ခိုင်လူလှ (ရိုးမမြေ) — သီရိလင်္ကာနိုင်ငံမှ ရခိုင်ရဟန်းတော်တစ်ပါးနှင့် သီလရှင်တစ်ပါးတို့သည် စာပေပါရဂူ ဒေါက်တာ (Ph.D.) ရရှိခဲ့ကြောင်း သတင်းရရှိသည်။
သီရိလင်္ကာနိုင်ငံ University of Kelaniya မှ ဒေါက်တာဘွဲ့ရရှိခဲ့သောရဟန်းတော်နှင့် သီလရှင်မှာ ကျောက်တော်ဇာတိ အရှင်ဝရဝံသနှင့်ရသေ့တောင်မြို့ဇာတိ ဆရာလေးဒေါက်တာ ဉာဏဝတီတို့ဖြစ်ကြောင်း သိရှိရသည်။
အရှင်ဝရဝံသသည်သီရိလင်္ကာနိုင်ငံမှ (Ph.D.) ပြီးမြောက် အောင်မြင်တော်မူသော (၁၄) ပါးမြောက် ရခိုင်ကျောင်းသားရဟန်းတော်ဖြစ်ပြီး မြန်မာရဟန်းတော်များအနက်(၆၁)ပါးမြောက်ဒေါက်တာဘွဲ့ရ ရဟန်းတော်ဖြစ်လာခဲ့သည်။
သီလရှင်မှာ ဆရာလေး ဒေါက်တာ ဉာဏဝတီမှာ(၁၅) ပါးမြောက် ရခိုင်ကျောင်းသားရဟန်းတော်များအနက် ပထမဦးဆုံးသော ရခိုင်ကျောင်းသား သီလရှင်တပါးဖြစ်ပြီး၊ မြန်မာရဟန်းတော်များအနက်(၆၂)ပါးမြောက်ဒေါက်တာဘွဲ့ရ သီလရှင်ဖြစ်ကြောင်းသိရသည်။
(အရှင်ဝရဝံသအကြောင်း)
ဤအရှင်သည် ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ်၊ ရွာမပြင်ကျေးရွာ၊ ခမည်းတော် ဦးမောင်စံညွန့်၊ မယ်တော်ဒေါ် ခိုင်သိန်းနုတို့မှ ၁၃၅၂ (၁၉၉၁ ) ခုနှစ်တွင် မွေးဖွားသော သားကြီးရတနာဖြစ်သည်။
၂၀၀၂ (၁၃၆၃) ခုနှစ်တွင် ရွာမပြင်တောင်ကျောင်း ဆရာတော် ဘဒ္ဒန္တသုဝဏ္ဏကို ဥပဇ္စျာယ်ပြု၌ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့သည်။
၂၀၁၀ခုနှစ်တွင် အင်းစိန်မြို့နေ ရဟန်းဒါယကာ ဦးဝင်းမြင့်မောင်၊ ရဟန်းဒါယိကာမ ဒေါ်ငွေဇာလှ၊ သမီးမငွေကြေးမုံ၊မမြကြေးမုံ မိသားစုတို့၏ ပစ္စယာနုဂ္ဂဟဒါယကာ ခံယူ၍ အင်းစိန်မြို့၊ ရတနာဗောဓိဆရာတော်ကြီး ဘဒ္ဒန္တတိက္ခိန္ဒြိယ ကို ဥပဇ္စျာယ်ပြုကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သည်၊
၂၀၂၀ ခုနှစ်တွင် ကျောက်တော်မြို့နေ ရဟန်းဒါယကာ ဦးသိန်းဇော်၊ ရဟန်းဒါယိကာမ ဒေါ် နွဲ့နွဲ့သန်း၊ သမီး အငယ်မ မိသားစု (သိန်းဇော်ဆေးဆိုင်) မှ ပုနောပသမ္ပဒါ ကံထပ်(သိက္ခာထပ်)မင်္ဂလာပြုလုပ်ခဲ့သည်၊
ပထမငယ်တန်းကို 'ရွာမပြင်တောင်ကျောင်း'မှလည်းကောင်း၊ ပထမလတ်တန်းကို ရန်ကုန်၊တာမွေမြို့ ''အောင်မြေဗောဓိဓမ္မရိပ်သာ အလိုတော်ပြည့်ကျောင်းတိုက်''မှ လည်းကောင်း၊ ပထမကြီးတန်းကို (ပါဠိဘာသာဖြင့်) မြောက်ဒဂုံမြို့ အောင်မြေရတနာပရိယတ္တိစာသင်တိုက်မှလည်းကောင်း၊ သာသနဓဇဓမ္မာစရိယဘွဲ့ကို မန္တလေးမြို့ ရမ္မာဝတီ တိပိဋကဓရဆရာတော် တည်ထောင်သော ''တိပိဋကထိန်လင်းကျောင်းတိုက်''(2013)မှလည်းကောင်းအောင်မြင်ရရှိတော်မူသည် ။
ထို့အပြင် သီရိလင်္ကာနိုင်ငံ PGIPBS, University of Keliniya မှ M.A.ဘွဲ့ (2017)၊ University of Colombo မှ M.A.(2025) ဘွဲ့တို့ကိုရရှိပြီး "Postgratuade Institute of Pali and Buddhist Studies (PGIPBS), University of Kelaniya'' မှ "A Critical Study of Buddhist Art in Arakan'' ခေါင်းစည်ဖြင့် Ph.D. ကျမ်းစာကို ရေးသားပြီး (22, 05, 2026) တွင် နောက်ဆုံး နှုတ်ဖြေ (Viva Voce) စာမေးပွဲကို အောင်မြင်စွာ ဖြတ်ကျော်၍ စာပေပါရဂူ ဒေါက်တာ (Ph.D.) ဘွဲ့ကို ထိုက်ထိုက်တန်တန် ရရှိတော်မူသည်။
