ဒေါက်တာအေးမောင်အား ၀ိိုင်းရံနေသူ စစ်တွေမှ ဦးအောင်သန်းဝေကို ရဲက ဖမ်းဆီးထိန်းသိမ်း လိုက်ပြီ ဖြစ်သည်။
ယမန်နေ့ (ဇွန်လ ၂၁) ည ၆ နာရီ ၂၅ မိနစ်က နိရဥ္စရာမှ ဖုန်းဖြင့် ဆက်သွယ်ရာ ဦးအောင်သန်းဝေမှ မိမိအား ဖမ်းဆီးထားခြင်းမှာ မှန်ကန်ကြောင်း၊ ယခုအမှတ်(၁) ရဲစခန်းသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ပြောကြားသည်။
ဦးအောင်သန်းဝေက “ ကျွန်တော်ကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ က လက်မှတ် ရေးထိုးပြီး တရားစွဲတာပါ။ ပုဒ်မက ၂ ခု ဖြစ်ပါတယ်။ တစ်ခုက ၆၆ (ဃ) အမှုတစ်ခု ဖြစ်ပါတယ်။ နောက်တစ်မူက နိုင်ငံသား ပုဂ္ဂိုလ်ရေးဆိုင်ရာ ဥပဒေပုဒ်မ ၁ဝကို ချိုးဖောက်တယ် ဆိုပြီး တရားစွဲဆို ပါတယ်။ ပုဒ်မ ၂ ခုပါ ပါတယ်” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
ဦးအောင်သန်းဝေ လမ်းတွင် သွားနေစဉ် စစ်တွေမြို့မ စခန်းမှူးနှင့် တွေ့ရာ သူ့အား တရားစွဲဆိုထားသည်ဟု ပြောကြောင်း၊ တရားစွဲဆိုထားသည်ဆို၍ ရဲစခန်းသို့ လိုက်လာခဲ့ကြောင်း၊ ယခု သူ့အား စစ်တွေမြို့နယ် တရားရုံးသို့ ယူဆောင်ရန် စီစဉ်နေသည်ကို မြင်တွေ့ရကြောင်း၊ ရမန်ယူပြီးနောက် စစ်တွေ အကျဉ်းထောင်သို့ ပို့ဆောင်မည် ဖြစ်ကြောင်း သူက ပြောကြားသည်။
“ ကျွန်တော်ကို ၆၆ (ဃ)နဲ့ စွဲတာကတော့ လူသတ်လက်နက်ကိုင်ဆောင်ထားသော ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ မြောက်ဦးလူသတ်မှု တရားခံ ဘယ်သူလဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ သူပုံရယ်၊ ကျွန်တော် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ တွေ့ဆုံခဲ့တဲ့ အချိန်မှာ ဗီဒီယို ရုပ်သံဖိုင်ရယ် ပူးတွဲပြီးတင်လိုက်တယ် ခင်ဗျား။ အဲဒါနဲ့ ကျွန်တော်ကို ၆၆( ဃ)နဲ့ စွဲပါတယ်” ဟု ဦးအောင်သန်းဝေ ပထမ တစ်မှုနှင့် ပတ်သက်ပြီး ရှင်းပြပြောဆိုသည်။
နောက်တစ်မူကိုလည်း သူက ယခုလို ရှင်းပြပြောဆိုသည်။
“ တရားရုံးမှာ ကျွန်တော်မေးခဲ့တယ်။ ဒေါက်တာ အေးမောင်ရဲ့ လျှောက်လဲချက် အားလုံးကို ပလပ်လိုက်တဲ့ အချိန်မှာ တရား ဥပဒေဆိုတာ စာအုပ်ထဲမှာဘဲရှိတယ်။ တရားဥပဒေအထက်မှာ ဘယ်သူရှိသလဲဆိုတာကို ပြည်ထောင်စု အစိုးရနဲ့ ပြည်နယ် အစိုးရကို မေးခွန်းထုတ်ချင်ပါတယ်လို့ တရားရုံးမှာ မေးခဲ့တယ်။ အဲဒီအပေါ်မှာ နိုင်ငံသား ပုဂ္ဂိုလ်ရေးဆိုင်ရာ ဥပဒေပုဒ်မ ၁ဝကို ချိုးဖောက် တယ်ဆိုပြီး တရားစွဲဆိုတယ်လို့ ထင်ပါတယ် ခင်ဗျား” ဟု ပြောဆိုသည်။
ဦးအောင်သန်းဝေမှာ လောလောဆယ်တွင် စစ်တွေမြို့မိ မြို့ဖ အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး ဒေါက်တာ အေးမောင် လွတ်မြောက်ရေးအတွက် ၀ိုင်းရံနေသူ တစ်ဦးဖြစ်ကြောင်း သိရှိရသည်။







