မာန်အောင်လေယာဉ်ကွင်းတွင် စစ်ဆေးရေးဂိတ်တစ်ခုတိုးချဲ့ချ

မာန်အောင်လေယာဉ်ကွင်းတွင် စစ်ဆေးရေးဂိတ်တစ်ခုတိုးချဲ့ချ

ဆောင်းဦးမာန် — ရခိုင်ပြည်၊မာန်အောင်မြို့၊ စမုံတဲ လေယာဉ်ကွင်းကို လုံခြုံရေးတိုးမြှင့်ပြီး လေယာဉ်ကွင်းအနီးတွင်စစ်တပ်စစ်ဆေးရေးဂိတ်တစ်ခုကို စစ်သားအများအပြားဖြင့် တိုးချဲ့ချထားသည်ဟု သတင်းရရှိသည်။

ကိုယ်တိုင်မြင်တွေ့ခဲ့ရသူ တစ်ဦးက  “ဟိုတစ်နေ့က မြို့ကိုဈေးသွားဝယ်တဲ့ အချိန်မှာ လေယာဉ်ကွင်း အနီးက လမ်းထက်မှာ စစ်တပ်ဝတ်စုံဝတ်ဆင်ထားသူနဲ့ အပြာရောင်ယူနီဖောင်း ဝတ်ထားသူတွေ စုစုပေါင်း ၂၀ ယောက်လောက် မြင်လိုက်ရလို့ လန့်သွားတယ်။ အဲဒီမှာ ဂိတ်တစ်ခုချထားတာတွေ့တော့  ရှေ့ဆက်သွားရမလား ပြန်ဆုတ်လာရမလားလို့တောင်ဖြစ်သွားတာ” ဟု နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။

ယခု စစ်ဆေးရေးဂိတ် တစ်ခု ချထားသော နေရာသည် မြတ်မချောင်ကျေးရွာ၏လမ်းမပေါ်တွင် ဖြစ်ပြီး ၎င်းနေရာသည် မာန်အောင်ကျွန်း၏ ကြားဖြတ်လမ်းတစ်ခုဖြစ်သည်ဟု ဆိုသည်။

“ ဒီဂိတ်ကပထမဆုံးအကြိမ်လာဖွင့်တာပါ။  ဒီလမ်းမှာက အရင်က ဂိတ်စခန်းချထားတာမျိုးတစ်ခါမှ မတွေ့ဖူးဘူး။  အခုမှမြင်တော့ ဒေသခံတွေက လန့်နေကြတယ်။  အထူးသဖြင့် လူငယ်တွေပိုပြီး စိုးရိမ်နေကြတာပေါ့” ဟု နောက်ထပ်ဒေသခံတစ်ယောက်မှလည်း ပြောသည်။

ယခုကဲ့သို့၂၀၂၆ ခုနှစ် ဧပြီ ၂၄ ရက်နေ့ ရန်ကုန်နှင့် မာန်အောင်အကြား လေယာဉ်စတင်ပြန်လည် ပြေးဆွဲခဲ့ပြီးနောက် မြန်မာစစ်တပ်ကအင်အားအများအပြားဖြင့်ဂိတ်စခန်းချတစ်ခု ချထားခြင်း အပေါ်တစ်စုံတစ်ရာဒေသခံပြည်သူများအားအသိပေး ပြောဆိုထားခြင်းမရှိသေးဟု သိရသည်။

မည်သည့်အတွက်ကြောင့် ယခုလို ဂိတ်စခန်းချထားရသည်ကို မသိရသေးသဖြင့်  လမ်းသွားလမ်းလာ  ဒေသခံများမှာစိုးရိမ်တကြီးဖြစ်နေကြရသည်ဟု ပြောသည်။

ဒေသခံတစ်ဦးက “ လက်ရှိအချိန်အထိတော့တစ်စုံတစ်ရာစစ်ဆေးမေးမြန်းခြင်းမျိုးမရှိသေးဘူး။ ဒါပေမယ့် ခုလို စစ်သားတွေ ဂိတ်လာဖွင့်တော့ ဒေသခံတွေအကြား စိုးရိမ်မှုတွေရှိတာပေါ့” ဟု ပြောသည်။

မာန်အောင်မြို့နယ်သည် မြန်မာစစ်တပ်ကထိန်းချုပ်ထားသည့် မြို့ဖြစ်သလို လက်ရှိအချိန်ထိ တိုက်ပွဲလုံးဝ မဖြစ်ဖူးသေးသည့်ရခိုင်ပြည်ထဲက မြို့တစ်မြို့လည်းဖြစ်သည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသော်လည်း မာန်အောင်မြို့နယ်အတွင်းရှိ  ဘုရားစေတီများနှင့် အဆောက်အဦများတွင် စစ်တပ်က နေရာယူ စခန်းချထားကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

“ မြို့ပေါ်က စေတီတွေနဲ့ တခြားအဆောက်အဦတွေမှာ စစ်တပ်ကနေရာယူထားတာ တော်တော်တော့ ကြာနေပြီ။ အရင်တုန်းကတော့ မာန်အောင်မှာ စစ်သားတွေ ဒီလောက်အများကြီးမမြင်ဖူးဘူး။ အခု ၂၀၂၅- ၂၀၂၆ နှစ်တွေမှာ အရမ်းများလာတယ်။  လှုပ်ရှားမှုတွေလည်း အရမ်းများလာတယ်" ဟု မာန်အောင်စစ်ရေး စောင့်ကြည့်နေသူတစ်ဦးမှလည်း နိရဉ္စရာသို့ ပြောကြားခဲ့သည်။

မာန်အောင်တွင် ညအချိန် အာဏာသိမ်း မြန်မာစစ်တပ်မှ ကားများဖြင့် ညစဉ် ကင်းလှည့်မှုများ ရှိနေကြောင်း ၎င်းကထပ်လောင်းပြောထားခဲ့သည်။

ယခုလိုဂိတ်စခန်းချထားမှုသည်  မြန်မာစစ်တပ်က မာန်အောင်ကျွန်းနှင့် အနီးဆုံးဖြစ်သည့် ရမ်းဗြဲကျွန်းပေါ်မှ ကျောက်နီမော်၊ စနဲမြို့တို့ကိုရေကြောင်းမှစစ်ကြောင်းထိုးဝင်ရောက်ရန်လှုပ်ရှားနေသည့် အချိန်လည်းဖြစ်သည်။

လက်ရှိရခိုင်ပြည်အတွင်းရှိမြို့နယ်အားလုံးနီးပါးကို အာရက္ခတပ်တော် (AA) ကထိန်းချုပ်ထားပြီး မြန်မာစစ်တပ်ဘက်က မာန်အောင်၊ ကျောက်ဖြူနှင့် စစ်တွေသုံးမြို့နယ်ကိုသာထိန်းချုပ် ထားနိုင်သည်။

လက်ရှိ အာရက္ခတပ်တော်နှင့် အာဏာသိမ်း စစ်တပ်တို့အကြား စစ်တွေနှင့်ကျောက်ဖြူမြို့နယ်တို့၌တိုက်ပွဲများဖြစ်ပွားနေသည်။

May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...
Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...