(ဒေါက်တာ ဉာဏဝတီအကြောင်း)
သီရိလင်္ကာနိုင်ငံမှ ပထမဆုံးမြန်မာသီလရှင်များထဲက ဒေါက်တာဘွဲ့ရ ရခိုင်ဆရာလေးဖြစ်သည်။
ဒေါက်တာ ဉာဏဝတီသည် (၂၂ မေ၂၀၂၆) တွင် နောက်ဆုံး နှုတ်ဖြေ (Viva Voce) စာမေးပွဲကို အောင်မြင်စွာ ဖြတ်ကျော်၍ စာပေပါရဂူ ဒေါက်တာ (Ph.D.) ဘွဲ့ကို ရရှိတော်မူပါသည်။
ဆရာလေးသည်ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၊ အရှေ့တောင်ရပ်ကွက်၊ စည်ပင်သာလမ်း၊ ခမည်းတော် ဦးအောင်ကျော်ဇံ၊ မယ်တော်ဒေါ် နှင်းအောင်စိန်တို့မှ ၁၃၃၁ (၁၉၆၉) ခုနှစ်တွင် မွေးချင်း ၅ ယောက်အနက် ဒုတိယ မြောက် ဖြစ်ပြီး အကြီးဆုံးသမီး လည်းဖြစ်သည်။
၁၉၉၇ တွင် B.A (Geography)ဘွဲ့ ကို အောင်မြင်ခဲ့ပါသည်၊ ၁၉၉၈ တွင် ရန်ကုန်၊ ရန်ကင်း ဆရာအတတ်သင်ကောလိပ်တက်ရောက်အောင်မြင်ခဲ့ပါသည်။ ၂၀၀၁ နှစ်တွင် B.Ed. ဘွဲ့ ကိုလည်း အထူးအောင်မြင်ခဲ့ပါသည်။
၁၉၈၉-၉၇ ထိ မူလတန်းပြဆရာမအဖြစ်၊ ၁၉၉၇-၂၀၀၁ အလယ်တန်းပြဆရာမအဖြစ်၊ ၂၀၀၁-၂၀၀၅ ထိ အတက်တန်းပြဆရာမ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။
၂၀၁၀ အောက်တိုဘာလ ၁၀ရက်နေ့ တွင် အလိုတော်ပြည့်ဆရာတော်ကြီး ဒေါက်တာအရိယာဝံသ ကို ဥပဇ္စျာယ်ပြု၍ ရန်ကုန်၊တာမွေမြို့ ''အောင်မြေဗောဓိဓမ္မရိပ်သာ အလိုတော်ပြည့်ကျောင်းတိုက်'' ၌ သီလရှင် အဖြစ်သို့ ရောက်ရှိခဲ့သည်။
၂၀၁၄ တွင် Diploma ဘွဲ့၊ ၂၀၁၆ တွင် B.Aဘွဲ့၊ ၂၀၂၀ တွင် M.A ဘွဲ့ တို့ကို အပြည်ပြည်ဆိုင်ရာထေရဝါဒ သာသနာပြု တက္ကသိုလ် (International Theravāda Buddhist Missionary University)၊ ရန်ကုန် မှ ပြီးစီးအောင်မြင်ခဲ့ပါသည်။
ထို့အပြင် သီရိလင်္ကာနိုင်ငံ "Postgraduate Institute of Pali and Buddhist Studies (PGIPBS), University of Kelaniya မှလည်း M.A.ဘွဲ့ (၂၀၁၉) ၌ ပြီးစီးအောင်မြင်ခဲ့ပါသည်။
ထိုတက္ကသိုလ် မှာပင် “An Analytical Study of Yathābhūtañāṇadassana in Theravāda Buddhism.” ခေါင်းစည်ဖြင့် Ph.D. ကျမ်းစာကို ရေးသားပြီး (22, 05, 2026) တွင် နောက်ဆုံး နှုတ်ဖြေ (Viva Voce) စာမေးပွဲကို အောင်မြင်စွာ ဖြတ်ကျော်၍ စာပေပါရဂူ ဒေါက်တာ (Ph.D.) ဘွဲ့ကို ရရှိတော်မူပါသည်။
ရဟန်းတော်ဒေါက်တာအရှင်ဝရဝံသနှင့် ဆရာလေးဒေါက်တာ ဉာဏဝတီတို့ မဆုတ်နစ်သော ဇွဲလုံ့လ၏ အသီးအပွင့်အတွက် ရခိုင်ကျောင်းသား ရဟန်းတော်များအဖွဲ့အနေဖြင့် လှုက်လှဲစွာ ဂုဏ်ပြု မှတ်တမ်းတင်ထားကြောင်း ဖော်ပြထားသည်။
Ref and Photo: ရခိုင်ကျောင်းသားရဟန်းတော်များကိုလံဘိုမြို့၊ သီရိလင်္ကာ







