အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်” ဂျာနယ်မိတ်ဆက်ပွဲအခမ်းအနားနှင့် အသင်းမှ ပြုလုပ်ထားသည့် (၁၇) နှစ်မြောက် အာရက္ခတပ်တော်နေ့ အထိမ်းအမှတ် စာပေပြိုင်ပွဲ ဆုရကလောင်ရှင်များအား ဂုဏ်ပြုပွဲ အခမ်းအနားကို မေ ၂၀ ရက်နေ့တွင် အာရက္ခပြည်တစ်နေရာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို)မှ ကျင်းပသည့် အဆိုပါအခမ်း အနားသို့ စာရေးဆရာများ၊ကလောင် ရှင်များ၊ စာပေဝါသနာရှင်များ၊ရက္ခိုင် အမျိုးသားအဖွဲ့ချုပ် / အာရက္ခတပ်တော် (ULA/AA) မှ အကြီးအကဲများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ရပ်မိရပ်ဖများနှင့် စာရေးဆရာအသင်းဝင်များ စုစုပေါင်း ၅၀ ကျော် တက်ရောက်ခဲ့ကြသည်။
အခမ်းအနား၌ အာရက္ခပြည်စာရေး ဆရာအသင်း၏ ဥက္ကဋ္ဌ ဆရာနောင်အေးမှ "အာရက္ခသွီးချင်းဂျာနယ် ထုတ်ဝေရခြင်းနှင့် ပတ်သက်၍ ရည် ရွယ်ချက်နှင့် လုပ်ငန်းစဉ်များကို ရှင်း လင်းပြောကြားသည်။
ဆရာနောင်အေးက"အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ စစ်ရေး၊ နိုင်ငံရေး မူဝါဒတွေကို ပြည်သူတွေသိရှိနားလည်သဘောပေါက်စေဖို့အတွက် အသိပညာတွေ ဖြန့်ဝေပေးဖို့၊ အပြန်အလှန်အားဖြင့် အာရက္ခပြည်သူတွေရဲ့ ခံစားချက်နဲ့ အာရက္ခပြည်သူတွေရဲ့ အသံကို အာရက္ခပြည်သူ့အစိုးရက သိရှိနားလည်နိုင်ဖို့၊ အာရက္ခပြည်သူ့အစိုးရအနေနဲ့ ရက္ခိုင်ပြည်သူတွေရဲ့ အကျိုးစီးပွားကို အထိရောက်ဆုံး လုပ် ကိုင်ဆောင်ရွက်ပေးနိုင်ဖို့အတွက် ကျနော်တို့ရဲ့ အာရက္ခသွီးချင်းဂျာနယ်က ကြားခံမီဒီယာတစ်ခုအဖြစ် ဆောင်ရွက်သွားနိုင်ဖို့ရည်ရွယ်ချက်ထားရှိပါတယ်။ ဒီရည်ရွယ်ချက် ပေါက်မြောက်အောင်လည်း ကျနော်တို့ စာပေသမားတွေက အတတ်နိုင်ဆုံး လုပ်ကိုင်ဆောင်ရွက်သွားကြဖို့ သန္နိဋ္ဌာန်ချမှတ် ထားပါတယ်။ ရည်ရွယ်ချက်ကိုအကောင်အထည်ဖော်တဲ့အနေနဲ့ အသင်းရဲ့ ပထမဆုံး လုပ်ဆောင်ချက်ကတော့ အာရက္ခသွီးချင်းဂျာနယ်ကို အောင်အောင်မြင်မြင်နဲ့ ထုတ်ဝေနိုင်ခဲ့တာ ဖြစ်ပါတယ်" ဟု ပြောသည်။
အခမ်းအနားတွင် ကလောင်ရှင်များအပါအဝင် တက်ရောက်လာသူများအား အရက္ခသွီးချင်းဂျာနယ် အမှတ် (၁)ကို အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
