာရေး နာရေး အသင်းတွင် အသင်းဝင်တစ်ဦးအဖြစ် နိုင်ရာဘက်က တာဝန်ကို ထမ်းဆောင်ပြီး၊ မိမိကျွန်းအတွက် အကျိုးပြုနိုင်အောင် ကြိုးစားသွာမည်ဖြစ်ကြောင်းနှင့် ၅ ဘာသာ ဂုဏ်ထူးရှင် မောင်ထွန်းအောင်ခိုင် က ဆရာဝန်တစ်ယောက် ဖြစ်လာပြီးနောက်ပိုင်း မိမိကျွန်းသူကျွန်းသားများ၏ အကျိုးနှင့် ရခိုင်ပြည်နယ်အ ကျိုးအတွက် တတ်နိုင်သလောက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိရဥ္စရာသတင်းဌာနသို့ ပြောကြားခဲ့သည်။
ရသေ့တောင်မြို့နယ် မိုးစဲကျွန်းတွင် ကျေးရွာပေါင်း ၂၄ ရွာရှိပြီး ဗုဒ္ဓဓာတ်တော်ကို တည်ထား ကိုးကွယ်သည့် ဦးဂင်းတော်စေတီနှင့် ဗုဒ္ဓခြေတော်ရာတည်ရှိသည့် ကျွန်းတစ်ကျွန်းဖြစ်ကြောင်း သိရှိရသည်။