ရက္ခိုင်ဘာသာဖြင့်ရေးသား၍ ၂၀၂၆၊ ဧပြီလ၌ စတင်ထုတ်ဝေထားခဲ့သည့် ဂျာနယ်အမှတ်(၁)တွင် အာရက္ခတပ်တော် ဒုတိယ တပ်မှူးချုပ် ဒေါက်တာညိုထွန်းအောင်မှ ဥယျောဇဉ်ရေးသားထားပြီး အဖွင့်ကဗျာ (၇)ပုဒ်၊ အတွင်း ကဗျာ (၄) ပုဒ်၊ ဆောင်းပါး (၁၀) ပုဒ်၊အက်ဆေး (၅)ပုဒ်၊ ဝတ္ထုတို (၂) ပုဒ်၊သတင်း (၆)ပုဒ် နှင့်ကာတွန်းများ ပါဝင်ကြောင်း တွေ့ရသည်။
အမှတ်(၁)ဂျာနယ်အား အာရက္ခပြည်အတွင်း မကြာခင်ကာလ၌ ဖြန်ချိသွားမည်ဖြစ်ကြောင်း အာရက္ခပြည်စာရေး ဆရာအသင်း(ဗဟို)၏ အတွင်းရေးမှူးဆရာဝေဟင်အောင်က ပြောသည်။
ဆရာဝေဟင်အောင်က" အာရက္ခသွီးချင်းဂျာနယ်ဟာ ဒီအာရက္ခပြည်မှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ဦးဆောင်ဦးရွက်ပြုမှုအောက်မှာ ပထမဦးဆုံး လွတ်လွတ်လပ်လပ် ထုတ်ဝေရတဲ့ ဂျာနယ်တစ်စောင် ဖြစ်ပါတယ်။ ဒါကြောင့် စာပေနဲ့ ဝေးကွာနေကြတဲ့ စာရေးဆရာတွေဘက်ကလည်း စာရေးဖို့ ကွင်းတစ်ကွင်း ဖြစ်လာသလို၊ ပြည်သူတွေဘက်ကလည်း ရက္ခိုင်စာ ပေ နဲ့ပတ်သက်လို့ လွတ်လွတ်လပ်လပ် ဖတ်ရှုခွင့်ရမယ့် ဒီဂျာနယ်ဟာဆိုရင် လုံးဝတန်ဖိုးရှိတဲ့ ဂျာနယ်တစ်စောင် ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်" ဟု ဆိုသည်။
၎င်းပြင်အခမ်းအနားတွင် ၂၀၂၆ ခုနှစ်၊ဧပြီလ(၁၀)ရက်နေ့တွင်ကျရောက် ခဲ့သည့် (၁၇) နှစ်မြောက် အာရက္ခတပ်တော်နေ့ အထိမ်းအမှတ်အဖြစ် အာရက္ခပြည်စာရေးဆရာအသင်း(ဗဟို)မှ ကြီးမှူးကျင်းပခဲ့သော စာပေပြိုင်ပွဲ၌ ဆုရရှိခဲ့သည့် ကလောင်ရှင်များအား ဆုငွေများနှင့် ဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်ခဲ့သည်။
အာရက္ခပြည်စာရေးဆရာအသင်းမှ ရက္ခိုင်ဘာသာစကားဖြင့်ပုံနှိပ်ထုတ်ဝေဖြန့်ချိမည့် အာရက္ခသွီးချင်း ဂျာနယ်တွင် ရက္ခိုင်နှင့် ရက္ခိုင်မျိုးနွယ်စုများ၏ ယဉ်ကျေးမှုဆိုင်ရာများ၊ရက္ခိုင်သမိုင်းဆိုင်ရာများ၊ အာရက္ခပြည်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်၊ ပညာရေး၊ နိုင်ငံရေး၊ စစ်ရေး၊ ကဗျာ၊ ဝတ္ထု၊ အက်ဆေး၊ သတင်းဆောင်းပါးနှင့် ကာတွန်း စသည့် ကဏ္ဍစုံ ပါဝင်ကြောင်း သိရသည်။
ရခိုင်စာရေးဆရာများ၊ကလောင် ရှင်များ၊ စာပေဝါသနာရှင်များအနေဖြင့်လည်း ကဗျာ၊ ဝတ္ထု၊အက်ဆေး၊ ဆောင်း ပါး၊ ကာတွန်း၊ ဘာသာပြန် စသည့်ဖြင့် ကဏ္ဍစုံစာမူများကို ရက္ခိုင်ဘာသာဖြင့် ရေးသားပေးပို့ချီးမြှင့်ကြပါရန်လည်း အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ အလေးအနက် ဖိတ်ခေါ်ထားကြောင်း သိရသည်။







